ကမ္ဘာ့ဖလားရုပ်ပြောင်စတစ်ကာ Viber မှ အခမဲ့ရယူနိုင်

ပို့စ်တင်ချိန် - 6/17/2014 10:49:00 AM


ကမ္ဘာ့ဖလားဘောလုံးပွဲ အထိမ်းအမှတ်အနေဖြင့် ပါဝင်ယှဉ်ပြိုင်သော ဘောလုံးအသင်းများ၏စတစ်ကာရုပ်ပြောင်လေးများကို အခမဲ့ရယူနိုင်ရန် ဖန်တီးပေးလိုက်ပြီဖြစ်ကြောင်း Viber က သတင်းထုတ်ပြန်သည်။

‘‘ကမ္ဘာ့ဖလားဘောလုံးပွဲစဉ်တွေနဲ့အတူဖြစ်ပေါ်လာတဲ့စိတ် လှုပ်ရှားမှုတွေ၊ ပျော်ရွှင်မှုတွေကို ကမ္ဘာ့နိုင်ငံအသီးသီးမှာရှိကြတဲ့ မိတ်ဆွေသူငယ်ချင်းအချင်းချင်း လွတ်လပ်စွာအပျော်တွေကိုဖြန့်ဝေခံစားနိုင်ဖို့ Viber က အကောင်းဆုံးနည်းလမ်းတွေနဲ့ ပံ့ပိုးတဲ့ သဘောပါပဲ’’ဟုViber ၏ ထုတ်ကုန်ကိုယ်စားပြုအကြီးအကဲ Michael Shmilov ကပြောသည်။

Viber က ကမ္ဘာ့ဖလားပြိုင်ပွဲတွင်ပါဝင်ယှဉ်ပြိုင်သောနိုင်ငံ၃၂ နိုင်ငံ၏ဘာသာစကားနှင့် ယင်းတို့၏အလံများဖြင့်ပြုလုပ်ထားသည့်ရုပ်ပြောင်စတစ်ကာများကို ပြုလုပ်ပေးလိုက်ခြင်းဖြစ်ပြီး အဆိုပါစတစ်ကာများအနက် အချို့ကိုအခမဲ့ရယူနိုင်ပြီး အချို့ကိုငွေကြေးဖြင့်ဝယ်ယူနိုင်မည်ဖြစ်သည်။

Viber သည် မိုဘိုင်းဖုန်းများကိုအသုံးပြု၍ အင်တာနက်ကွန်နက်ရှင်(သို့မဟုတ်)ဝိုင်ဖိုင်ရှိရုံဖြင့် စာတိုများပေးပို့ခြင်း၊ဖုန်းခေါ်ဆို ခြင်း၊ အသံ Message များပေးပို့ခြင်း၊ ရုပ်ပြောင်စတစ်ကာများ၊ ဓာတ်ပုံဗီဒီယိုများ အပြန်အလှန် ပေးပို့နိုင်ခြင်းနှင့် တည်နေရာများ မျှဝေခြင်းတို့ကိုအခမဲ့ပြုလုပ်နိုင်ခြင်းကြောင့်နိုင်ငံတကာတွင်သာမက မြန်မာနိုင်ငံတွင်ပါ လူအများစုအသုံးပြုလျက်ရှိသော ဆော့ဖ်ဝဲတစ်ခုဖြစ်သည်။

ယခုအချိန်တွင် နိုင်ငံပေါင်း ၁၉၃ နိုင်ငံမှ Viber ဆော့ဖ်ဝဲကို အသုံးပြုသူဦးရေမှာ သန်း ၃၀၀ ကျော်ရှိနေပြီဖြစ်သည်။

7day daily