ဗုံးထောင်ရန်ပြင်ဆင်နေစဉ် ပေါက်ကွဲ၍ နှစ်ဦးသေ၊ တစ်ဦး ဒဏ်ရာဖြင့်ထွက်ပြေး

ပို့စ်တင်ချိန် - 6/17/2014 01:02:00 PM




နမ့်ခမ်း၊ ဇွန် ၁၆- နမ့်ခမ်းမြို့နယ်အ တွင်း လူသုံးဦး ဗုံးထောင်ရန်ပြင်ဆင် နေစဉ် ပေါက်ကွဲမှုဖြစ်ပွားခဲ့သဖြင့် လူနှစ်ဦးသေဆုံး ခဲ့ကြောင်း နမ့်ခမ်း မြို့နယ်တွင် ဒေသလုံခြုံရေးအဖြစ် တာဝန်ယူဆောင်ရွက်နေသည့် လုံခြုံ ရေးတာဝန်ရှိသူတစ်ဦးက ပြောသည်။

ပေါက်ကွဲမှုမှာ ဇွန် ၁၅ရက်က နမ့်ခမ်းမြို့နယ်ရှိ နမ့်ခမ်း-မုံးဝီးကား လမ်းပေါ်၊ ဟိုနားကျေးရွာရှိ ဦးအိုက် လန်း ၅၂နှစ်(ဘ) ဦးတာနမ်ပို (ပလောင်/ ဗုဒ္ဓ)နေထိုင်သည့်နေအိမ်တွင် အိမ်ရှင် များမရှိခိုက် အမည်မသိလူစိမ်းသုံးဦး သည် ဖောက် ခွဲမှုပြုလုပ် ရာတွင် အသုံး ပြုသည့် မိုင်းများပြင်ဆင်ပြုလုပ်နေစဉ် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ပေါက်ကွဲမှု ကြောင့် အမည်မသိလူနှစ်ဦးသေဆုံး ခဲ့ကြောင်း၊ ကျန်တစ်ဦးမှာ ဒဏ်ရာများ စွာဖြင့် ထွက်ပြေးသွားကြောင်း အဆို ပါလုံခြုံရေးတာဝန်ရှိသူက အတည်ပြု ပြောဆိုသည်။

''ဖြစ်တဲ့အချိန်မှာ အိမ်ရှင်တွေ မရှိဘူး။ မွန်းလွဲ နှစ်နာရီကျော် လောက်မှာ ဖြစ်တာ။ မိုင်းထောင်တုန်း ပေါက်ကွဲ သွားပုံရတယ်''ဟု ပြောသည်။ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးနောက် ဒဏ်ရာများဖြင့် လူတစ်ဦးရွာအလယ် မှ ဖြတ်ပြေးသွားသည်ကို တွေ့ရှိခဲ့ရ ကြောင်း ဒေသခံများ၏ ပြောဆိုချက် ကို ကိုးကားပြီး အဆိုပါလုံခြုံရေးတာ ဝန်ရှိသူက ဒီမိုကရေစီတူဒေးသို့ ပြော သည်။

ကချင်ပြည်နယ်နှင့် ဆက်စပ်နေသည့် နမ့်ခမ်းမြို့နယ်အတွင်း ပလောင်အဖွဲ့အပြင် ကေအိုင်အေနှင့် အခြားလက်နက်ကိုင်အဖွဲ့များလည်းရှိနေပြီး ပြည်သူ့စစ်အဖွဲ့များလည်းရှိသည်။ ဒေသတွင်းလုံခြုံရေး
အခြေအနေများကြောင့်တပ်မတော်မှ တပ်ရင်းတပ်ဖွဲ့များများက လုံခြုံရေးတာဝန်ယူပေးနေကြောင်း သိရသည်။

Democracy Today