သတိပေးရာမှသည် အချက်ပေးသကဲ့သို့ဖြစ်မှာကို စိုးရိမ်လှပါသည်..ထင် လင်း ဦး

ပို့စ်တင်ချိန် - 5/16/2014 10:28:00 PM


မေ (၁၅) ရက်နေ့က မန္တလေးမြို့ ၊ မြို့တော်ခန်းမမှာ ကျင်းပခဲ့တဲ့ စာတတ်မြောက်ရေး လှုပ်ရှားမှု ဂုဏ်ပြုအခမ်းအနားမှာ နိုင်ငံတော်သမ္မတကြီးက ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကြောင့် တိုင်းပြည်ဆူပူမည် ကို ပြည်သူပြည်သား များက မလိုလားကြဘူး လို့ ထည့်သွင်းပြောကြားခဲ့ပါတယ် ။

ဒီစကားဟာ အမှန်ပါ ။ ပြည်သူတွေက တိုင်းပြည်မှာ ဆူပူမှုတွေဖြစ်မှာကို မလိုလားသလို ဒီမိုကရေစီအရေး တိုက်ပွဲဝင်နေသူတွေ ကလည်းမလိုလားကြပါဘူး ။ ဒါပေမဲ့ စကားအဖြစ်နဲ့တင် စိုးရိမ်ကြောင်း ပြောမနေဘဲ ဒီပြဿနာတွေမဖြစ်လာ အောင် လုပ်ဆောင်ပေးရမဲ့တာဝန်က ဘယ်သူတွေမှာ တာဝန်ရှိပါသလဲ ။ ဒီဖွဲ့စည်းပုံဟာ ပြင်ဆင်ဖို့ မလိုလောက်အောင်ကို ပြီးပြည့်စုံနေပါသလား ၊ ဒီမိုကရေစီစနစ်ကို တကယ်ပဲ တည်ဆောက်နိုင်မဲ့ ဥပဒေလား ၊ ပြည်ထောင်စုစနစ်ကို အမှန်တကယ် ဖော်ဆောင်နိုင်ပြီး ပြည်တွင်းငြိမ်းချမ်းရေး ကို တကယ်ဖော်ဆောင်နိုင်မဲ့ ဥပဒေလား ၊ နိုင်ငံသားတို့ရဲ့ အခွင့်အရေးတွေကို တကယ်ပဲ ဖော်ဆောင်ပေး ၊ အကာအကွယ်ပေး နိုင်မဲ့ဥပဒေလား ဆိုတာကို အနီးမှာ အကြံပေးမဲ့ ထောက်ပြမဲ့သူတွေ ၀န်းရံနေတဲ့သမ္မတကြီး တစ်ယောက် အနေနဲ့ မသိစရာမရှိလောက်ဘူးထင်ပါတယ် ။ ဟိုကသည်က ကူးရေး ပြီး ကိုယ့်အလိုကျ ဖြည့်စွက်ထားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကြီးဟာ ခေတ်စနစ်နဲ့လည်း မကိုက်ညီ ၊ ဒီမိုကရေစီ စနစ်နဲ့လည်း မကိုက်ညီတဲ့ ဥပဒေကြီးကို ပြင်ဆင်ဖို့ လိုတယ်ဆိုတာလည်း အားလုံးအသိပါ ။

