ခြိမ်းခြောက်မှုများကြောင့် ‘အမိုးမရှိတဲ့ကောင်းကင်’ မှတ်တမ်းရုပ်ရှင် မပြဖြစ်တော့

ပို့စ်တင်ချိန် - 6/17/2014 09:24:00 AM

ဓာတ်ပုံ – ဇွဲဉာဏ်


လူ့အခွင့်အရေး၊ လူ့ ဂုဏ်သိက္ခာ နိုင်ငံတကာရုပ်ရှင်ပွဲတော်တွင် ပြသမည့် ‘အမိုးမရှိတဲ့ ကောင်းကင်’ (Open the Sky)မှတ်တမ်းရုပ်ရှင်နှင့် ပတ်သက်၍ အွန်လိုင်းမှ ခြိမ်းခြောက်မှုများကြောင့် ရုပ်ရှင်ပွဲတော်တွင် ပြသတော့မည်မဟုတ်ကြောင်း ဒါရိုက်တာမင်းထင်ကိုကိုကြီးက ပြောကြားသည်။
‘‘ရုပ်ရှင်ပွဲတော်လုပ်တာက ပဋိပက္ခတွေ ဖန်တီးဖို့အတွက် လုပ်နေတာမဟုတ်ဘူး။ ဒါပေမဲ့ ပဋိပက္ခတွေ၊ လူတွေကြားထဲမှာ အမုန်းပွားစရာကိစ္စတွေဖြစ်လာမယ်ဆိုရင်တော့ ကိုယ်တိုင်လည်း အဖြစ်မခံနိုင်ဘူး။ အဲဒီလိုဖြစ်ဖို့ ရည်ရွယ်ချက်လည်းမရှိဘူးဆို တော့ ဒီရုပ်ရှင်ပြသဖို့ကိစ္စကို ရုပ်သိမ်းခဲ့တာပါ’’ဟု ၎င်းက ပြောသည်။

ထို ‘အမိုးမရှိတဲ့ကောင်းကင်’ မှတ်တမ်းရုပ်ရှင်မှာ မိတ္ထီလာ လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းတွင် အိမ်ဖျက်ဆီးခံရသော မွတ်စလင်အဒေါ်ဖြစ်သူထံ တူမက သွားရောက်ခဲ့ပုံနှင့် ပဋိပက္ခအပေါ် အဒေါ်၏အမြင်နှင့် ပဋိပက္ခအတွင်း ၎င်းကိုအကူအညီပေးခဲ့သော ဗုဒ္ဓဘာသာဝင် မိတ်ဆွေတစ်ဦးနှင့် ၎င်းတို့ နှစ်ဦးကြား ထားရှိသော ခင်မင်မှုမေတ္တာတရားကို ရိုက်ကူးတင်ပြထားသည့် မှတ်တမ်းရုပ်ရှင်ဖြစ်ကြောင်း ရုပ်ရှင်ပွဲတော် ဇာတ်လမ်းအညွှန်းတွင် ဖော်ပြထားသည်။

ယင်းမှတ်တမ်းရုပ်ရှင်ဇာတ်ကားသည် ဆင်ဆာခွင့်ပြုချက်ရရှိထားပြီးသော ဇာတ်ကားတစ်ခု ဖြစ်သော်လည်း အွန်လိုင်းမှတစ်ဆင့် ခြိမ်းခြောက်မှုများ ပြုလုပ်ခံခဲ့ရသောကြောင့် ဇွန် ၁၅ ရက်ညက ရုပ်ရှင်ပွဲတော်ဖြစ်မြောက်ရေးအဖွဲ့များနှင့် တိုင်ပင်ကာ ပြသခြင်းမပြုတော့ရန် ဆုံးဖြတ်ခဲ့သည်ဟု ဒါရိုက်တာ မင်းထင်ကိုကိုကြီးက ပြောသည်။

‘‘အမိုးမရှိတဲ့ကောင်းကင်’’ ဇာက်ကားက မိနစ်နှစ်ဆယ်လောက်ရှိတဲ့ မှတ်တမ်းရုပ်ရှင်လေးပါ။ လူငယ်လေးတွေ ရိုက်ထားတာပါ။ ဘာသာမတူတဲ့ အိမ်နီးနားချင်းနှစ်ယောက် တစ်ယောက်အပေါ်တစ်ယောက်ကူညီပုံ၊ စောင့်ရှောက်ပုံ၊ ချစ်ခင်ပုံတွေနဲ့ ချစ်ခြင်းမေတ္တာတွေကို ခံစားရမယ့် ရုပ်ရှင်လေးပါ။ အမုန်းတရားတွေကိုပွားစေမယ့် ရုပ်ရှင်တော့မဟုတ်ပါဘူး’’ဟု ၎င်းက ပြောသည်။

လူမှုကွန်ရက်ဖေ့စ်ဘွတ်ခ်တွင်မူ ယင်းဇာတ်ကားသည် မိတ္ထီလာအရေးအခင်းတွင် မွတ်စလင်များကို ဗုဒ္ဓဘာသာဝင်များက အနိုင်ကျင့်နေသည်ဟု တစ်ဖက်သတ်ဝါဒဖြန့်သောဇာတ်ကားဖြစ်သောကြောင့် ဝိုင်းဝန်းကန့်ကွက်ကြရန် ရေးသားဖြန့်ဝေလျက်ရှိသည်။

7day