ကျပ်သန်းပေါင်း ကိုးသိန်းကျော် အကုန်ကျခံဆောက်ခဲ့သည့် အမြန်လမ်း ရှစ်လမ်းသွားချဲ့ရန် ငွေပမာဏဆတူ ထပ်ကုန်မည်

ပို့စ်တင်ချိန် - 5/16/2014 11:43:00 AM




ကျပ်သန်းပေါင်း ကိုးသိန်းကျော် အကုန်ကျခံတည်ဆောက်ခဲ့သည့် အမြန်လမ်းမကြီးသည် ရှစ်လမ်းသွားအဖြစ်တည်ဆောက်ပြီးမှသာအမြန်လမ်းအင်္ဂါရပ်နှင့် ပြည့်စုံမည်ဖြစ်ကြောင်း
 ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးစိုးတင့်ကပြောကြားသည်။

‘‘ပြီးသလောက် အသုံးချလို့ ရအောင် အကျိုးဖြစ်ထွန်းမယ်ဆိုတဲ့ လမ်းညွှန်ချက်များအရ ဖွင့် ပေးလိုက်တာဖြစ်ပါတယ်’’ ဟု လမ်းပေါ်တွင် ယာဉ်တိမ်းမှောက်မှု၊ တံတားအောက်ထိုးကျမှုဖြစ်စဉ်များ ဖြစ်ပွားခဲ့ခြင်းအပေါ် ဦးစိုးတင့်က တုံ့ပြန်ပြောကြားခဲ့ခြင်းဖြစ်သည်။

စစ်အစိုးရ ဖောက်လုပ်ခဲ့သည့် အမြန်လမ်းကုန်ကျစရိတ်ကို အစိုးရအနေဖြင့် ပထမဆုံးအကြိမ် ထုတ်ဖော်ပြောဆိုခြင်းဖြစ်ပြီး လမ်းမိုင်တစ်မိုင်လျှင် ကျပ် သန်း ၂၅၀၀ ရှိကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန အင်ဂျင်နီယာချုပ် ဦးကျော်လင်းကပြော သည်။

လမ်းမိုင်တစ်မိုင်လျှင် ကုန်ကျစရိတ် ကျပ်သန်း ၂၅၀၀ ရှိသည်ဆို၍ လမ်းအရှည် ၃၆၆ မိုင်နှင့်တွက်လျှင် ကုန်ကျစရိတ်ပေါင်း ကျပ်သိန်းကိုးသိန်းတစ်သောင်းကျော် (ကျပ်၉၁၅ ဘီလီယံကျော်) ရှိသည်။

စီမံကိန်းလျာထားချက်အရ ကျန်သည့် လေးလမ်းကို ဆက်လက်ဖော်လုပ်လျှင်မူ အချို့အပိုင်းများတွင် မြေကြီးလုပ်ငန်းများ လုပ်ဆောင်ထားပြီးဖြစ်၍ ပထမကုန်ကျစရိတ်ကဲ့သို့ မများနိုင်ကြောင်း ဒုတိယ၀န်ကြီးက ပြောသည်။

ထို့အပြင် ရှစ်လမ်းသွားအဖြစ် ဆက်လက်ဖောက်လုပ်ရန်အတွက် အမေရိကန်နိုင်ငံမှ နည်းပညာအကူအညီရရှိမည်ဖြစ်ပြီး ငွေကြေးအကူအညီများပါရရှိနိုင်ကြောင်း သိရသည်။ သို့သော်လည်း လက်ရှိတွင် ဖြစ်မြောက်နိုင်စွမ်းလေ့လာစူးစမ်းမှု ပြုလုပ်လျက်ရှိရာ ဖောက်လုပ်မည့် အချိန်ကာလနှင့် ဘတ်ဂျက်တင်ပြတောင်းခံမှုကိုမူ မပြောနိုင်သေးကြောင်း ဦးစိုးတင့်ကဆိုသည်။

လမ်းမကြီးသည် အင်္ဂါရပ် မပြည့်စုံသေးကြောင်း ၎င်းတို့က ၀န်ခံသော်လည်း အရည်အသွေး မပြည့်မီကြောင်းနှင့် ဒီဇိုင်းမှားနေကြောင်း ဝေဖန်မှုများကိုမူ ငြင်းဆိုသည်။