အမျိုးသား ပြန်လည်သင့်မြတ်ရေးကို တကယ်စိတ်လိုလက်ရ လိုလားသူတစ်ယောက်အနေနဲ့ဆိုရင် ဒီလိုအခြေအနေမျိုးမှာ အားလုံးပါဝင်နိုင်တဲ့ ဆွေးနွေးညှိနှိုင်းမှုကို ဖိတ်ခေါ်သင့် ၊ ခေါ်ယူဆွေးနွေးသင့်တယ်လို့ ထင်မြင်ယူဆပါတယ် ။ ဒီဖွဲ့စည်းပုံ အခြေခံ ဥပဒေကို အေးအေး ချမ်းချမ်း ပြင်ဆင်နိုင်ဖို့ အတွက် ညှိနှိုင်းဆွေးနွေးပွဲတွေကနေ သွားနိုင်ပါလျက်နဲ့ ၊ တိုင်းရင်းသားတွေပါ ပါဝင်ပြီး တစ်ဆင့်ပြီးတစ်ဆင့် ငြိမ်းချမ်းစွာ ပြင်ဆင်သွားဖို့ကို ကတိက၀တ်ပြု ဦးဆောင်ဦးရွက်ပြုသင့်တဲ့ သူတစ်ယောက်အနေအထားကို လျစ်လျှူရှု ခဲ့တဲ့ အတွက် ခုလို အခြေအနေတစ်ခု ဆိုက်ရောက်လာရတာပါ လို့ ဆိုရင် ဘယ်လိုများ ငြင်းချက် ထုတ်ဦးမလဲ ဆိုတာ သိချင်ပါသေးတယ် ။

ခုလို နိုင်ငံတော် အကြီးအကဲတစ်ယောက်က တိုင်းပြည်ဆူပူမှုဖြစ်မှာကို စိုးရိမ်တယ် ဆိုတဲ့ စကားကို အချိန်ကိုက် ထုတ်ပြောတာဟာ ဘယ်လိုများပါလိမ့်လို့ သံသယဖြစ်မိပါတယ် ။ တကယ်စိုးရိမ်တာဆိုရင်တော့ အဲဒီလိုအခြေအနေမျိုး တွေမဖြစ်ရလေအောင်
ဆန္ဒဖော်ထုတ်ပွဲတွေကို တစ်ရက်တည်း ၊ တစ်နေရာတည်းမှာ ခွင့်ပြုချက်ပေးတာမျိုးတွေ မဖြစ်ဖို့
ဒေသန္တရအုပ်ချုပ်ရေးအာဏာပိုင်တွေက ထိမ်းညှိပေး တာမျိုး ၊ လုံခြုံရေးထိမ်း အကွပ် ပေးတာမျိုးတွေကို အလေးထားလုပ်ဆောင်သွားရမယ် လို့ အကြံပြု ချင်ပါတယ် ၊ အဲဒီလိုမှ မဟုတ်ရင်တော့ မျှော်လင့်ထားတဲ့ ပြဿနာတွေထဲကို တည့်တည့်ဝင်မှာပါပဲ ။ အဲဒါဆိုရင်တော့ အခုပြောခဲ့တဲ့ ဆူပူမှုတွေဖြစ် မှာကို စိုးရိမ်မိတယ်ဆိုတဲ့ သမ္မတကြီးရဲ့ စကားဟာ ဖြစ်လာမှာကို စိုးရိမ်တာ မဟုတ်ဘဲ ဖြစ်လာဖို့အတွက် မီးစိမ်းပြလိုက်တဲ့သဘောမျိုးလို့ သတ်မှတ်ရပါတော့မယ် ။
ဒါကြောင့် ဒီစိုးရိမ်စကားဟာ အခြေခံဥပဒေ ပြင်ဆင်ရေး အေးချမ်းစွာ ဆန္ဒဖော်ထုတ်မှုများကနေ ပဋိပက္ခအသွင်ဆောင် မလာအောင် သတိပေးတာပဲလား ၊ ပဋိပက္ခများ ၊ ထိပ်တိုက်တွေ့ဆုံမှုများ ဖြစ်လာအောင် တန်ပြန်ဆန္ဒ ဖော်ထုတ်ကြတာမျိုးတွေ ၊ အခြေအနေ တွေကို ရှုပ်ထွေးအောင်လုပ်မဲ့ လုပ်ဆောင်မှု တွေရဲ့ နောက်ကွယ် က လက်မဲကြီးတွေကို စကားလမ်းကြောင်း ပေးလိုက်သလို ဖြစ်လေမလား ဆိုတာကိုတော့ ပြန်လည် စိုးရိမ်မိကြောင်းပါဗျာ ။

Dawnmanhon( ဒေါင်းမာန်ဟုန်)