သတင်းထောက်ဟုခြိမ်းခြောက်ပြီး အဓမ္မလက်ရောက် အနိုင်ကျင့်ခံရသည်ဟုအမျိုးသမီးတစ်ဦးတိုင်ချက်ဖွင့်

ပို့စ်တင်ချိန် - 6/17/2014 04:18:00 PM



ရန်ကုန်တိုင်းဒေသကြီး လှိုင် သာယာမြို့နယ် (၇) ရပ်ကွက်၌ အသက် (၃၅)နှစ် အရွယ်ရှိ အမျိုး သမီးတစ်ဦးအား သတင်းထောက် ဆိုသူအမျိုးသားတစ်ဦးက မဖွယ် မရာပြောဆိုကာ အဓမ္မခြိမ်းခြောက် လက်ရောက်မှုတစ်ခု ယခုလ ၁ဝ ရက် နံနက် ၉နာရီက ဖြစ်ပွား ခဲ့သည်ဟု လှိုင်သာယာမြို့မ ရဲစခန်းတွင် အမှုဖွင့်ထားသည်။

ဖြစ်စဉ်မှာ ယခုလ ၁ဝ ရက် နံနက် ၉ နာရီတွင် မဝင်းဝင်းသော် (၃၅နှစ်)သည် အကြွေးတောင်း ပြီးပြန်လာစဉ် ဗိုလ်အောင်ကျော် လမ်းနှင့်ဗညားဒလလမ်း သစ္စာရိပ် လက်ဖက်ရည်ဆိုင် ရှေ့အရောက် တွင် ဆိုင်ကယ်စီးနင်းလာသူ အမျိုးသားတစ်ဦးက မဖွယ်မရာ စကားသုံးနှုန်း မေးမြန်းရာမှအစ မကျေနပ်သဖြင့် အပြန်အလှန်စကား များစဉ် လမ်းလျှောက်ထွက်သွား သောမဝင်းဝင်းသော်ကို အဆိုပါ အမျိုးသားက ဆိုင်ကယ်ဖြင့် နောက်မှပွတ်တိုက်ပြီး အသင့်ပါ လာသောကင်မရာဖြင့် မဝင်းဝင်း သော်၏ မျက်နှာကို ဓာတ်ပုံရိုက် သဖြင့် မဝင်းဝင်းသော်ကကင်မရာ ကို ပုတ်ချလိုက်ရာ ကင်မရာမှာ အောက်
သို့ပြုတ်ကျသွားသည်။ တစ်ပြိုင်နက်ပင် ဓာတ်ပုံရိုက်သူ အမျိုးသားက မဝင်းဝင်းသော် ၏ရင်ဘတ်ကို လှမ်း၍ဆုပ်ကိုင် လိုက်ရာ မဝင်းဝင်းသော်၏ လည် ပင်းတွင်ဝတ်ဆင်ထားသော ရွှေ ဆွဲကြိုးမှာ အပိုင်းပိုင်းပြတ်သွား သည့်အပြင် အင်္ကျီများပါ စုတ်ပြဲ သွားသည်။

၎င်းအမျိုးသားက ''ငါဘာကောင်လဲနင်သိလား။ ငါက သတင်းထောက်သန်းထိုက်ဆိုတာ နင်မသိဘူးလား''ဟုပြောဆို ခြိမ်း ခြောက်၍ အခင်းဖြစ်နေရာမှ ဆိုင်ကယ်ဖြင့် မောင်းနှင်ထွက်ပြေး သွားခဲ့သည်ဟု လှိုင်သာယာမြို့နယ် (မြို့မ)ရဲစခန်းတွင် ဆေးစာနှင့်အတူ တရားလိုမဝင်းဝင်းသော်က ယခုလ ၁၁ ရက်တွင် အမှုဖွင့်တိုင်ကြားခဲ့ သဖြင့် (ပ)၈၂၅/ ၂ဝ၁၄ ပြစ်မှု ပုဒ်မ ၂၉၄/၃၅၄/ ၃၂၃/၅ဝ၆/၄၂၇အရအမှုဖွင့်လက်ခံဆောင်ရွက် ထားသည်။


မင်းထက်ပိုင်(လှိုင်သာယာ)
The Union Daily