ဂျပန်နိုင်ငံ ပို့ဆောင်ရေး၊ ခရီးသွားနှင့် အခြေခံအဆောက်အအုံဝန်ကြီးဌာနမှ လေ့လာရေးအဖွဲ့ က ၎င်းတို့၏ ကန်ဒေါ်လာ နှစ်သန်းခန့်တန်သော စက်ဖြင့် တစ်ပတ်ကြာလာရောက်စမ်းသပ်လေ့လာခဲ့ကြောင်း၊ ၎င်းတို့၏ လေ့လာစမ်းသပ်မှုအရ လမ်း၏ ၇၅ ရာခိုင်နှုန်းက ကောင်းသည့်အခြေအနေတွင်ရှိပြီး ၁၉ ရာခိုင်နှုန်းက ပြုပြင်ရန် လိုအပ်ကာ ၆ရာခိုင်နှုန်း(မိုင်၂၀ ကျော်)က အမြန်ပြုပြင်ရန် လိုအပ်ကြောင်း တွေ့ရှိခဲ့ရသည်ဟု ဦးကျော်လင်းက ဆိုသည်။

လမ်းဒီဇိုင်းအပေါ် ဝေဖန်မှု နှင့် ပတ်သက်၍ ‘‘လမ်းဒီဇိုင်းမှားနေရင် လမ်းကြောင့် ဖြစ်တာတွေ ပိုများမှာပေါ့။ အမေရိကန်၊ ဂျပန်၊ တောင်ကိုရီးယား၊ တရုတ် ပညာရှင် အဖွဲ့တွေနဲ့လည်း စစ်ဆေးပြီးပါပြီ။ မှန်တယ်လို့ပဲ သုံးသပ်ထားပါတယ်’’ဟု ဒုတိယ၀န်ကြီးက တုံ့ပြန်ပြောကြားသည်။

ထို့အပြင် အသက်ပေါင်းများစွာ ဆုံးရှုံးခဲ့သောကြောင့် ဝေဖန်မှုများစွာ ထွက်ပေါ်လျက်ရှိသည့် အဆိုပါလမ်းမကြီးကို ရထားပို့ဆောင်ရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးသန်းဌေးက ‘‘အမြန်လမ်း’’ဟု မသုံးနှုန်းဘဲ ရန်ကုန်နှင့် မန္တလေးကို ခုနစ်နာရီဖြင့် ရောက်နိုင်သည့် ကွန်ကရစ်လမ်းဟုသာ ပြောင်းလဲသုံးနှုန်းပြောဆိုသွားသည်။

အဆိုပါလမ်းမကြီး၏ ကုန်ကျစရိတ်ကို ခရီးသည် ၁၄ ဦး သေဆုံးခဲ့သည့်ဖြစ်ရပ် ဖြစ်ပွားပြီးနောက် သုံးရက်အကြာတွင် အင်ဂျင်နီယာချုပ်က တရားဝင် ထုတ်ဖော်ပြောကြားခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း လမ်းဖောက်လုပ်စဉ်က တာဝန်ယူဖောက်လုပ်သူများ ရုတ်တရက် ကြွယ်ဝသွားခဲ့ရာ ဝေဖန်မှုများလည်း ရှိနေခဲ့သည်။

‘‘အဲဒီတုန်းက ကျောက်ဈေး၊အစိုးရက ရောင်းပေးတဲ့ စက်သုံးဆီဈေး၊ မှောင်ခိုဈေးနဲ့ လုပ်အားခပေါက်ဈေးအရ အများကြီးကွာတယ်’’ဟု လမ်းလုပ်ငန်းများတွင် ပါဝင်လုပ်ဆောင်ခဲ့သူ ပျဉ်းမနားမြို့မှ အင်ဂျင်နီယာ ဦးဝင်းမောင်လွင်ကပြောသည်။

မြေသားလုပ်ငန်းသည် တာဝန်ယူလုပ်ကိုင်ရသူများအတွက် ငွေရှာရန် အကောင်းဆုံး ဖြစ်ကြောင်းလည်း အင်ဂျင်နီယာအချို့ကပြောဆိုကြသည်။

7day Daily