တရုတ်ရှင်ကျန်းဒေသတွင် ဓားခုတ်မှုတစ်ခု ထပ်မံဖြစ်ပွား၊ ပြည်သူများ ပြန်လည်ခုခံမှုကြောင့် အကြမ်းဖက် ဓားသမား နှစ်ဦး သေဆုံး

ပို့စ်တင်ချိန် - 6/17/2014 01:03:00 PM



တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းရှိ အကြမ်းဖက်မှုများ မကြာခဏ ဖြစ်ပွားလျက်ရှိသော ရှင်ကျန်းအူဂါဒေသတွင် တနင်္ဂနွေနေ့က ဓားဖြင့် အကြမ်းဖက် တိုက်ခိုက်မှုတစ်ခု ဖြစ်ပွားခဲ့ပြီး သာမန်အရပ်သား ပြည်သူများ၏ ပြန်လည်ခုခံ တိုက်ခိုက်မှုကြောင့် အကြမ်းဖက်ဓားသမား နှစ်ဦး သေဆုံးသွားခဲ့သည်ဟု CNA သတင်းဌာနတွင် ဖော်ပြထားသည်။

ပြီးခဲ့သော တနင်္ဂနွေနေ့ ဒေသစံတော်ချိန် ညနေ ၅ နာရီ ၄၅ မိနစ်တွင် ဟယ်ချွမ်စီရင်စု ယင်ဘင်းလမ်းရှိ စစ်တုရင်ကစားရုံ တစ်ခုသို့ ဓားကိုင်ဆောင်ထားသော လူသုံးဦး ဝင်ရောက်လာပြီး ကစားရုံအတွင်းရှိ လူများအား တိုက်ခိုက်ခဲ့သည်။

သို့ရာတွင် ကစားရုံအတွင်းရှိ လူများက အချက်ပေး ခေါင်းလောင်းကို နှိပ်ကာ အနီးဝန်းကျင်ရှိ ဆိုင်များမှ ဆိုင်ရှင်များနှင့် လူများအား အကူအညီခေါ်ကာ ပြန်လည်ခုခံ တိုက်ခိုက်ခဲ့သည်။

ထိုကဲ့သို့ လူအများ၏ ဝိုင်းဝန်းတိုက်ခိုက်မှုကြောင့် ဓားသမား သုံးဦးအနက် နှစ်ဦး သေဆုံးခဲ့ပြီး တစ်ဦး ဒဏ်ရာရရှိခဲ့ကာ ဓားသမားများ၏ တိုက်ခိုက်မှုကြောင့် ဒေသခံလေးဦး ဒဏ်ရာရရှိခဲ့သည်။

တိုက်ခိုက်မှုဖြစ်ပြီး အချိန်အနည်းငယ် အကြာတွင် အခင်းဖြစ်ရာသို့ လက်နက်ကိုင် ရဲတပ်ဖွဲ့များ ရောက်လာပြီး ဒေသခံများ၏ အကူအညီဖြင့် ဓားဖြင့် တိုက်ခိုက်သူများကို ဖမ်းဆီး ခေါ်ဆောင်သွားခဲ့သည်။

ရှင်ကျန်းအူဂါ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ မြို့တော် ဝုလူမုချီတွင် အသေခံ အကြမ်းဖက်တိုက်ခိုက်မှု တစ်ခုကြောင့် လူ ၃၉ ဦး သေဆုံးခဲ့ရပြီးနောက်တွင် တရုတ်အာဏာပိုင်များက အကြမ်းဖက်မှုများကို ကာလရှည် စီမံချက်ဖြင့် နှိမ်နင်းသွားမည်ဟု ပြီးခဲ့သော လအတွင်းက ကတိပြု ပြောကြားခဲ့သည်။

ဧပြီလ ၃၀ ရက်နေ့က ရှင်ကျင်း အူဂါဒေသို့ တရုတ်သမ္မတ ရှင်ကျင့်ဖျင် လာရောက် လည်ပတ်စဉ်ကလည်း ဝုလူမုချီမြို့ ဘူတာရုံတစ်ခုတွင် အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး တစ်ဦး သေဆုံးကာ ၇၉ ဦးခန့် ဒဏ်ရာရရှိခဲ့သည်။

ထို့အတူ မတ်လအတွင်းကလည်း တရုတ်နိုင်ငံ အနောက်တောင်ပိုင်းရှိ ကူမင်းမြို့တွင် ဓားဖြင့် တိုက်ခိုက်မှုတစ်ခု ဖြစ်ပွားခဲ့ပြီး ၂၃ ဦး သေဆုံးကာ ၁၄၃ ဦးခန့် ဒဏ်ရာရရှိခဲ့သဖြင့် တရုတ်နိုင်ငံ၏ ၉၊ ၁၁ ဖြစ်ရပ်ဟု နိုင်ငံပိုင်သတင်းဌာနများက အမည်တပ်ခဲ့သည်။

ပြီးခဲ့သောနှစ်က ဘေဂျင်းမြို့ တိန်အန်းမင်ရင်ပြင်တွင် အသေခံကားဗုံးခွဲ တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး ကားအတွင်း လိုက်ပါလာသော လူသုံးဦး အပါအဝင် စုစုပေါင်း ၅ ဦး သေဆုံးခဲ့ပြီး ၄၀ ခန့် ဒဏ်ရာရခဲ့သည်။

The Voice Weekly