မိမိအပေါ် စခိုးလ်၏ ဝေဖန်မှုများသည် မှန်ကန်ထိုက်တန်ကြောင်း ဝီလ်ရှိုင်းယားဝန်ခံ

ပို့စ်တင်ချိန် - 5/16/2014 12:24:00 PM


မိမိကို ပေါလ်စခိုးလ် ဝေဖန်ခဲ့သည့် အခြေအနေများမှာ မှန်ကန်ထိုက်တန်ကြောင်း အာဆင်နယ် ကွင်းလယ်ကစားသမား ဂျက်ဝီလ်ရှိုင်းယားက ဝန်ခံခဲ့သည်။

မန်ချက်စတာ ယူနိုက်တက် ဂန္ထဝင် ကစားသမားဟောင်းကြီးက အင်္ဂလန် လက်ရွေးစင် အသင်းတွင် ၎င်း၏နေရာကို ဆက်ခံဝင်ရောက်လာသည့် ဝီလ်ရှိုင်းယား၏ ခြေစွမ်းတိုးတက်မှုကို ထောက်ပြ မေးခွန်းထုတ်ခဲ့သည်။ မတ်လအတွင်းတွင် စခိုးလ်က ဝီလ်ရှိုင်းယား အနေဖြင့် ဆယ်ကျော်သက် အရွယ်တွင် အာဆင်နယ် ပထမအသင်းသား ဖြစ်လာပြီးကတည်းက ယနေ့အချိန်ထိ ထူးခြားသော တိုးတက်မှု ရှိမလာကြောင်း ပြောကြားခဲ့သည်။ အသက်(၂၂)နှစ် ရှိပြီဖြစ်သော ဝီလ်ရှိုင်းယားအတွက် အဆိုပါ ဝေဖန်မှုသည် နာကျင်စရာ ဖြစ်ခဲ့ရသည်။ သို့သော်လည်း စခိုးလ်ကဲ့သို့ ပုဂ္ဂိုလ်မျိုး၏ စကားသည် မိမိအတွက် တန်ဖိုးထားရမည့် အခြေအနေဟု ဝီလ်ရှိုင်းယားက ဆိုသည်။

ဝီလ်ရှိုင်းယားက “ကြားရတာတော့ တစ်မျိုးကြီးပေါ့လေ။ မျှော်လည်း မျှော်လင့်မထားဘူး။ သူပြောထားတဲ့ ဗီဒီယိုကို ပြန်ကြည့်ဖြစ်ပါတယ်။ သူက အာဆင်နယ်နဲ့ ပတ်သက်ပြီး ပြောခဲ့တာပါ။ ကျွန်တော်ကတော့ ‘ငါ့ကိုများ အဓိက ပြောသွားတာလား’လို့ အတွေးဝင်မိပါတယ်။ အဲဒီနောက် ကျွန်တော် သူနဲ့စကားပြောဖြစ်ခဲ့တယ်။ အဆင်ပြေပြေပဲ စကားလက်ဆုံ ကျခဲ့ပါတယ်။ သူက သူ့အမြင်နဲ့ ပတ်သက်ပြီး ပြောပိုင်ခွင့်ရှိတယ်။ ဒါပေမဲ့ ကျွန်တော်က အဲဒီထက်ကို ပိုသိချင်ပါတယ်။ တကယ်လို့ ဒီစကားမျိုးက အသုံးမကျတဲ့ ကစားသမား တစ်ယောက်ယောက် ပါးစပ်က ထွက်လာတယ်ဆိုရင် ‘ဒီကောင် ဘာတွေလာပြောနေတာလဲဟ’ ဆိုတာမျိုး ကျွန်တော် တုံ့ပြန်မိမှာပါ။ ဒါပေမဲ့ ခုပြောခဲ့တာက ပေါလ်စခိုးလ်လေ။ ဒါကြောင့်လည်း သူ့အမြင်ကို အခြေခံကျကျ ကျွန်တော် သေချာသိချင်ခဲ့တာပါ”ဟု ပြောကြားခဲ့သည်။

၎င်းက “ကျွန်တော် သူနဲ့စကားပြောဖြစ်တော့ ဒီအကြောင်း မေးပါတယ်။ သူကလည်း ပိုပြီးတော့ ထင်သာမြင်သာ ဖြစ်လာအောင် စိတ်ရှည်လက်ရှည် ရှင်းပြတယ်။ ကျွန်တော့်အပေါ် သူ့အမြင်ကိုလည်း ပြောပြတယ်။ ကျွန်တော် ဘာလုပ်သင့်သလဲ ဆိုတာကိုလည်း ကူပြီးတော့ စဉ်းစားပေးတယ်။ ကျွန်တော့် အမြင်မှာတော့ သူဟာ အင်္ဂလန်ကွင်းလယ်မှာ ထာဝရ အကောင်းဆုံး ကစားသမား တစ်ယောက်ပါပဲ”ဟုလည်း ဖွင့်ဟခဲ့သည်။ ဝီလ်ရှိုင်းယားက “သူက တိကျတဲ့ နည်းလမ်းကနေ ထောက်ပြခဲ့ပါတယ်။ ကျွန်တော် ပထမဆုံး အာဆင်နယ်မှာ နာမည်ကြီးလာတယ်။ ပြီးတော့ ဒဏ်ရာရသွားတယ်။ ဒဏ်ရာတွေနဲ့ ပတ်သက်ရင် ကျွန်တော် ကံဆိုးခဲ့ပါတယ်။ ဒါပေမဲ့ ခဏခဏ ဒဏ်ရာရခဲ့တယ် ဆိုတာမျိုးတော့ ကျွန်တော် ပြောလို့မရပါဘူး။ ငယ်ရွယ်ပြီး အလားအလာ ရှိတယ်ဆိုရင် အဲဒီအလားအလာကို တကယ်ပဲ အသုံးချနိုင်သင့်ကြောင်း စခိုးလ်က ထောက်ပြပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီရာသီမှာတော့ ကျွန်တော် တိုးတက်လာတယ်လို့ ထင်ပါတယ်။ အရင်ကထက် ဂိုးပိုသွင်းနိုင်ခဲ့သလို ဖန်တီးမှုတွေလည်း ပိုပြီးလုပ်ဆောက်လာနိုင်တယ်။ ဒီအခြေအနေကို ပိုကောင်းအောင် မြှင့်တင်ဖို့တော့ လိုပါတယ်”ဟုလည်း မှတ်ချက်ပြုသွားသည်။

Ref:skysport
Soccer Myanmar