အူရီးဒူးမြန်မာ ကြော်ငြာစာသားပြောင်းလဲခြင်း အကြောင်းရင်းကိုပြော

ပို့စ်တင်ချိန် - 6/17/2014 03:59:00 PM



အူရီးဒူးမြန်မာကုမ္ပဏီမှ ‘‘သုံးစွဲသူများ ကောင်းကျိုးသာ Ooredoo ရဲ့ စေတနာ’’ဟူသည့် ဆောင်ပုဒ်များဖြင့် ပြောင်းလဲကြော်ငြာနေခြင်းမှာ အူရီးဒူးထုတ်ကုန်များ မသုံးစွဲရေးအတွက် ဟောပြောပွဲများ နိုင်ငံတစ်ဝန်းပြုလုပ်မည်ဆိုသော  သတင်းများကြောင့် ပြောင်းလဲထားခြင်းမဟုတ်ကြောင်း  အူရီးဒူးမြန်မာကုမ္ပဏီမှ  သတင်းရရှိသည်။

 မကြာမီလများအတွင်း မိုဘိုင်းဆင်းမ်ကတ်များ ရောင်းချ ပေးရန် စီစဉ်နေသည့် အူရီးဒူး မြန်မာကုမ္ပဏီက ၎င်းတို့၏ မိုဘိုင်းဝန်ဆောင်မှုဆိုင်ရာ ဆောင်ပုဒ်များကိုပြောင်းလဲ အသုံးပြုလျက်ရှိသည်။

 အော်ပရေတာကုမ္ပဏီအဖြစ် စတင်လုပ်ကိုင်ခွင့်ရသည့်အချိန်မှ စတင်၍ မြန်မာနိုင်ငံတွင် တယ်လီကွန်းဆိုင်ရာပြောင်းလဲမှုများ၊ ၀န်ဆောင်မှုများနှင့် မိုဘိုင်းပစ္စည်းများကို ပြည်သူလူထုသို့ ချပြရန် စီစဉ်နေသည့် အချိန်တွင် ‘‘ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာများ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေပါပြီ’’ ဟူသည့်ဆောင်ပုဒ်ဖြင့် ကြော်ငြာထားခဲ့သော်လည်း လက်ရှိတွင် မိုဘိုင်းဆင်းမ်ကတ်များ ရောင်းချ ပေးမည့်အချိန် နီးကပ်လာသောအခါ ဆောင်ပုဒ်ပြောင်းလဲသွားမည်ဖြစ်ကြောင်း အူရီးဒူးမြန်မာကုမ္ပဏီမှ ပြည်သူ့ဆက်ဆံရေးနှင့် ပြန်ကြားရေးမန်နေဂျာ ဒေါ်သီရိကြာညိုကပြောသည်။

 ‘‘အခုအခြေအနေက ၀န်ဆောင်မှုတွေ စပေးမယ့်အချိန်နားကို ကပ်နေပြီ။ ၀န်ဆောင်မှုတွေလာဖို့ အချိန်ကလည်း တတိယသုံးပတ်လို့ ပြောထားတဲ့အခါကျတော့ နီးလည်း နီးလာတော့ ပေးချင်တဲ့အချက်ကလည်း ပြောင်းလာတာ။ နောက်ပိုင်းလည်း တစ်ခုတည်းနဲ့ မသွားပါဘူး။ အချိန်နဲ့ဝန်ဆောင်မှုပေးနေတာတွေအလိုက် ပြောင်းလဲပြီး ပေးသွားမှာပါ’’ဟု ဒေါ်သီရိကြာညိုကပြောသည်။

  အူရီးဒူးမြန်မာအနေဖြင့် နိုင်ငံတကာ ဆက်သွယ်ရေးကုမ္ပဏီဖြစ်သောကြောင့် မိုဘိုင်းပစ္စည်း
နှင့် ၀န်ဆောင်မှုကို သုံးစွဲသူအား အကောင်းဆုံးဝန်ဆောင်မှုပေးမည်ဖြစ်ပြီး ထိုသို့ ဆောင်ရွက်ပေးခြင်းဖြင့် ကုမ္ပဏီအပေါ်ရှိသည့် သံသယများ ပျောက်ကွယ်သွားမည်ဟု ယုံကြည်ကြောင်း အဆိုပါကုမ္ပဏီက ထုတ်ပြန်သည်။

  မိုဘိုင်းဆင်းမ်ကတ်များ ရောင်းချမည့်အချိန်ကို လာမည့် နှစ်လအတွင်း ထုတ်ပြန်ပေးပြီး ရောင်းချမည်ဖြစ်ရာ လက်ရှိတွင် တစ်နိုင်ငံလုံးရှိ မိုဘိုင်းဖုန်းဆိုင်များနှင့် အထင်ကရလမ်းမကြီးများ၊ လမ်းဆုံလမ်းခွများတွင် ၎င်းတို့၏ ဆောင်ပုဒ်များပါဝင်သည့် ကြော်ငြာဘုတ်အများအပြားဖြင့် ကြော်ငြာထားခြင်းဖြစ်သည်။

7day daily