ဘယ်အရွယ်ကစပြီး “ဒီကိစ္စ” အကြောင်း သင်ကြားပေးကြမလဲ

ပို့စ်တင်ချိန် - 6/17/2014 10:32:00 AM


ရည်မွန်အောင်

အွန်လိုင်းတွင် သူတို့ပြန့်နှံ့နေကြသည်။ အွန်လိုင်းပေါ် တက်လိုက်သည်နှင့် သူတို့ကို ကြည့်ချင်လာအောင် စွဲဆောင်မှုတွေ ရှိနေသည်။ ရုပ်ရှင် သရုပ်ဆောင်များ၊ မော်ဒယ်များဟု မထင်လိုက်ကြ ပါနှင့်။ အွန်လိုင်းပေါ်ရှိ လိင်အသားပေး စာအုပ်များ၊ ရုပ်ရှင်များ နှင့် ရုပ်ပုံများသာ ဖြစ်ကြသည်။ ယင်း စာအုပ်များ၊ ရုပ်ပုံများ နှင့် ရုပ်ရှင်များကို လူကြီးများ ကြည့်ရှုနေသည်က သူတို့ သဘာဝမို့ ပြောရန်လိုမည် မထင်။ အွန်လိုင်း အသုံးပြုမှုနှင့် နီးစပ်သော ကလေးများ အတွက်မူ အန္တရာယ် တစ်ခုဟု သတ်မှတ် ရမည် ထင်ပါသည်။

စာကောင်းစွာ မဖတ်တတ်သေးသည့် ကလေးများသည် လိင်အသားပေး ရုပ်ရှင်များနှင့် ရုပ်ပုံများကို ကြည့်ရှုရာမှ လိင်ပိုင်းဆိုင်ရာ အယူလွဲမှား မှုများကို ဦးတည် သွားနိုင် သောကြောင့် မိဘများနှင့် စာသင်ကျောင်းရှိ ဆရာ၊ ဆရာမများ က ထိန်းမတ်မှုများ ပြုလုပ်ရန် လိုအပ်လာပြီ ဖြစ်သည်။

ဗြိတိန်နိုင်ငံ မြောက်လင် ကင်းရှိုင်းယားဘာတန်မြို့ရှိ ကာဆယ်ဒိုက် မူလတန်းကျောင်းမှ ကျောင်းအုပ် ဆရာမကြီး ရိုစီပူဖ်ကတော့ ကလေး များအား လိင် အသားပေးရုပ်ရှင်များနှင့် ရုပ်ပုံများ၏ သြဇာသက်ရောက်မှုမှ အကာအကွယ်ပေး လှုပ်ရှားမှုများကို ကလေးများ ငယ်ရွယ်စဉ် ကတည်းက စတင်သင့်ကြောင်း ယူဆနေသည်။

မကြားမ၀ံ့မ နာသာ

သူ၏ တပည့်လေးများ အနက် လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခံရနိုင်ခြေ ရှိနေသည့် ကလေးငယ်များစွာ ရှိနေပြီး ကလေးများ၏ မိသားစုများ ထံမှ ပြန်ကြားရသော လိင်ပိုင်းဆိုင်ရာ ဇာတ်လမ်းများမှာ မကြားဝံ့ မနာသာ ဇာတ်လမ်းများဖြစ် နေတတ်ကြောင်း မစ္စပူဖ် ကပြောသည်။ ပညာရေး နယ်ပယ်တွင် အသက်အရွယ် နှင့် သင့်တော်သော လိင်နှင့် ဆက်ဆံရေးဆိုင်ရာ ပညာပေးမှုများ မရှိ သောကြောင့် ကလေးငယ်များသည် မသင့်တော်သော လိင်ပိုင်း ဆိုင်ရာ အပြုအများကို ပြုလုပ်နိုင်ခြေ နှင့် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခံရ နိုင်ခြေများ နေကြောင်း ဗြိတိန်ရှိ ပညာရေး အရည်အသွေး နှင့် ကလေးငယ် များ၏ ပညာရေး စွမ်းရည် ဆိုင်ရာရုံး (Ofsted)၏ ယခုနှစ် အစောပိုင်းတွင် ထုတ်ပြန်သည့် အစီရင်ခံစာ တစ်ခုတွင် ဖော်ပြထားသည်။

