ကင်ဆာရောဂါသည် ကလေးများအတွက် အမြတ်နိုးဆုံး ဆံပင်များကို ဖြတ်လှူခဲ့သည့် (၄)နှစ်အရွယ်သမီးလေး

ပို့စ်တင်ချိန် - 6/17/2014 05:23:00 PM


အသက်(၄)နှစ်အရွယ်သာ ရှိသေးသည့် အီဗီလီ အော်စတင်သည် ဂျာမနီရိုးရာပုံပြင်လေးတစ်ပုဒ်မှ ဆံပင်ရှည်ရှည် မင်းသမီးလေး ရာပွန်ဇဲလ်ကို အလွန်အားကျသူ ဖြစ်သည်။

ထို့ကြောင့်လည်း သူမကိုယ်တိုင် ဆံပင်အရှည်ထားကာ မိမိကိုယ်ကို ရာပွန်ဇဲလ်အဖြစ် စိတ်ကူးယဉ်လေ့ ရှိသည်။ သို့သော်လည်း ကလေးမလေးသည် လှပကောင်းမွန်သည့် စိတ်စေတနာဖြင့် သူမ၏ ဆံပင်များကို အဆုံးရှုံးခံရန် ဆုံးဖြတ်ခဲ့သည်။

Tangled အမည်ဖြင့် ကာတွန်းရုပ်ရှင် ဖန်တီးရိုက်ကူးခဲ့သည့်နောက် ရာပွန်ဇဲလ် မင်းသမီးလေးကို ကလေးငယ်များက ပိုမိုရင်းနှီးကျွမ်းဝင်လာရာ ယင်းတို့အနက် အော်စတင်သည်လည်း တစ်ဦးအပါအဝင် ဖြစ်သည်။ သူမသည် လှပရှည်လျားသည့် ဆံနွယ်များအတွက် ဂုဏ်ယူပျော်ရွှင်နေတတ်ပြီး မိမိကိုယ်ကိုယ် ရာပွန်ဇဲလ်အဖြစ် ညွှန်းဆိုကာ ဆော့ကစားလေ့ ရှိသည်။



သို့သော်လည်း အကြောင်းတိုက်ဆိုင်၍ မိခင်ဖြစ်သူ ဆာရာမေက ကင်ဆာရောဂါ ခံစားရသူများတွင် ဆံပင်များ ဆုံးရှုံးရတတ်ခြင်းကို အော်စတင်အား ပြောပြခဲ့ပြီးနောက် ဗြိတိသျှ မိန်းကလေးငယ်၏ ခံယူချက်မှာ ပြောင်းလဲသွားခဲ့သည်။ အော်စတင်သည် ခါးထိရှည်သော ဆံပင်များကို (၁၄)လက်မ ဖြတ်တောက်ကာ ကင်ဆာရောဂါသည် ကလေးသူငယ်များအတွက် လှူဒါန်းရန် ဆုံးဖြတ်ခဲ့သည်။

အော်စတင်၏ အသက်(၆၇)နှစ်အရွယ် အဘိုးဖြစ်သူသည် ပြင်းထန်သည့် အဆုတ်ကင်ဆာကို ခံစားနေရရှာသည်။ အဘိုး၏ ဆံပင်များ ကျွတ်ကုန်ခြင်းနှင့် ပတ်သက်ပြီး အော်စတင်က မိခင်ကို တအံ့တဩ မေးမြန်းသည့်အခါ မိခင်က စိတ်ရှည်လက်ရှည် ရှင်းပြခဲ့သည်။ ထို့နောက်တွင်မူ အော်စတင်က သူမ၏ဆံပင်များကို ဆံပင်တု ပြုလုပ်ကာ အခြားကလေးများထံ မျှဝေလှူဒါန်းနိုင်သည်ကိုပါ သိရှိသွားသည်။

