ပွဲကြမ်းသွားခဲ့တဲ့ မဟာသန္တိသုခ ဘာလဲ၊ ဘယ်လဲ

ပို့စ်တင်ချိန် - 6/17/2014 08:10:00 PM


မဟာသန္တိသုခကျောင်းတော်ကြီးက သံဃာတော်တွေကို  ဇွန် ၁၁ ရက်ညဘက်မှာ
သက်ဆိုင်ရာရဲတပ်ဖွဲ့နဲ့ နိုင်ငံတော် သံဃမဟာနာယကတို့က
ခေါ်ဆောင်သွားခဲ့ပါတယ်။ ပြီးတော့ သာသနာရေးဝန်ကြီးဌာနက သံဃာတော်ငါးပါးကို
လူဝတ်လဲခိုင်းပြီး အင်းစိန်ထောင်သို့ပို့ဆောင်ခဲ့ပြီးတော့
သာသနာတော်ညိုးနွမ်းစေမှု ပုဒ်မ-၂၉၅(က)နဲ့ တရားစွဲဆိုခဲ့တဲ့ အပေါ်
ဝန်ကြီးချုပ်ဟောင်းဦးခင်ညွန့်က အဲဒီဖြစ်ရပ်တွေနဲ့ပတ်သက်ပြီး သူ့မှာ
တာဝန်မရှိဘူးလို့ ပြောလိုက်ပါတယ်။   ၁၉၉၉ ခုနှစ်က နိုင်ငံတော်ငြိမ်
ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ကနေပြီးတော့ အဆိုပါကျောင်းတော်ကြီးကို
နိုင်ငံတကာ အလှူရှင်ရှင်တွေရဲ့ပံ့ပိုးမှုနဲ့အတူ ပီနန်ဆရာတော်ကြီးထံ
ရေစက်ချအမျှဝေခဲ့တာပါ။ နိုင်ငံတော် ဝန်ကြီးချုပ် တာဝန်ထမ်းဆောင်ခဲ့သူ
ဝန်ကြီးချုပ်ဟောင်း ဦးခင်ညွန့်က မဟာသန္တိသုခကျောင်းတော်ကြီး
ထိန်းသိမ်းခဲ့ခြင်း ကိစ္စနဲပတ်သက်လို့ သူ့မှာတာဝန်မရှိတော့ဘူး။
အခုလက်ရှိအစိုးရမှာပဲ တာဝန်ရှိတယ်လို့ ပြောလိုက်တာဖြစ်ပါတယ်။
”အဲဒါမမေးနဲ့ ကိုယ်လဲမသိဘူး။ လွန်မြောက်သွားပြီလေ။ တို့ခေတ်မဟုတ်တော့ဘူး။
အခုခေတ်က ခေတ်ပြောင်းသွားပြီ၊ တို့ခေတ် မဟုတ်တော့တဲ့အတွက် ဒါကို
ဘာမှမပြောချင်ဘူး။ အဲဒါကိုပြောဖို့လဲ တာဝန်မရှိဘူး။ ပြောရမယ့် အခြေအနေ
မျိုးလည်း မရှိဘူး။ ပြီးသွားပြီ ပြတ်သွားပြီ။ ဒါနဲ့ ပတ်သက်လို့လည်း
မပြောဘူး။ အခုဆိုရင် ကုသိုလ်ရေးကိစ္စပဲ လုပ်တယ်။ အကုသိုလ်ကိစ္စမလုပ်ဘူး။
အကုသိုလ်ဖြစ်မယ့်ကိစ္စ မစဉ်းစားဘူး။ နောက် ကိုယ့်မှာ ရန်သူမရှိစေရဘူး။
မိတ်ဆွေတွေပဲ ရှိရမယ်။ အဲဒီခံယူချက်နဲ့ ကိုယ်အခု ဒီ အတိုင်းနေတာပါ”
ဇွန် ၁၁ ရက်က တာမွေမြို့နယ် နတ်ချောင်းရပ်ကွက်မှာတည်ရှိတဲ့ မဟာ
သန္တိသုခကျောင်းတော်ကြီးကို နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ရဲ့
ညွှန်ကြားချက်နဲ့ သာသနာရေးဦးစီးဌာနကနေပြီး ကျောင်းမှာသီတင်းသုံးနေကြတဲ့
သံဃာတော်တွေကို ခေါ်ဆောင်ခဲ့ကြပြီး စစ်ဆေးမေးမြန်းမှုများ
