FAဖလား ချန်ပီယံဆုအတွက် လှည့်လည်အောင်ပွဲခံရန် ကြိုတင်ပြင်ဆင်နေသည့် အာဆင်နယ်

ပို့စ်တင်ချိန် - 5/16/2014 10:33:00 PM


ဝင်ဘလေတွင် FAဖလား ဗိုလ်လုပွဲ မကစားရသေးသည့်တိုင် ဆုဖလားနှင့်အတူ လှည့်ပတ်အောင်ပွဲခံရန်အတွက် အာဆင်နယ် အသင်း အနေဖြင့် ကြိုတင်ပြင်ဆင်နေပြီဟု ယူဆရသည်။

ဟူးလ်စီးတီး အသင်းကို အနိုင်ရရှိခဲ့ပါက အာဆင်နယ် အနေဖြင့် (၉)နှစ်ကြာ ဆုဖလား လက်မဲ့ ကာလများ ဖြတ်သန်းခဲ့ရခြင်းကို ချိုမြိန်စွာ အဆုံးသတ်နိုင်တော့မည် ဖြစ်သည်။ စနေနေ့တွင် ကစားမည့် FAဖလား ဗိုလ်လုပွဲ မတိုင်မီ အာဆင်နယ် အသင်း၏ အမ်းမရိတ်စ် ကွင်းအနီးတွင် အသင်းအမှတ်တံဆိပ်ပုံ ကြီးမားစွာ ခြယ်သထားသည့် ဘတ်စ်ကားကြီးတစ်စင်း ရပ်နေသည်ကို တွေ့ရသလို ကားပေါ်တွင်လည်း (၂၀၁၄) FAဖလား အောင်နိုင်သူများဟူသော စာတန်းကိုလည်း ရေးထိုးထားကြောင်း တွေ့ရသည်။

အာဆင်နယ် အနေဖြင့် အမိုးဖွင့် ဘတ်စ်ကားကြီး တစ်စင်းဖြင့် လန်ဒန်မြို့ထဲတွင် လှည့်ပတ် အောင်ပွဲခံရန် ကြိုတင်ပြင်ဆင်ထားခြင်း ဖြစ်နိုင်ကြောင်း သတင်းများက ဖော်ပြခဲ့သည်။ အာဆင်နယ်သည် (၂၀၀၆)ခုနှစ်ကလည်း ပဲရစ်တွင် ကစားမည့် ချန်ပီယံလိဂ် ဗိုလ်လုပွဲအကြိုတွင် အလားတူ ပြင်ဆင်ဖူးသော်လည်း ဘာစီလိုနာကို (၂-၁)ဖြင့် အရေးနိမ့်သဖြင့် လက်တွေ့ အောင်ပွဲမခံခဲ့ရချေ။ အာဆင်နယ် အနေဖြင့် နောက်ဆုံးအကြိမ် ဆုဖလားနှင့် လှည့်လည် အောင်ပွဲခံဖူးသည်မှာ (၂၀၀၄)ခုနှစ်ကဖြစ်ပြီး ထိုစဉ်က ရှုံးပွဲမရှိ ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ခဲ့သည်။ နောက်တစ်နှစ်တွင် FAဖလားကို ဆွတ်ခူးနိုင်ခဲ့သော်လည်း အောင်ပွဲခံမှု မရှိခဲ့ချေ။

ယခုနှစ် FAဖလား ဗိုလ်လုပွဲတွင် အာဆင်နယ်အသင်း ဗိုလ်စွဲပါက လှည့်လည်အောင်ပွဲခံမည့် လမ်းကြောင်းအတွက်လည်း ကြိုတင်ပြင်ဆင်ထားပြီး ထိုလမ်းများပေါ်တွင် ယာဉ်များရပ်တန့် နားနေခွင့်ကို ခေတ္တတားဆီး ပိတ်ပင်ထားဖွယ် ရှိနေကြောင်း သိရှိရသည်။
Ref: dailymail

soccermyanmar