လက်နက်နှင့် ဓနအင်အားမရှိ၊ ပြည်သူ့အင်အားကို ပြည်သူ့အတွက်သာသုံးဟု ဒေါ်အောင်ဆန်းစုကြည် ပြော

ပို့စ်တင်ချိန် - 5/16/2014 09:47:00 AM



အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) အနေဖြင့် လက်နက်နှင့် ဓန အင်အား မရှိသောကြောင့် ကိစ္စတစ်ခု ဆောင်ရွက်တိုင်း ပြည်သူ့အင်အားကိုသာ ရယူခဲ့ရကြောင်းနှင့် ပြည်သူ့အင်အားကိုလည်း ပြည်သူ တိုးတက်ရေး အတွက်သာ သုံးစွဲခဲ့ကြောင်း မေ ၁၀ ရက်က ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်၌ ပြုလုပ်သည့် အခြေခံဥပဒေ ပြင်ဆင်ရေး လူထုသဘောထား ခံယူပွဲတွင် NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောဆို လိုက်သည်။

““ကျွန်မတို့ ကိစ္စတစ်ခုကို အောင်မြင်ချင်ရင် ကျွန်မတို့က လက်နက်အင်အားလည်း မရှိဘူး။ ပိုက်ဆံအင်အားလည်း မရှိဘူး။ အဲဒီတော့ ဘယ်အင်အားကို ကျွန်မတို့ ယူရလဲဆိုတော့ ပြည်သူ့ရဲ့ အင်အားကို ယူရပါတယ်။ ပြည်သူ့အင်အားကို ယူတဲ့အခါကျရင် ကျွန်မတို့ ပြည်သူ့ အင်အားကို အလွဲသုံးစားလုပ်ဖို့ မဟုတ်ပါဘူး။ ဒါကြောင့်မို့လို့ ကျွန်မတို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ မူဝါဒဟာ စကတည်းက အကြမ်းဖက်မှုကို လုံးဝအားမပေးဘူး။ ပြည်သူလူထုရဲ့အင်အားကို အကြမ်းဖက်မှုအတွက် ကျွန်မတို့ လုံးဝ မသုံးဘူး။ ပြည်သူလူထုရဲ့ အင်အားကို ပြည်သူလူထု တိုးတက်မှုအတွက်ပဲ ကျွန်မတို့ ရယူပြီးတော့၊ စည်းရုံးပြီးတော့ ကျွန်မတို့ အတူသုံးစွဲတာ ဖြစ်ပါတယ်။ ပြည်သူနဲ့အတူ သုံးစွဲတာလို့ပဲ ကျွန်မတို့ ခံယူပါတယ်”” ဟု NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က အဆိုပါ ဆန္ဒခံယူပွဲ၌ ပြောဆိုခဲ့ခြင်းဖြစ်သည်။

အဆိုပါ အခြေခံဥပဒေ ပြင်ဆင်ရေး သဘောထား ခံယူပွဲသို့ မအူပင်မြို့နယ် အပါအ၀င် အခြားမြို့နယ်များမှ ပြည်သူတစ်သိန်းကျော် တက်ရောက်ခဲ့ပြီး လက်ရှိ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ဒီမိုကရေစီစံနှုန်း များနှင့် လွဲချော်နေကြောင်း၊ အခြေခံ ဥပဒေအရ သမ္မတမှာ နိုင်ငံ့အကြီးအကဲ ဖြစ်သော်လည်း အစုအဖွဲ့တစ်ခုအား အာဏာ ပေးထားခြင်းမှာ ဒီမိုကရေစီ မဆန်ကြောင်းလည်း ထည့်သွင်း ပြောဆိုခဲ့သေးသည်။

အဆိုပါ ဒီမိုကရေစီ စံနှုန်းအရ လွဲချော်နေမှုနှင့် ပတ်သက်ပြီး ““ဒီဖွဲ့စည်းပုံ အခြေခံဥပဒေကို လေ့လာ ကြည့်လိုက်ရင် ဒီမိုကရေစီ စံနှုန်းစံထားတွေနဲ့ မကိုက်ညီဘူးဆိုတာ အင်မတန် ထင်ရှားပါတယ်။ ဒီမိုကရေစီ စံနှုန်းစံထားအရ ကျွန်မတို့ အားလုံးဟာ တန်းတူညီမျှမှု ရှိရမယ်။ ပြည်သူလူထုရဲ့ဆန္ဒကသာ သြဇာအရှိဆုံး ဖြစ်ရမယ်။ ဒီလို မဟုတ်ဘဲနဲ့ အစုအဖွဲ့တစ်ခုကို အဓိက အကြီးဆုံး၊ အမြင့်မားဆုံး သြဇာပေးထားတာဟာ သမ္မတကသာ သြဇာအရှိဆုံး ဖြစ်ရမယ်။ ဒီလို မဟုတ်ဘဲနဲ့ အစုအဖွဲ့တစ်ခုကို အဓိက အကြီးဆုံး၊ အမြင့်မားဆုံး သြဇာ ပေးထားတာဟာ ဘယ်လိုမှ ဒီမိုကရေစီ မဆန်ဘူးဆိုတာကို ကျွန်မတို့အားလုံး နားလည်မယ်လို့ ကျွန်မ မျှော်လင့်ပါတယ်””ဟု ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်း ပြောဆိုခဲ့သည်။