ပြုလုပ်ခဲ့တယ်လို့ တာမွေမြို့နယ်ရဲစခန်းမှ တာဝန်ကျ ရဲအရာ ရှိကပြောပါတယ်။
”ကျွန်တော်တို့ဆီမှာ ဖြစ်တဲ့ညက ကျောင်းတိုက်က ဆရာတော်တွေကို
မေးမြန်းမှုတချို့ လုပ်ခဲ့ပါတယ်။ လူဝတ်လဲ တာကတော့ ရဲစခန်းမှာမရှိပါဘူး။
ပြီးတော့ တရားမမှုဖြစ်တဲ့အတွက် တရားရုံးကနေ ဖြေရှင်းမယ်ထင်ပါတယ်။
ကျွန်တော်တို့ဆီမှာတော့ ဘယ်သံဃာတော်မှ မရှိပါဘူး”
ပီနန်ဆရာတော်ကြီးရဲ့ဒကာများ ဖြစ်တဲ့ ရုပ်ရှင်သရုပ်ဆောင်တွေနဲ့သံဃာတော်တွေ
ဆန္ဒပြမယ်ဆိုတဲ့သတင်းတွေ ထွက် ပေါ်ခဲ့ပေမယ့်လည်း မဟုတ်မှန်ကြောင်းကို
သရုပ်ဆောင်တွေက ပြောပါတယ်။ သာသနာရေးဝန်ကြီးဌာနကတော့ အခကိစ္စဟာ
နိုင်ငံတော်သံဃ မဟာနာယကရဲ့ ညွှန်ကြားချက်အရ လုပ် ဆောင်ရတာလို့ ဆိုပါတယ်။
စောင့်ကြည့်လေ့လာသူတွေအဆိုအရတော့ ပြည်ထောင်စုအစိုးရနဲ့
တိုင်းအစိုးရတို့ကပါ သာသနာရေးဝန်ကြီးဌာနနဲ့ မဟနရဲ့လုပ်ဆောင်ချက်တွေကို
တားမြစ်ခြင်းတစ်စုံတစ်ရာမရှိတဲ့အပေါ် ဘယ်လိုဝေဖန်ရမှန်းမသိဘူးလို့
ပြောနေကြ ပါတယ်။
လန်ဒန်မြို့ သာသနာ့ရံသီ ဝိဟာရကျောင်းတိုက် ကျောင်းထိုင်ဆရာတော်
ဦးဥတ္တရကို မြန်မာနိုင်ငံမှာ လူဝတ်လဲပြီး
သာသနာတော်ညစ်နွမ်းစေမှုနဲ့တရားစွဲထားတဲ့အပေါ်မှာ အင်မတန် ထိတ်လန့်
အံသြရတယ်လို့ သာသနာ့ရန်သီ တိုက်အုပ်ဆရာတော် ဦးသိဠိဋ္ဌက မိန့်ကြားပါတယ်။
ယူကေနိုင်ငံမှာ မြန်မာတွေသာမက နိုင်ငံခြားသားတွေကြားမှာပါ ဗုဒ္ဓရဲ့
တရားတော်တွေကို ပြန့်ပွားအောင်ဆောင်ရွက်နေတဲ့ ဘုန်းကြီးတစ်ပါးကို ခုလို
ပုဒ်မတွေတပ် တရားစွဲတာကိုလည်း မယုံကြည်နိုင်ဖြစ်ရတယ်လို့ မိန့်ပါတယ်။
“လူဝတ်လဲတယ်ဆိုတဲ့အခါကျတော့ ဘုန်းဘုန်းတို့က တအားထိတ်လန့်သွားတာ။
ဘုန်းကြီးတွေအကုန်လုံး ကြားတဲ့ ကိုယ်တော်တွေတိုင်း ထိတ်လန့်တာ။
လူဝတ်လဲတယ်ဆိုတဲ့အဓိပ္ပာယ်က ပါရာဇိကကျမှ ဘုန်းကြီးတွေက လူဝတ်ရတာ။
ဘုန်းဘုန်းတို့ ဝိနည်းနဲ့လုပ်တယ်ဆိုလို့ရှိရင် အဲဒီ ဝိနည်းတရားကိုတော့
တအားအံ့သြသွားတာပေါ့နော်။ တကယ်လည်း ထိတ်လန့်သွားတာပေါ့။ တကယ်တော့
ဒီဟာတွေဟာ တိုင်းသူပြည်သားတွေကို ဝိနည်းအမှားတွေကိုပေး၊ ဝိနည်းတွေကို
ကိုယ်လိုရာကိုယ်ဆွဲပြော၊ ဘုရားဝိနည်းနဲ့နေတယ်ဆိုလို့ရှိရင်
ဒီလိုဖြစ်စရာအကြောင်း ရှိကို မရှိဘူးပေါ့နော်။”