ကာဆယ်ဒိုက် မူလတန်းကျောင်းသည် လိင်ပညာရေးနှင့် ပတ်သက်ပြီး သင်ကြားပေးသည့် လင်းနက်စမစ် ဆိုသူ စိတ်ပညာ ကျွမ်းကျင်သူ တစ်ဦးကို ငှားရမ်းပြီး ကလေးငယ်များအား လိင်ပညာပေး မှုများ ပြုလုပ်စေခဲ့သည်။ လင်းနက်၏ သင်ကြားမှုတွင် လက်ဖြင့်ရေးဆွဲ ထားသော ရုပ်ပုံများ လည်း ပါဝင်သောကြောင့် ပျော်ရွှင်စရာ ကောင်းသလို ပွင့်လင်းမှုလည်း ရှိနေသည်။ ရုပ်ပုံတိုင်း ရုပ်ပုံတိုင်း နှင့် ပတ်သက်ပြီး ကလေးငယ်များအား  ထောက်ခံလျင် လက်မထောင်၊ မထောက်ခံလျင် ခေါင်းခါ လက်ခါပြရန် ညွှန်ကြားခဲ့သည်။

လင်းနက်သည် ရုပ်ပုံများ ပါဝင်သော ကတ်ပြားများကို အသုံးပြုပြီး အသက် လေးနှစ် အရွယ်မှ အသက် (၁၁) နှစ် အရွယ်အထိ ကလေးများ လိင်ပညာရေးနှင့် ပတ်သက်ပြီး ရင်းနှီး ကျွမ်းဝင်လာအောင် ကြိုးပမ်းခဲ့သည်။ ကလေးတွေ ကတော့ သိပ်ပျော်ကြသည်။ ရယ်လိုက်မော လိုက်ကြ၊ မနှစ်သက်တာတွေ့လျင် အားပါးတရ ငြင်းပယ်လိုက်ကြ နှင့် သင်ပြမှုများ ပြုလုပ်ခဲ့သည်။ ယင်းကဲ့သို့ သင်ကြားမှု များသည် မူလတန်း ကလေးငယ်တိုင်း အတွက်တော့ အထောက်အကူ မပြုကြောင်း၊ ကလေးငယ်များ၏ ဖြူစင်မှု ပျောက်ဆုံးသွားနိုင် သောကြောင့် ငယ်ရွယ်လွန်းချိန်တွင် လိင်ပညာပေးမှုကို မစတင် သင့်ကြောင်း ဗြိတိန် အမျိုးသား ကျောင်းအုပ်ဆရာများအသင် (NAHT) ၏ အထွေထွေ အတွင်းရေးမှူး ရက်ဆယ်ဟော်ဘီ က ပြောဆိုခဲ့သည်။ ဘယ်အသက်အရွယ် ကနေစပြီး ကလေးတွေ လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခံရ နိုင်ခြေရှိတယ်၊ မရှိဘူး ဆိုတာကို ပထမဆုံးမေးမြန်းဖို့ပါပဲ ဟု လင်းနက်စမစ် က ပြန်လည် မေးခွန်း ထုတ်ခဲ့သည်။

ကတ်ပြားတွေပေါ်က ပညာရေး

ကလေးများအား ပထမဆုံးပြသည့် ကတ်ပြားပေါ်တွင် အ၀တ်အစားမ၀တ် ထားသော မိန်းကလေးငယ်တစ်ဦး၏ ပုံပါရှိသည်။ ရေချိုးရန် အသင့်ဖြစ်နေသည့် ပုံဖြစ်သည်။ ယင်းပုံကို မြင်တော့ ကလေးတွေ တစ်ခွိခွိနဲ့ ရယ်ကြသည်။ ကျောင်းမသွားခင် အိမ်မှာနေတဲ့ ပုံလေး ဖြစ်ကြောင်း လင်းနက်က ပြောတော့ ကလေးတွေ ထပ်ရယ်ကြ ပြန်သည်။