“ကင်ဆာရောဂါကြောင့် ဆံပင်မရှိရှာတော့တဲ့ ကလေးလေးတွေအကြောင်းကို ကျွန်မပြောပြတယ်။ သူတို့ဘဝက အရမ်းသနားဖို့ ကောင်းတာကိုလည်း သမီးလေးကို ရှင်းပြလိုက်တယ်။ သူက အရမ်းအံ့ဩ ထိတ်လန့်သွားပါတယ်။ အရင်ကဆို သူ့ဆံပင်တွေကို လုံးဝ အထိခံတာ မဟုတ်ဘူး။ ဒါပေမဲ့ သမီးလေးက ကင်ဆာရောဂါ ဖြစ်နေတဲ့ တခြားကလေးတွေကိုလည်း သူ့လိုပဲ လှပတဲ့ ဆံပင်တွေ ပိုင်ဆိုင်ပြီး မင်းသမီးလေး ရာပွန်ဇဲလ်အဖြစ် စိတ်ကူးယဉ်စေချင်တယ်လေ”ဟု မေက ရှင်းပြသည်။

သူမက “သမီးလေးရဲ့ ဆံပင်တွေကို ညှပ်ပစ်ဖို့ ကျွန်မ ဘယ်တုန်းကမှ မလိုလားခဲ့ဘူး။ ဒါပေမဲ့ သမီးရဲ့ စိတ်ဆန္ဒကို မတားမြစ်ဖို့ ကျွန်မရော၊ သူ့အဖေပါ သဘောတူခဲ့ကြတယ်။ သူ့ဆံပင်တွေကို တကယ်တမ်း ညှပ်တဲ့အချိန်ကျတော့ သမီးက အေးအေးဆေးဆေးပဲ။ ကျွန်မကသာ ငိုမိမလို ဖြစ်ခဲ့သေးတယ်။ ဒါပေမဲ့ သမီးလေးအတွက် အရမ်းဂုဏ်ယူပါတယ်။ ဒီအသက်အရွယ်လေးနဲ့ သူတွေးခေါ် စဉ်းစားခဲ့ပုံက အံ့ဩစရာပါပဲ။ သူဟာ ကမ္ဘာကြီးကို တတ်နိုင်သလောက် ပိုကောင်းမွန်လာအောင် ကူညီပေးချင်တဲ့ မိန်းကလေးတစ်ယောက်ပါ”ဟုလည်း သမီးဖြစ်သူအား ချီးကျူးခဲ့သည်။

အော်စတင်၏ ဆံပင်များသည် ကလေးသုံးဦးစာအတွက် ဆံပင်တုများ ဖန်တီးနိုင်လောက်အောင် လုံလောက်မှု ရှိခဲ့သည်။ အော်စတင်၏ မိဘများက ဆံပင်များနှင့်အတူ စတာလင်ပေါင် (၃၅၀)ကိုလည်း Little Princess Trust ကင်ဆာရောဂါသည် ကလေးငယ်များ ရန်ပုံငွေအဖွဲ့သို့ ပေးအပ်လှူဒါန်းခဲ့သည်။ ထိုသတင်းကို ကြားသိရသည့် မိတ်ဆွေများကပါ ပူးပေါင်းကူညီခြင်းကြောင့် ရန်ပုံငွေ ပမာဏ စတာလင်ပေါင် (၁၁၀၀)ထိ တိုးပွား လှူဒါန်းနိုင်ခဲ့သည်။

ယခုအခါ အော်စတင်သည် အလွန်နှစ်သက်သည့် Tangled ကာတွန်းဇာတ်ကားမှ မင်းသမီးလေး ရာပွန်ဇဲလ်ကဲ့သို့ ဆံပင်ရှည်ရှည်များနှင့် မဟုတ်တော့ချေ။ သို့သော်လည်း သူမသည် ရာပွန်ဇဲလ်အဖြစ် ဆက်ရှိနေဆဲဟု ကလေးမလေးက ခံယူထားကြောင်းလည်း မိခင်ဖြစ်သူက ပြောကြားသွားသည်။

_Ref; Dailymail
7day daily