ကမ္ဘာ့ဖလားပြိုင်ပွဲကို ဘရာဇီးပြည်သူတွေ မုန်းတီးနေကြခြင်း အကြောင်းတရားများနောက်ကွယ်…

ပို့စ်တင်ချိန် - 6/17/2014 05:48:00 PM


ဝေဘုန်းလူ
ပြည်သူတွေရဲ့ ဆန္ဒပြမှုတွေ၊ ဆင်းရဲချမ်းသာ မညီမျှမှုတွေ၊ အားကစားကွင်းအချို့ အဆင်သင့်မဖြစ် သေးမှုတွေကြားက ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲကြီးကို ဘရာဇီးနိုင်ငံက လက်ခံကျင်းပနေပြီဖြစ်ပါတယ်။



ဘရာဇီး နိုင်ငံအနေနဲ့ ဖွင့်ပွဲကျင်းပတဲ့ အားကစားကွင်းကြီးအတွင်းမှာ တောက်ပခမ်းနားမှုတွေကို ပြသနေစဉ်မှာပဲ ရီယို ဂျနေရိုးမြို့ရဲ့လမ်းမများထက်က ပုံရိပ်တစ်ချို့ကတော့ ဆန့်ကျက်ဘက်အသွင် ဖော်ညွှန်းလျှက်ရှိနေကြပါတယ်။ Getty Images က ဓါတ်ပုံဆရာ မာရီယိုတာမာက ဒီပုံရိပ်တွေကို ဆောင်ကျဉ်းလာခဲ့တာပါ။


သူကတော့ လွန်ခဲ့ တဲ့ လအနည်းငယ်လောက်ကတည်းက ဘရာဇီးနိုင်ငံတွင်းကြိုတင်ရောက်ရှိနေခဲ့ပြီး ရီယိုဒီဂျနေးရိုးမြို့ရဲ့ အပေါ်ယံခြုံထည်အောက်က ပုံရိပ်တွေကို ရှာဖွေနေခဲ့ပါတယ်။ ပြီးတော့ ရီယိုဒီဂျနေးရိုးရဲ့ ခရက်ကိုလန်ဒီးယား (အဓိပ္ပါယ်ကတော့ အက်ကြောင်းထင်နယ်မြေ သို့မဟုတ် မူးယစ်မြို့တော်)ဆိုပြီး သူ့ရဲ့ဓါတ်ပုံတွေကို ခေါင်းစဉ် တပ်လေ့ရှိပါတယ်။

အများအားဖြင့်ပြောနေကြတာကတော့ ကမ္ဘာ့ဖလားလို နိုင်ငံတကာပြိုင်ပွဲကြီးတွေက ဖွံ့ဖြိုးဆဲဒေသ အတွက် နိုင်ငံခြားသားဧည့်သည်တွေ လှိုင်းလုံးလို လှိမ့်ဝင်လာစေမယ်၊ အခြေခံအဆောက်အဦတွေ ဖြစ်တည် လာစေမယ်၊ စီးပွားရေးတိုးတက်လာစေမယ်ဆိုပြီး တော့ပြောနေကြတာပါ။ ဒါပေမယ့် လက်တွေ့မှာတော့… ရုရှ နိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပတဲ့ ၂၀၁၄ ဆိုချီအိုလံပစ်ပြိုင်ပွဲအတွက် ဒေါ်လာ ၅၀ ဘီလီယံ အကုန်ကျခံ တည်ဆောက်ခဲ့ရတဲ့ ဆိုချီဆောင်းရာသီ အပမ်းဖြေစခန်းဟာ နောင်ဘယ်တော့မှ အိုလံပစ်ပြိုင်ပွဲတုန်းကလောက် လာရောက်တဲ့ လူဦးရေ များလာဖို့ မရှိနိုင်ဘူးဆိုတဲ့အချက်ကို ဝေဖန်သူတွေက အခိုင်အမာထောက်ပြခဲ့ကြပါ တယ်။