အခြားလူတွေကို ထိကိုင်ခွင့် မပြုသင့်သည့် ခန္ဓာကိုယ် အစိတ်အပိုင်းများ၏ အမည်များကို ပြောပြရန် လင်းနက်က ကလေးများကို ခိုင်းစေ ခဲ့သည်။ ပထမတော့ ကလေးတွေက သိပ်မပြောချင်ကြ။ တွန့်ဆုတ်နေ ကြသည်။ လင်းနက်က ထပ်မေးသည့် အခါတွင်တော့ သူတို့လေးတွေက မွေးရာပါ ပစ္စည်းများအား အိမ်တွင်ခေါ်သည့် အမည်လေးများကို ပြောပြကြသည်။

ကိုယ့်မွေးရာပါ ပစ္စည်းလေးများလေးများကို အိမ်ခေါ် အမည်ဖြင့် မဟုတ်ဘဲ စာပေများဖြင့် ရေးသားသည့် အတိုင်း ယောက်ျား လိင်အင်္ဂါ၊ မိန်းမလိင် အင်္ဂါ စသည်ဖြင့် ခေါ်ဆိုရန် ကလေးများအား လင်းနက်က ပြောဆိုခဲ့သည်။ ယင်းစကားလုံးကြီးများက ခေါ်ဆိုရန် ခက်ခဲလွန်း သောကြောင့် ကလေးများအတွက် အစောပိုင်းတွင် အခက်အခဲရှိပါမည်။ သို့သော် ဗဟုသုတနှင့် သိနားလည်မှု များကြောင့် ကလေးများ လုံခြုံမှုရှိလာမည် ဖြစ်ကြောင်း လင်းနက်က ပြောခဲ့သည်။ ကလေးတွေကို လိင်းဆိုင်ရာအရ တပ်မက်ကြသူများသည် စာတတ် ပေတတ်၊ သိနားလည် တတ်လွန်းသည့် ကလေးများကို ရှောင်ကျဉ်ကြမည် ဖြစ်ကြောင်း သူက အကြောင်းပြချက်ပေးသည်။

မည်သည့် အစိတ်အပိုင်းများကို ထိတွေ့လို့ရသည်၊ မရသည်နှင့် ပတ်သက်ပြီး ရှင်းလင်းရန် ကတ်ပြားများကို အသုံးပြုခဲ့သည်။ ပြုံးပြီး အနမ်းလေးပေး နေပုံ၊ ယောက်ျားလေးတစ်ဦး က အခြားယောက်ျားလေး တစ်ဦးကို ပန်းလေးတစ်ပွင့်ပေးနေပုံများပြ ကြည့်သည်။ ကလေးအားလုံးက လက်မထောင်ကြသည်။

ယင်းနောက် အမျိုးသမီးတစ်ဦး၏ ရင်သားကို ဖမ်းဆုတ်သည့် ပုံများ၊ အိမ်သာတံခါး အောက်ရှိ လွတ်နေသည့် နေရာမှ အတွင်းတွင် ရှိနေသူ တစ်ဦးကို ချောင်းကြည့် နေပုံများ၊ ယောက်ျားလေးတစ်ဦး၏ အောက်ခံဘောင်းဘီကို ဆွဲချွတ်နေပုံများကို ထပ်ပြကြည့်ပြန်သည်။ တစ်ခန်းလုံးက စက်ဆုတ်ကြောင်း အသံပြုကာ ခေါင်းခါ၊ လက်ခါကြသည်။ မည်သည့် နေရာတွင် အပေါ့သွား ရမည်၊ ကိုယ့်လိင်အင်္ဂါ နှင့် ဆောက်ခံ အ၀တ်အစားများကို အခြားလူများအား ပြသသင့်သည့် မသင့်သည်တို့နှင့် ပတ်သက်ပြီး ရုပ်ပုံများကို အသုံးပြု သင်ကြားပေးခဲ့သည်။ မည်သည့် ဓါတ်ပုံများက ကြည့်ရှုသူ အတွက် သင့်တော်သည် မတော်သည်ကိုလည်း မေးမြန်းခဲ့ ပြန်သည်။ အ၀တ်အစားများ ၀တ်ထားသူများ ပါဝင်သော ဓါတ်ပုံကိုပြသည့် အခါတွင် ကလေး အားလုံးက လက်မထောင်ပြကြသည်။ တင်ပါးပေါ်နေပုံ ကိုမြင်တော့ ခေါင်းခါ၊ လက်ခါကြသည်။