ဆရာတော်ဦးဥတ္တရကို သံသနာညစ်နွမ်းစေမှု ပုဒ်မ ၂၉၅ (က)၊
သံင်္ဃာ့အဖွဲ့အစည်းဆိုင်ရာ ဥပဒေ ပုဒ်မ ၂၀/၉၀ စတဲ့ ပုဒ်တွေတပ်ပြီး
တရားစွဲထားတာပါ၊ ဦးဥတ္တရဟာ ယူကေမှာ လူနာတွေကို တရားပြနှစ်သိမ့်ပေးတဲ့
ပထမဆုံး ဗုဒ္ဓဘာသာ ဘုန်းကြီးတစ်ပါးဖြစ်ပြီး လန်ဒန်တော်မြို့တော်က
နာမည်ကြီး St. Thomas’ ဆေးရုံမှာ တရားပြ နှစ်သိမ့်ပေးသူ Chaplain အဖြစ်
ဆောင်ရွက်နေသူဖြစ်ပါတယ်။  ဦးဥတ္တရနဲ့အတူ လူဝတ်လဲဖမ်းဆီးခံထားရတဲ့
ဦးပညာစာရတို့ဟာဆိုရင် ယူကေက မြန်မာမိသားစုတွေ စည်းလုံးမှုရှိဖို့
မြန်လူငယ်တွေကို ဘာသာရေးနဲ့ ယဉ်ကျေးမှုအကြောင်း သိရှိသဘောပေါက်အောင်
သင်ကြားပြသပေးတဲ့အကြောင်းကိုလည်း မိခင်တယောက်ဖြစ်သူ မနှင်းနှင်းခိုင်က
ပြောပြပါတယ်။

“ဘုန်းဘုန်းဦးဥတ္တရ ဦးဆောင်တဲ့၊ ဘုန်းဘုန်းဦးပညာရော ဒီ နှစ်ပါးလုံးက
မြန်မာပြည်မှာရှိတဲ့ ယဉ်ကျေးမှုတွေ၊ အနုပညာ တွေကို မပျက်စီးအောင်ဆိုပြီး
ကလေးတွေကို ဗမာစာသင်တာတို့၊ ဗုဒ္ဓဘာသာသင်တန်းတွေပေးတာတို့ ကျမတို့
အပတ်တိုင်းလိုလိုသွားတယ်။ ဒီက ကလေးတွေဟာဆိုရင် ဘုန်းဘုန်း ဦးဥတ္တရတို့၊
ဦးပညာတို့ သင်ပေးလိုက်တဲ့အတွက် ကျမတို့ကလေးတွေဟာ ဗုဒ္ဓဘာသာ ကဗျာတွေ၊
စာတွေ တော်တော်များများကိုရလို့ ရန်ကုန်ပြန်တဲ့အခါ ကျမတို့ အမေတွေက
ဒီကလေးတွေကို အရမ်းကို အံ့သြပါတယ်။ ဒီကလေးတွေက ဒီမှာမွေးပြီး
ဒီမှာကြီးတာ။ နိုင်ငံခြားသားတွေနဲ့ပဲ အပေါင်းအသင်းလုပ်လာရတာ။
တချို့ဆိုလို့ရှိရင် အဲဒီဘုန်းကြီးကျောင်းကိုရောက်ပြီးမှ
ဗမာစကားတတ်သွားတဲ့ ကလေးလေးတွေက ဒုနဲ့ဒေးပါပဲ။”

ယူကေနိုင်ငံသားတစ်ယောက်ဖြစ်တဲ့ ဦဥတ္တရလွတ်မြောက်ရေးအတွက် ယူကေအစိုးရက
အကူအညီပေးဖို့ ယူကေနိုင်ငံခြားရေးဝန်ကြီးဌာနကို အကူအညီ တောင်းခံထားပြီး
မြန်မာမိသားစုတွေက တတ်နိုင်တဲ့ဘက်ကနေ ကြိုးပမ်းနေတယ်လို့
စီစဉ်ဆောင်ရွက်နေသူတစ်ယောက်က ပြောပါတယ်။