ဘောလုံးအားကစားဟာ ဘရာဇီးနိုင်ငံအတွင်းမှာ ဘုရင်တစ်ဆူလို မင်းမူနေပြီး တစ်ခြားနိုင်ငံတွေထက် ကမ္ဘာ့ဖလားဗိုလ်စွဲတဲ့အကြိမ် ပိုများသည့်တိုင်အောင် ဘရာဇီးပြည်သူ သန်းပေါင်းများစွာကတော့ ဘောလုံးကို နှစ်မြို့နိုင်ခြင်းမရှိတော့ဘဲ လွန်ခဲ့တဲ့တစ်နှစ်ကျော်ကစပြီး ဆန္ဒဖော်ထုတ်မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ အများစုက တော့ ပြိုင်ပွဲကြောင့် ပြည်သူ့ဘဏ္ဍာတွေဟာ လာဘ်စားတဲ့ နိုင်ငံရေးသမားတွေလက်ထဲ၊ အိမ်ခြံမြေလုပ်ငန်းတွေ၊ ဟိုတယ်အုပ်စုတွေ၊ လမ်းဘေးပြည့်တန်ဆာတွေနဲ့ ပြိုင်ပွဲကိုဦးဆောင်ကျင်းပနေတဲ့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာ လက်ထဲရောက်သွားတယ်လို့ နားလည်နေကြပါတယ်။ ၂၀၁၀ ကမ္ဘာ့ဖလားပြိုင်ပွဲကို ဒေါ်လာ ၃.၉ ဘီလီယံ သုံးစွဲ ပြီးလက်ခံကျင်းပခဲ့တဲ့ တောင်အာဖရိကနိုင်ငံရဲ့စီးပွားရေး အခြေအနေကအခုထိ ပြန်လည်ဦးမော့မလာသေးချိန် မှာ ဘရာဇီးကတော့ တောင်အာဖရိက နိုင်ငံထက် အသုံးစရတ် သုံးဆနီးပါး ပိုမိုသုံးစွဲထားပါတယ်။

ဓါတ်ပုံဆရာ တာမာရိုက်ကူးထားတဲ့ ပုံတွေမှာ ဆင်းရဲနွမ်းပါးမှု၊ တရားမမျှတမှု၊ ပဲ့ကျနေတဲ့ အခြေခံ အဆောက်အဦတွေ၊ ပြီးခဲ့တဲ့ ရကသတ္တပတ်တွေအတွင်း ဆန္ဒပြခဲ့ကြတဲ့ အလုပ်သမား၊ ကျောင်းဆရာ/မ၊ လုံခြုံရေးဝန်ထမ်းနဲ့ တစ်ခြားသူတွေအပေါ် ကြမ်းတမ်းစွာဆက်ဆံတဲ့ ရဲတွေရဲ့အပြုအမူတွေကို ဖော်ထုတ်နိုင်ခဲ့ ပါတယ်။ ဖော်ပြပါ ပုံတွေကတော့ ဘရာဇီးနိုင်ငံရဲ့ လက်ရှိအနေအထားတစ်ချို့ကို ထင်ဟပ်စေတဲ့ ပုံတွေပဲ ဖြစ်ပါတယ်။ ဘရာဇီးနိုင်ငံဟာ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အသုံးစရိတ် ဒေါ်လာ ၁၁ ဘီလီယံ အကုန်ကျခံ သုံးစွဲထားပါတယ်။ ဒီနေရာမှာ နိုင်ငံတကာအဆင့် အားကစားပြိုင်ပွဲကြီးတွေကိုလက်ခံကျင်းပတဲ့ အိမ်ရှင်တွေ ရဲ့ကုန်ကျစရိတ်ကို ဗဟုသုတအနေနဲ့ ဖော်ပြပေးချင်ပါတယ်။ အကုန်ကျအများဆုံးကတော့ ဆိုချီအိုလံပစ်ပြိုင် ပွဲဖြစ်ပါတယ်။


နိုင်ငံတာအဆင့်ပြိုင်ပွဲကြီးများအတွက် အသုံးစရိတ်များ(ဒေါ်လာ)
၂၀၁၄ ဆိုချီဆောင်းရာသီအိုလံပစ်ပြိုင်ပွဲ (ရုရှ) ၅၁ ဘီလီယံ
၂၀၀၈ ပေကျင်းအိုလံပစ်ပြိုင်ပွဲ (တရုတ်) ၄၀ ဘီလီယံ
၂၀၀၄ အေသင်အိုလံပစ်ပြိုင်ပွဲ (ဂရိ) ၁၅ ဘီလီယံ
၂၀၁၂ လန်ဒန်အိုလံပစ်ပြိုင်ပွဲ (အင်္ဂလန်) ၁၄.၂ ဘီလီယံ
၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲ (ဘရာဇီး) ၁၁ ဘီလီယံ
၂၀၁၀ ဗန်ကူဗာဆောင်းရာသီအိုလံပစ်ပြိုင်ပွဲ (ကနေဒါ) ၆ ဘီလီယံ
၂၀၀၀ ဆစ်ဒနီအိုလံပစ် (သြစတြေးလျ) ၄.၈ ဘီလီယံ
၂၀၁၀ ကမ္ဘာ့ဖလား (တောင်အာဖရိက) ၄ ဘီလီယံ
၂၀၀၆ ကမ္ဘာ့ဖလား (ဂျာမနီ) ၁.၆ ဘီလီယံ
တို့ဖြစ်ကြပါတယ်။