တင်ပါးပေါ်နေသည့် ပုံကိုမြင်တော့ ယောက်ျားလေးတစ်ဦးက အင်တာနက်တွင် တင်လို့ရကြောင်း ထအော်သည်။  ဒါက ခန္ဓာကိုယ်ရဲ့ မပြသ ရမယ့် အစိတ်အပိုင်းလေ၊ ဆေးရုံသွားတဲ့ အခါနဲ့ ဒဏ်ရာရတဲ့ အခါတွေက လွဲလို့ အခြားအချိန်တွေမှာ ဒီအစိတ်အပိုင်းတွေကို မပြသရဘူး ဟု လင်းနက်က ရှင်းပြသည်။

လူကြီးတစ်ဦးဦးကို ပြောပြပါ

နောက်ထပ်ပုံ တစ်ပုံတွင် အသက်အရွယ် အနည်းငယ်ကြီးနေပြီဖြစ်သော ယောက်ျားလေး တစ်ဦးက သူစမတ်ဖုန်းဖြင့် ဒေါင်းလုတ် ရယူ ထားသည့် မသင့်တော်သော ပုံတစ်ခုအား ကလေးငယ်တစ်ဦးကို ပြသနေပုံပါရှိသည်။ မကောင်းဘူး၊ မကောင်းဘူး၊ မကောင်းဘူး” ဟု ကလေးတွေက ၀ိုင်းအော်ကြသည်။ ယင်းကဲ့သို့ ပုံများကို ပြသလာလျင် မကြည့်သင့်ကြောင်း၊ ဆရာများကိုပဲ ဖြစ်ဖြစ်၊ မိဘများကိုပဲ ဖြစ်ဖြစ် ပြောပြ သင့်ကြောင်း လင်းနက် က ပြောဆိုခဲ့သည်။

နောက်ထပ် ကတ်ပြားတစ်ခုတွင် လိင်အသားပေး ရုပ်ရှင်ကားကို ကြည့်ရှုနေသည့် လူကြီးနှစ်ဦးပုံပါ ရှိသည်။ ယင်းကဲ့သို့ ရုပ်ရှင်များတွင် ရုပ်ရှင် သရုပ်ဆောင်များသည် အ၀တ်အစား ၀တ်ထားခြင်း မရှိသောကြောင့် လူကြီးများအတွက် အဓိက ဦးစားပေးသော ရုပ်ရှင်များသာ ဖြစ်ကြောင်း လင်းနက် ကရှင်းပြသည်။ ယင်းကဲ့သို့ ရုပ်ရှင်မျိုးနှင့် ယဉ်ပါးနေသည့် ကလေးတချို့လည်းရှိ နေပါသည်။ အစ်ကိုဖြစ်သူက ယင်းကဲ့သို့ ရုပ်ရှင်မျိုးကို ကြည့်လေ့ ရှိကြောင်း၊ အစ်ကိုဖြစ်သူမှာ အသက် (၂၀) ရှိနေပြီဖြစ်ကြောင်း ကလေးတစ်ဦးက ပြောဆိုခဲ့သည်။

ခန္ဓာကိုယ် အစိတ်အပိုင်းများ အကြောင်း သိရှိလိုသော်လည်း လိင်ပိုင်းဆိုင်ရာ ကိစ္စများကိုမူ စက်ဆုတ်သည့် ကလေးများလည်းရှိ နေပါသည်။ သို့သော် လင်းနက်က ၁၉၉၀ ပြည့်နှစ်များကလည်း သူ့အနေနှင့် လိင်ပညာရေး နယ်ပယ်တွင် ကျင်လည်နေခဲ့ပြီဖြစ်ပြီး ၂၀၀၂ ခုနှစ် များလောက် မှစကာ အင်တာနက် အသုံးပြုမှု တွင်ကျယ်လာ သောကြောင့် ကလေးငယ်များပင်လျင် လိင်အသားပေး ရုပ်ရှင်များနှင့် ရုပ်ပုံများကို မြင်တွေ့ခွင့်ရလာခဲ့ကြောင်း ပြောဆိုခဲ့သည်။