“ဗမာမိသားစုတွေအနေနဲ့ ဘုန်းဘုန်းက ဒီ ယူကေနိုင်ငံသား
တစ်ယောက်ဖြစ်နေတဲ့အတွက်ကြောင့်မို့လို့ Foreign Office ကနေတဆင့်
မြန်မာပြည်မှာရှိတဲ့ အင်္ဂလန်သံရုံးကနေပြီးတော့ ဘုန်းဘုန်းအတွက် ဘယ်လို
အကူအညီတွေ ပေးနိုင်မလဲဆိုတာ အမတို့ ဆက်သွယ်ဆောင်ရွက်နေကြပါတယ်။ နောက်တခုက
ဒီမှာ ဗမာမိသားစုတွေ၊ ဘုန်းဘုန်းရဲ့ တကာ၊ တကာမတွေ သိပ်ပေါများပြီး
အားလုံးလည်း စိတ်နှလုံး မချမ်းမသာ ဖြစ်နေကြတဲ့အတွက်ကြောင့် ညနေတိုင်း
ဘုန်းဘုန်းတို့အတွက်ကို ဘုန်းဘုန်းတို့ စိတ်ချမ်းသာ၊
ကိုယ်ချမ်းသာရှိဖို့ရယ်၊ လွတ်မြောက်ရေးအတွက်ရယ်ပေါ့ ဒီမှာ မိသားစုတွေ
ဝတ်ပြု ဆုတောင်းပွဲ ညနေတိုင်းပြုလုပ်ဖို့ ဒီမှာ စီစဉ်ထားပါတယ်။”

မဟာသန္တိသုခ ဗုဒ္ဓသာသာနာပြုကျောင်းတိုက်ကို နိုင်ငံတကာမှာ
လှည့်လည်သာသနာပြုနေတဲ့ ပီနန်ဆရာတော် ဦးပညာဝံသ
တည်ထောင်ထားခဲ့တာဖြစ်ပေမယ့် နိုင်ငံတော် သံင်္ဃာ့မဟာနာယက အဖွဲ့ကို
လှူဒါန်းခဲ့ပါတယ်။ ပီနန်ဆရာတော် နိုင်ငံခြားကနေ ပြန်ရောက်လာချိန်မှာ
ပီနန်ဆရာတော်နဲ့ သံင်္ဃာ့ မဟာနာယကအဖွဲ့ကြား ကျောင်းတိုက်ပိုင်ဆိုင်မှု
အငြင်းပွားခဲ့ကြပါတယ်။ ပိုင်ဆိုင်မှုပြဿနာ ဖြေရှင်းဖို့
စီစဉ်ထားချိန်မှာပဲ သက်ဆိုင်ရာက ကျောင်းတိုက်ထဲကို အချိန်မတော်ကြီး
ဝင်ရောက်စီးနင်းပြီး ချိတ်ပိတ်ခဲ့တာ ဖြစ်ပါတယ်။  ပီနန်ဆရာတော်ကြီး
ဦးပညာဝံသ နဲ့ နိုင်ငံတော် သံဃာ့မဟာနာယက မဟနအဖွဲ့ကြား
မဟာသန္တိသုခကျောင်းတိုက် ပိုင်ဆိုင်မှုနဲ့ပတ်သက်ပြီး အခြေအတင်
အငြင်းပွားနေကြတဲ့အချိန် အခုလို အခြေအနေ ဖြစ်သွားခဲ့တာပါ။ အခုလို
ကျောင်းတိုက်တွင်း ညဥ့်သန်းခေါင်ယံ ဝင်ရောက် စီးနင်းပြီး သံဃာတွေကို
အင်အားသုံး ခေါ်ဆောင်သွားတဲ့အပေါ် သမ္မတ ဦးသိန်းစိန်ကို ဖြေရှင်းပေးဖို့
တောင်းဆိုမှာ ဖြစ်တယ်လို့ ဂျပန်ကို ခေတ္တရောက်နေတဲ့ ပီနန်ဆရာတော်က
မိန့်ပါတယ်။