ဒီအသုံးစရိတ်စာရင်းကိုကြည့်ရင်တော့ ဘရာဇီးကမ္ဘာ့ဖလားက ဆိုချီဆောင်းရာသီအိုလံပစ်နဲ့ ပေကျင်း အိုလံပစ်ပြိုင်ပွဲ အသုံးစရိတ်နဲ့ယှဉ်လိုက်ရင် အသေးအဖွဲလောက်သာရှိတာမြင်ရမှာဖြစ်ပေမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲ တွေထဲမှာတော့ ကုန်ကျစရိတ်အများဆုံး ပြိုင်ပွဲဖြစ်လာနေပါတယ်။ ဘရာဇီးအစိုးရက ကြေညာခဲ့ရာမှာ ဒေါ်လာ ၃.၅ သန်းဟာ ကွင်းသစ်တွေတည်ဆောက်ဖို့နဲ့ ရှိပြီးသားကွင်းတွေ တည်ဆောက်ဖို့ သုံးစွဲခဲ့တယ်လို့ ဆိုပါတယ်။ ကျန်တဲ့အသုံးစရိတ်တွေကတော့ အခြေခံအဆောက်အဦတွေ တည်ဆောက်ရာမှာ ကုန်ကျခဲ့တာပါ။


ဘရာဇီး သမ္မတ ဒီလ်မာရူဆက်ဖ်က သုံးနှစ်အတွင်း အားကစားကွင်းတွေတည်ဆောက်ဖို့ တိုင်းပြည်ရဲ့ ကျန်းမာရေးနဲ့ ပညာရေး အသုံးစရိတ်ထက် ၂၁၂ ဆများပြားတဲ့ပမာဏကိုသုံးစွဲခဲ့ရတယ်လို့ မကြာမီမှ ကြေညာခဲ့ပါတယ်။ ဒီအချက်က ဆန္ဒပြ ပြည်သူတွေအဓိက ကိုင်စွဲခဲ့တဲ့အချက်ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်ကဆိုရင် ဘောလုံးကိုမလို ပညာရေးကိုသာ လိုပါတယ်လို့ အဓိပ္ပါယ်ရတဲ့ စာတမ်းတွေတောင် ကိုင်စွဲဆန္ဒဖော်ထုတ်ခဲ့ကြပါသေးတယ်။ နိုင်ငံတွင်းက ကျွမ်းကျင်သူတွေဟာ ဘရာဇီးနိုင်ငံအနေနဲ့ ကွင်းတွေအတွက် အသုံးစရိတ် ၁.၁ ဘီလီယံ ကုန်ကျနိုင်တယ်လို့ ခန့်မှန်းတွက်ချက်ခဲ့ကြပေမယ့် လက်တွေ့မှာတော့ ပိုမိုခဲ့ပါတယ်။


ပြိုင်ပွဲကပြန်ရလာမယ့် အကျိုးအမြတ်တွေကတော့ ခရီးသွားလုပ်ငန်းကနေ ဒေါ်လာ ၃.၀၃ ဘီလီယံ ရဖို့ ခန့်မှန်းထားပါတယ်။ ဒါ့အပြင် မီဒီယာနဲ့ ရုပ်သံထုတ်လွှင့်ရာကနေလည်း စံချိန်တင်အမြတ်စွန်းရဖို့ မျှော်လင့်နေပါ သေးတယ်။ ဒီပြိုင်ပွဲက ၂၀၁၆ ရီယိုအိုလံပစ်ပြိုင်ပွဲအတွက် ဘရာဇီးရဲ့ အကြိုပြင်ဆင်သုံးသပ်မှုတစ်ခုလည်း ဖြစ်လာပါလိမ့်မယ်။ အဓိက မေးခွန်းဖြစ်လာတာကတော့ နိုင်ငံတစ်နိုင်ငံအနေနဲ့ နှစ်နှစ်အတွင်း နောက်ထပ် အဓိက ပြိုင်ပွဲကြီးတစ်ခုအတွက် ဘယ်လောက်ထပ်မံ သုံးစွဲနိုင်မလဲ ဆိုတဲ့ အချက်ပါပဲ။ ဖွံ့ဖြိုးဆဲနိုင်ငံတစ်နိုင်ငံ ဖြစ်တဲ့ ဘရာဇီးရဲ့ လမ်းမတွေအပေါ်မှာတော့ တစ်ချို့သော ဘ၀တွေဟာ ခက်ခဲကြမ်းတမ်းနေဆဲပါပဲ။

ကိုးကား animalnewyork, businessspectator
Mizzima Burmese