ယင်းကဲ့သို့  ရုပ်ပုံမျိုးကို မကြာခဏ မြင်တွေ့ခွင့်ရလာ သောကြောင့် ကလေးများသည် လိင်ပိုင်းဆိုင်ရာ မသင့်တော်သော အပြုအမူ များကို ပြုလုပ်လာနိုင် သလို လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခံရနိုင်ခြေလည်း ရှိလာနိုင်ကြောင်း သူက ပြောသည်။ ထို့ပြင် အွန်လိုင်းနှင့် မီဒီယာများတွင် လိင်ပိုင်း ဆိုင်ရာ ကိစ္စများနှင့် ပတ်သက်ပြီး မြင်တွေ့ခဲ့ပါက ကလေးငယ် တချို့သည် နားလည်ချင်ကြ သောကြောင့် လူကြီးများကို မေးမြန်းတတ်ကြ ပြန်သည်။ လက်ရှိလိင် နှင့် လူမှု ဆက်ဆံရေးဆိုင်ရာ ပညာပေးမှုများတွင် sexting ခေါ် လိင်အသားပေးရုပ်ပုံများ၊ စာသားများကို မိုဘိုင်းဖုန်းမှ တစ်ဆင့် ပေးပို့ခြင်း နှင့် လိင်အသားပေးရုပ်ရှင်ကားများ ပြန့်နှံ့နေခြင်းတို့နှင့် ပတ်သက်သည့် လမ်းညွှန်မှုများ မပါဝင်သောကြောင့် ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်ရန် လိုအပ်နေပြီဖြစ်ကြောင်း လင်းနက်က သတိပေးသည်။

ကလေးငယ်များအား လိင်ပညာပေးမှု မပြုခင်တွင် လင်းနက်သည် မိဘများနှင့် ဦးစွာတွေ့ဆုံခဲ့သည်။ မူလတန်း အရွယ်တွင် ကလေးငယ် များအား အဆိုပါ ကိစ္စများနှင့် ပတ်သက်ပြီး ပြောပြရန် လိုအပ်ပုံကို လင်းနက်က မိဘများကို ပြောဆိုခဲ့သည်။ ထို့ပြင် အဆိုပါ ကိစ္စများနှင့် ပတ်သက်လျင် လည်း မိဘများသည် ကလေးငယ်များ နားလည်အောင် ရှင်းပြနိုင်ရန် ကြိုတင် ပြင်ဆင်ထား ရမည်ဖြစ်သည်။

မင်းတို့ကြီးလာလျင် ငါတို့ကိုမေး ဟု ကလေးများကို မပြောသင့်ကြောင်း၊ ယင်းသို့ ပြောဆိုမှုသည် Google တွင် သွားရှာဟု ကလေးများကို ပြောဆိုလိုက်ရာကျ နေကြောင်း သူကပြောသည်။ မိဘများနှင့် အဆိုပါ ကိစ္စများနှင့် ပတ်သက်ပြီး ငယ်ရွယ်စဉ်ကတည်း က လွတ်လပ်စွာပြောဆိုလို့ရပါက ဆယ်ကျော်သက် အရွယ်တွင်လည်း ၎င်း ကိစ္စများနှင့် ပတ်သက်ပြီး  မိဘများကို  တိုင်ပင်လိမ့်မည်ဖြစ်ကြောင်း လင်းနက်က ထောက်ပြသည်။မူလတန်းနှင့် အလယ်တန်း အရွယ်တွင် ကလေးငယ်များအား လင်ပညာပေးမှု မရှိသောကြောင့် ကလေးများ ပျိုဖော်ဝင်ချိန် အရွယ် ကိုယ့်ခန္ဓာကိုယ်နှင့်ပတ်သက်ပြီး နားမလည်ဘဲရှိ နေတတ်ကြောင်း ofsted ၏ အစီရင်ခံစာက ထောက်ပြခဲ့သည်။

မိဘများနှင့် ဆရာများသည် ကလေးများအား ပွင့်ပွင့်လင်းလင်း ရိုးရိုးသားသားနှင့် ပြောပြသင့်ကြောင်း မစ္စပူလ်က ပြောဆိုခဲ့သည်။ နောက်ထပ် မျိုးဆက်တစ်ခု လိင်ပညာရေးချို့တဲ့မည်ကို စိုးရိမ် သောကြောင့် ယခု အချိန်မှစပြီး  ပညာပေးမှုကို  စတင်သင့်ကြောင်း သူက သတိပေး ပြောဆိုခဲ့သည်။

Ref: Online porn: Can schools keep pupils safe and innocent?

messenger