“ဓမ္မသတ်အစီအစဉ်ဆိုရင် အကြောင်းကြားရမှာပေါ့။ အခုအတိုင်းကတော့ စိတ်ကောင်း၊
စေတနာကောင်းနဲ့ လုပ်ပေးတယ်။ အခု ဒီလိုဖြစ်တယ်ဆိုတော့ တစ်ခုတော့ရှိတယ်
သံဃာ့နာယကက သူတို့က ဓမ္မစက်တဲ့၊ အစိုးရက အာဏာစက်တဲ့။ ဓမ္မစက်က မြင့်တယ်တဲ့။
သံဃာ့နာယကက လုပ်ချင်တာလုပ်တဲ့။ သူတို့ကို ဘယ်သူမှ တရားမစွဲနိုင်ဘူးတဲ့။
ဘုန်းကြီးတို့က သူတို့ကို ဘာလုပ်မလဲဆိုတော့ သူတို့လုပ်တာ ဘုန်းကြီးတို့
ကြည့်ရဦးမယ်။ သူတို့လုပ်တာမျိုးတော့ ဘုန်းကြီးတို့က အာဏာရှိတဲ့လူတော့
မဟုတ်ဘူးပေါ့လေ။ သူတို့လုပ်တာကို ကြည့်ပြီးတော့ နောက်ဘုန်းကြီးတို့က
လုပ်သင့်လုပ်ထိုက်တာတွေကို လောကကြီးမှာ လုပ်စရာတွေ အများကြီးပါပဲလို့
ဘုန်းကြီးပြောချင်တယ်လေ။”

ပီနန်ဆရာတော် မြန်မာပြည်ကို ပြန်ကြွလာချိန်မှာလည်း
ကျောင်းပိုင်ဆိုင်မှုနဲ့ ပတ်သက်ပြီး ဖြေရှင်းကြဖို့ စီစဉ်ထားချိန်မှာ
အခုလို အင်အားသုံး ဝင်စီးနင်းခဲ့တဲ့ ကိစ္စအပေါ် ပီနန်ဆရာတော်က စိတ်မသက်မသာ
ဖြစ်ရတယ်လို့ မိန့်ပါတယ်။

“အခုဘုန်းကြီးတို့က နိုင်ငံခြားသွားတဲ့ အခါကျတော့မှ သူတို့က အခုလို
ကျောင်းကို စစ်တပ်လို၊ Terrorist တွေလို၊ ဓားပြတိုက်သလို၊ တခါတည်း
ဝင်တိုက်ပြီးတော့ လူကြားမကောင်း၊ သူကြားမကောင်း သူတော်ကောင်းတွေရဲ့
စိတ်နှလုံး မသာယာအောင်လုပ်တဲ့ အဲဒီသံဃာ့နာယကဆိုတော့
စဉ်းသာစဉ်းစားကြည့်တော့။ နာမည်နဲ့ သူတို့ သံဃာ့နာယကခိုင်းလို့
သာသနာရေးဌာနက လုပ်ရပါတယ်လို့ ပြောတယ်။ အဲဒီတော့ သံဃာ့နာယကကလည်း
ခိုင်းလို့၊ တိုင်းသံဃာ့နာယက ကလည်း လုပ်ရတယ်လို့ ပြောတယ်။ အဲဒီတော့
ဘုန်းကြီးတွေမှာ ၀ါးရင်းတုတ်တွေလည်း ပါလာတယ်တဲ့။ Walkie Talkie တွေလည်း
ပါလာတယ်ဆိုတော့ ဘုန်းကြီးတွေကလည်း အခုနကလို Terrorist တွေလို ဖြစ်နေတယ်။
အဲဒီမှာလည်း စစ်တပ်ရော၊ ခုနက ရဲရော၊ သာသနာရေးဌာနရော ပါတယ်လို့ပြောတော့
မြန်မာပြည်ရဲ့ ဒီမိုကရေစီဟာ ဒီကနေ့ မဟာသန္တိသုခကျောင်းကို အကြမ်းပတမ်း
ဝင်စီးခြင်းကို ကြည့်ခြင်းအားဖြင့် ဒီမိုကရေစီသွားတဲ့ နမူနာလား၊
ပြယုဂ်လား၊ example လားဆိုတာ အားလုံး သဘောပေါက်ဖို့ လိုတယ်လို့
ဘုန်းကြီးကတော့ အဲဒီလိုလည်း ထင်တယ်လေ။”
ဂျပန်နိုင်ငံကို ခေတ္တရောက်နေတဲ့ ပီနန်ဆရာတော် ဘုရားကြီးအနေနဲ့
မြန်မာနိုင်ငံတွင်းကို ပြန်လည်ကြွရောက်မှာဖြစ်ပြီး သက်ဆိုင်ရာ
သံဃာ့မဟာနယကအဖွဲ့ တာဝန်ရှိသူတွေနဲ့ ဆွေးနွေးမှာ ဖြစ်တယ်လို့လည်း
သိရပါတယ်။

Ref; VOA, BBC, RFA, online news
ဒေးဗစ်
ဓာတ်ပုံ-ထက်နောင်နောင်
The Myanma Age