အစည်းအဝေးပြုလုပ်နေစဉ် အုပ်ချုပ်ရေးမှူး လက်သီးဖြင့်ထိုးခံရ

ပို့စ်တင်ချိန် - 6/17/2014 05:45:00 PM


ကိုတိုးကြီး| အင်္ဂါနေ့၊ ဇွန်လ ၁၇ ရက်၊ ၂၀၁၄ ခုနှစ်

အုပ်ချုပ်ရေးမှူးရုံးတွင် ကျေးရွာမီးလင်းရေး အစည်းအဝေး ပြုလုပ်နေစဉ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၏ မျက်နှာကို လက်သီးဖြင့် ထိုးခံခဲ့ရသည့် ဖြစ်စဉ်တစ်ရပ် ရွှေဘိုမြို့နယ်၊ ပိတ္တော ကျးရွာအုပ်စုတွင် ဖြစ်ပွာဲး့သည်ဟု မြို့နယ်ထွေအုပ်ရုံး တာဝန်ကျ အဖွဲ့ဝင်တစ်ဦးက ပြောသည်။

ကျေးရွာမီးလင်းရေး အစည်းဝေးပြုလုပ်နေစဉ် လက်သီးဖြင့် ထိုးခံရသည့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးမှာ ဦးသန်းထွန်းဝင်း ဆိုသူဖြစ်ပြီး လက်သီးဖြင့် ထိုးခံရသည့်အတွက် နဖူးတွင် ပေါက်ပြဲဒဏ်ရာများ ရရှိခဲ့သည် ဟု မြို့နယ်ထွေအုပ်ရုံး၏ ရပ်ကျေးနေ့စဉ် ထူးခြားဖြစ်စဉ်များတွင် ဖော်ပြထားသည်။

ပိတ္တောကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူးရုံးတွင် ဇွန်လ ၁၅ ရက်၊ ညနေ ၃နာရီအချိန်က ကျေးရွာမီးလင်းရေး အတွက် အုပ်စု၊ အုပ်ချုပ်ရေးမှူး ဦးသန်းထွန်းဝင်း၊ အုပ်စုစာရေး ဒေါ်သန်းသန်းဝင်း၊ ကျေးရွာဖွံ့ဖြိုးရေး နှင့် အထောက်အကူပြုအဖွဲ့ ဥက္ကဋ္ဌ ဦးမောင်ကိုနှင့် ရပ်မိ/ရပ်ဖများစုဝေး၍ အစည်းအဝေး ပြုလုပ်နေခဲ့သည်ဟု ဆိုသည်။

ထို့နောက် တစ်ရွာတည်းနေ ဦးမောင်စိုး၊ ဦးကျော်မင်းထွန်းဆိုသူ နှစ်ဦးရောက်ရှိလာရာမှ ကျေးရွာဖွံ့ဖြိုးရေး နှင့် ထောက်ကူပြုအဖွဲ့နှင့် ၎င်းတို့နှစ်ဦး စတင်စကားများခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် အုပ်စုအုပ်ချုပ်ရေးမှူး ဦးသန်းထွန်းဝင်းက ခိုက်ရန်မဖြစ်ပွားစေရန် ၀င်ရောက်ဖျန်ဖြေစဉ် ဦးမောင်စိုးဆိုသူက အုပ်စုအုပ်ချုပ်ရေးမှူး ၏ မျက်နှာကိုလက်သီးဖြင့် ထိုးခဲ့ခြင်းဖြစ်သည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

လက်သီးဖြင့် ထိုးနှက်ခြင်းခံရသော အုပ်စုအုပ်ချုပ်ရေးမှူးက ၎င်းကို လက်သီးဖြင့်ထိုးခဲ့သူကို ဥပဒေအရ အရေးယူဆောင်ရွက်ပေးရန် ရွှေဘိုမြို့မရဲစခန်းသို့ တရားလိုပြုလုပ်၍ တိုင်တန်းခဲ့ရာ ရွှေဘိုရဲစခန်းက (ပ) ၂၉၈/၂၀၁၄ ပြစ်မှုပုဒ်မ ၃၃၂ အရ အမှုဖွင့် ဆောင်ရွက်လျက် ရှိသည်။

Mizzima Burmese