ဗိုလ်ချုပ် စောလားဘွယ် ကွယ်လွန်ပြီဆိုသော သတင်းမဟုတ်၊ မေ ၁၉ရက် ဆေးရုံကဆင်းနိုင်မည်

ပို့စ်တင်ချိန် - 5/16/2014 11:45:00 PM


ဟင်္သာနီ (မွန်မြေ)

စံခလပူရီ၊ မဇ္ဈိမ။ ။ စင်ကာပူ၌ ဆေးကုသမှု ခံယူနေသည့် ဒီမိုကရေစီ အကျိုးပြု ကရင်အမျိုးသား တပ်မတော် (DKBA) စစ်ဦးစီးချုပ် ဗိုလ်ချုပ် စောလားဘွယ်သည် မေလ ၁၉ ရက်၌ ဆေးရုံကဆင်းကာ မြန်မာနိုင်ငံသို့ ပြန်လာမည်ဟု DKBA အဖွဲ့၏ မြဝတီ ဆက်ဆံရေးရုံး တာဝန်ခံ ဗိုလ်ကြီး စိုးမြင့်က မဇ္ဈိမကို ပြောသည်။

“ကျွန်တော်တို့ကို အကြောင်းကြားထားတဲ့ သတင်းအရတော့ ဗိုလ်ချုပ်က ကျန်းမာစွာနဲ့ ဒီလ ၁၉ ရက်နေ့ ပြန်လာတော့မယ်၊ ဆေးဝါးကုသမှု၊ ဆေးစစ်ချက်အရ အခြေအနေ
အားလုံး ကောင်းမွန်တယ်လို့ ပြောတယ်ခင်ဗျ၊ အဲဒါကြောင့်လည်း ပြန်လာဖို့ ဆုံးဖြတ်တာပါ” ဟု ဗိုလ်ကြီး စိုးမြင့်က ပြောသည်။

ထိုသို့ စစ်ဦးစီးချုပ် ဗိုလ်ချုပ် စောလားဖွယ် စင်ကာပူ၌ ဆေးကုသမှု ခံယူနေစဉ် အတွင်း၌ ပြီးခဲ့သည့် ဧပြီလ ၁၆ ရက်က တစ်ကြိမ်၊ ယခု မေလ ၉ရက်တွင် တစ်ကြိမ် ဗိုလ်ချုပ်စောလားဘွယ် ဆုံးသွားပြီဟု ကောလဟသ သတင်းများ ထွက်ပေါ်လာခဲ့ပြီး ယင်းတို့မှာ ဟုတ်မှန်ခြင်းမရှိဘဲ ဗိုလ်ချုပ် စောလားဘွယ်မှာ မေလ ၁၉ရက်တွင် စင်္ကာပူမှ ရန်ကုန်သို့ ရောက်ရှိကာ ထိုမှတဆင့် ဌာနချုပ်ရှိရာ ဆုံဆည်းမြိုင်သို့ ပြန်လည်မည်ဟု ဗိုလ်ကြီး စိုးမြင့်က အတည်ပြု ပြောကြားသည်။

DKBA စစ်ဦးစီးချုပ်ရုံးကလည်း ဗိုလ်ချုပ် စောလားဖွယ်အား ကြိုဆိုရန်အတွက် သက်ဆိုင်ရာ ရုံးများကို ညွှန်ကြားထားပြီး ဖြစ်ကြောင်း DKBA အဖွဲ့မှ ဗိုလ်ကြီး ရဲထက်က မဇ္ဈိမကို ပြောသည်။

“အဖိုး (ဗိုလ်ချုပ် စောလားဖွယ်) ဆုံးပြီ ဆိုတဲ့ သတင်းက ပျံ့နေတာကြာပြီ၊ အဲဒါ မဟုတ်ပါဘူး၊ အခု အဖိုး ပြန်လာတော့မယ်၊ လူကြီးတွေ ကြိုမယ့် အစီအစဉ်တွေတောင် လုပ်နေကြပြီ” ဟု ဗိုလ်ကြီးရဲထက်က ပြောသည်။

