ပြည်နယ်နှင့်တိုင်းဒေသကြီးအချို့တွင် ရေကြီးနိုင်

ပို့စ်တင်ချိန် - 6/17/2014 12:26:00 PM




ဇာဏီထွဏ်း၊ ဖိုးစိုးသူ| အင်္ဂါနေ့၊ ဇွန်လ ၁၇ ရက်၊ ၂၀၁၄ ခုနှစ်

မိုးလေ၀သနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီ တိုင်းများတွင် ယခုရက်သတ္တပတ်အတွင်း ရေကြီးရေလျှံမှုများဖြစ်ပေါ်လာနိုင်သဖြင့် တိုင်းအလိုက် သတင်းအချက်အလက် ထုတ်ပြန် သတိပေးမှုများပြုလုပ်ပေးလျက်ရှိသည်ဟု မိုးလေ၀သနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ဒုတိယ ညွန်ကြားရေးမှူး ဦးကျော်လွင်ဦးက ဇွန်လ ၁၆ရက်တွင် မဇ္ဈိမကို ပြောသည်။

မိုးဇလမှ တိုင်းတာချက်များအရ မွန်ပြည်နယ်၊ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ၊ တနင်္သာရီကမ်းရိုးတန်းဒေသ၊ ရခိုင်ကမ်းရိုးတန်းဒေသ၊ ရန်ကုန်တိုင်းနှင့် မကွေးတိုင်း အနောက်ခြမ်းတို့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုများဖြစ်ပေါ်နိုင်ကြောင်း သိရသည်။ မိုးရေချိန်မှာ စိုးရိမ်မှတ်သုံးလက်မနှင့် အထက်တွင်ရှိနိုင်ပြီး ဇွန်လ ၂၂ ရက်အထိ ဆက်လက်ဖြစ်ပေါ်နိုင်သည် ဟု ဦးကျော်လွင်ဦးက ပြောသည်။

“ မုတ်သုံအားကောင်းနေတယ်ဆိုတော့ ကမ်းနီးကမ်းဝေး ငါးဖမ်းလုပ်ငန်းတွေ ၊ ပြည်တွင်းရေကြောင်း ခရီးသွားလုပ် ငန်းတွေ ၊ မြစ်ဝကျွန်းပေါ်ခရီးသည်ပို့ ဆောင်ရေးလုပ်ငန်းတွေ သတိထားနိုင်ဖို့ကို ထုတ်ပြန်ကြေညာတာ တွေလုပ်နေပါ တယ်။ မိုးဇလ၀က်ဘ်ဆိုက်မှာလည်း အချိန် နဲ့ တစ်ပြေးညီ ထုတ်ပြန်ပေးနေပါတယ်” ဟု ၎င်းကဆိုသည်။

ဆက်လက်ပြီး ၎င်းကရေကြီးရေလျှံမှုများဖြစ်ပေါ်လာနိုင်သော်လည်း မြစ်ရေကြီးမှုအခြေအနေမှာ စိုးရိမ်ရေအမှတ်အထိ မရောက်နိုင်ဟု ခန့်မှန်းပြောဆိုသည်။ကမ္ဘာ့အသိအမှတ်ပြု အဖွဲ့အစည်းဖြစ်သော အမျိုးသားအာကာသနှင့် လေကြောင်း ဦးစီးဌာန (NASA) ၏ ဇွန်လ ၁၆ ရက်၊ မြန်မာစံတော်ချိန် နံနက် ၃ နာရီခွဲ တိုင်းတာချက်အရ ရန်ကုန်တိုင်းအရှေ့ပိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းတောင်ပိုင်း၊ မွန်ပြည်နယ်မြောက်ပိုင်းတို့တွင် ရေကြီးနိုင်သည်ဟု မိုးလေ၀သပညာနှင့်ဇလဗေဒ ရှင်ဦးထွန်းလွင်၏ ဖေ့စ်ဘွတ်လူမှုကွန်ရက် စာမျက်နှာတွင် ဖော်ပြထားသည်။

နာဆာကဖော်ပြထားသော ရေကြီးနိုင်သည့်နေရာများမှာ ရန်ကုန်တိုင်းတွင် မင်္ဂလာဒုံမြို့နယ်နှင့် အနီးတ၀ိုက်၊ ဧရာဝတီ တွင် ပုသိမ်၊ မအူပင်မြို့များနှင့် အနီးတစ်ဝိုက်၊ ပဲခူးတိုင်၊ ပဲခူးမြို့နှင့်၊ မွန်ပြည်နယ်သထုံမြို့နှင့် အနီးတစ်ဝိုက်တို့ ဖြစ် သည်။

မိုးရွာသွန်းမှုကြောင့် ရေအနက်တစ်ပေကျော်သည်အထိ ရောက်ရှိနိုင်သည့်ဒေသများဖြစ်သော မင်္ဂလာဒုံမြို့နယ်၊ သထုံ မြို့၊ အနီးရှိဒေသများတွင် ကြိုတင်ကာ ကွယ်မှုများ ဆောင်ရွက်ရန်လိုအပ်သည်ဟု ဦးထွန်းလွင်က ၎င်း၏ဖေ့ဘွတ်စာ မျက်နှာတွင် ရေးသားထားသည်။

ပဲခူးတိုင်းအတွင်း နှစ်စဉ်ရေကြီးရေလျှံ မှုများဖြစ်ပွားလေ့ရှိသော ပဲခူးတိုင်း အနောက်ပိုင်း ပဲခူးမြို့နှင့် တောင်ငူမြို့များ တွင်ရေကြီးရေလျှံမှုများကို ကာကွယ်ရန် အတွက် ပဲခူးမြစ်နှင့် စစ်တောင်းမြစ်ကို ဆက်သွယ်ထားသော ပဲခူးစစ်တောင်း တူးမြောင်းကို နိုင်ငံတော်သမ်တဘဏ္ဍာငွေဖြင့် အကုန်ကျခံကာ ပြန်လည်တူးဖော်ထားပြီဖြစ်၍ ရေကြီးရေလျှံမှုဘေးမှ ကာကွယ်နိုင်မည်ဖြစ်ကြောင်း ပဲခူးတိုင်းအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးမောင်မောင်သန်းက ပြောသည်။

မွန်ပြည်နယ် အစိုးရအဖွဲ့မှတာဝန်ရှိသူ တစ်ဦးကလည်း မိုးရွာသွန်းမှုများကြောင့် မွန်ပြည်နယ်တွင် နှစ်စဉ်ရေကြီးလေ့ရှိ သော ဘီးလင်း၊ ရေးမြို့၊ ကျိုက်မရော၊ ချောင်းနှစ်ခွ ဒေသများတွင် ရေကြီးရေလျှံမှုသတိပေးစာ ရွက်များကိုဝေငှပြီး သတိ ပေးအကြောင်း ကြား မှုများရေကြီးမှုအန္တရာယ်သတိပေးချက်များကို လုပ်ဆောင်နေသည်ဟု ပြောသည်။

Mizzima Burmese