စစ်ဦးစီးချုပ် ဗိုလ်ချုပ် စောလားဘွယ်သည် ပြီးခဲ့သည့် ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ နှောင်းပိုင်း၌ ရန်ကုန်မြို့ ဒဂုံ မြို့သစ်ရှိ ပင်လုံဆေးရုံတွင် အရေးပေါ် တက်ရောက်၍ စစ်ဆေးခဲ့ရာ ကင်ဆာရောဂါ လက္ခဏာ တွေ့ရှိခဲ့ရသည်။

ထို့ကြောင့် ၂၀၁၄ ခုနှစ် ဇန်နဝါရီလဆန်းပိုင်း၌ ၎င်း၏ လည်ချောင်း ကင်ဆာ အကြိတ်အား စင်ကာပူတွင် သွားရောက် ဆေးကုသမှု ခံယူခဲ့သည်။ ယခု ရောဂါသက်သာသွားပြီ ဖြစ်၍ ဌာနချုပ်သို့ ပြန်လာရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

ထိုလည်ချောင်း အကြိတ်ကင်ဆာ ရောဂါမှာ စတင်ဖြစ်ပွား နေသည့် အဆင့်၌ပင် ရှိ၍ အမြစ်တွယ်ခြင်း မရှိသေးသဖြင့် ဓါတ်ကင် ကုသမှုဖြင့် ကုလလျှင် ပျောက်ကင်း နိုင်ဖွယ်ရှိပြီး သုံးလခန့် အချိန်ယူ ကုသရမည်ဟု ဆရာဝန်ကြီးများက ပြောကြောင်း ဗိုလ်ချုပ် စောလားဘွယ်အား စင်ကာပူ ဆေးရုံသို့ လိုက်ပါ ပို့ဆောင်ခဲ့သည့် ဒု-စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် စောမိုရှေးက ဇန်နဝါရီလက မဇ္ဈိမကို ပြောခဲ့ဖူးသည်။

မြဝတီမြို့ ဆက်ဆံရေး ရုံးတာဝန်ခံ ဗိုလ်ကြီး စိုးမြင့်နှင့် ဗိုလ်ချုပ် စောလားဖွယ်တို့သည် ပြီးခဲ့သည် ဧပြီလ၌ တယ်လီဖုန်း ဆက်သွယ်မှုမှ တဆင့် မကြာမီ ပြန်လာမည် ဖြစ်ကြောင်း
ဗိုလ်ချုပ် စောလားဖွယ်က ပြောကြားခဲ့ပြီး လာမည့် ဇွန်လ (၁၈)ရက်တွင် ကျရောက်မည့် ဗိုလ်ချုပ်စောလားဘွယ်၏ (၅၂) နှစ်မြောက် မွေးနေ့ အခမ်းအနားကို ဌာနချုပ် စခန်း၌ ကျင်းပ နိုင်ရေးအတွက် အစီအစဉ်များ ပြုလုပ်နေပြီ ဖြစ်ကြောင်းလည်း ဗိုလ်ကြီး စိုးမြင့်က ပြောသည်။

ဗိုလ်နှုတ်ခမ်းမွှေးဟု လူသိများသည့် ဗိုလ်ချုပ် စောလားဖွယ်သည် ယခင်က ကရင်အမျိုးသား အစည်းအရုံး (KNU) တပ်မဟာ (၆) တပ်ရင်း (၁၆) ရုံး၏ တပ်ခွဲမှူး ဖြစ်ခဲ့သည်။

၂ဝဝ၅ ခုနှစ်တွင် ဒီကေဘီအေ တပ်ဖွဲ့မှ KNU တပ်မဟာ (၆) တပ်ဖွဲ့နှင့် တွေ့ဆုံ ဆွေးနွေးရန် ကမ်းလှမ်းခဲ့ကာ သွားရောက် ဆွေးနွေးရန် စေလွှတ်သည့် အဖွဲ့ထဲတွင် ဗိုလ်ကြီး စောလားဘွယ် တစ်ဦးတည်း လိုက်ပါသွားခဲ့ရာမှ ဖမ်းဆီးခြင်း ခံခဲ့ရသည်။ ထိုအချိန်မှစပြီး စောလားဖွယ်သည် မိခင် KNU တပ်ဖွဲ့သို့ မပြန်တော့ဘဲ DKBA တပ်ဖွဲ့ ထဲတွင် တာဝန် ထမ်းဆောင်ခဲ့ခြင်း ဖြစ်သည်။

Mizzima Burmese