ဆက်လက်ပြီး ““ကျွန်မတို့ဟာ တပ်မတော်ကို မုန်းလို့ မဟုတ်ဘူး။ တပ်မတော်ကို မလိုလားလို့ မဟုတ်ဘူး။ တပ်မတော်မှ မဟုတ်ဘူး။ ဘယ်အဖွဲ့အစည်းကိုမှ အထူးအခွင့် အရေးပေးထားတာကို ကျွန်မတို့ မလိုလားလို့ ဖြစ်ပါတယ်ဆိုတာ ရှင်းရှင်းလင်းလင်း ပြောပါရစေ။ ဒီလိုနိုင်ငံတွင်းမှာ အဖွဲ့အစည်း တစ်ခုခုကို အထူးသြဇာ၊ အထူး အခွင့်အရေး ပေးထားမယ်ဆိုရင် ကျွန်မတို့နိုင်ငံ အတွင်းမှာ ဘယ်လိုမှ ညီညွတ်မှု ရနိုင်မှာ မဟုတ်ဘူး”” ဟုလည်း ပြောဆိုခဲ့သည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD) ထူထောင်ရခြင်း၏ ရည်ရွယ်ချက်များအနက် အမျိုးသား ရင်ကြား စေ့ရေးမှာ အချက်တစ်ချက် ပါဝင်ပြီး ယင်းအမျိုးသား ရင်ကြားစေ့ရေးမှာလည်း ပြည်သူနှင့် တပ်မတော်ကြား ဖြစ်ကြောင်း၊ ၁၉၈၈ ပြည်သူ့အရေးတော်ပုံ နောက်ပိုင်း ပြည်သူနှင့် တပ်မတော်ကြား ကွာဟမှုမှာ များပြား လာကြောင်း လူထုခေါင်းဆောင်က အဆိုပါသဘောထား ကောက်ခံပွဲ၌ မှတ်ချက် ပြုခဲ့သေးသည်။

လက်ရှိ အတည်ပြု ကျင့်သုံးလျက်ရှိသည့် ၂၀၀၈ အခြေခံ ဥပဒေအရ သမ္မတအထက်တွင် အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ(ကာလုံ) ရှိနေသည်ဟု ဝေဖန်လျက်ရှိပြီး ၁၁ ဦးပါဝင်သည့် ကာလုံ၌ သမ္မတ၊ ဒုတိယသမ္မတ နှစ်ဦး၊ လွှတ်တော်ဥက္ကဋ္ဌ နှစ်ဦးနှင့် စစ်တပ်ဘက်မှ ကာချုပ်အပါအ၀င် ခြောက်ဦး ပါရှိသည်။

အဆိုပါ အခြေခံဥပဒေ ပြင်ဆင်ရေး လူထုသဘောထား ကောက်ခံပွဲ၌ အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်၍ NLD မှ သဘောထား ဆန္ဒတောင်းခံခဲ့ရာ တက်ရောက်သူဦးရေ တစ်သိန်းကျော် အားလုံး နီးပါးက အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ထောက်ခံခဲ့ကြသည်။

ယင်းကဲ့သို့ ဧရာဝတီအတိုင်းအတွင်းမှ တက်ရောက် လာသူများက အခြေခံဥပဒေ ပြင်ဆင်ရန် ထောက်ခံ နေကြချိန်တွင် ဧရာဝတီတိုင်း ၀န်ကြီးချုပ် ဦးသိန်းအောင်က မတ် ၁၀ ရက်က မအူပင်မြို့၌ မီဒီယာ များနှင့် တွေ့ဆုံစဉ် ၂၀၀၈ အခြေခံ ဥပဒေမှာ တိုင်းပြည်အား ထိခိုက်နိုင်သည့်အချက် ကြီးကြီးမားမား မပါဝင် တာကြောင့် ပြင်ဆင်ရန် မလိုသေးကြောင်းနှင့် ဆက်လက် ကျင့်သုံးရန်အတွက် ပြောဆိုခဲ့သေးသည်။
ဲမြန်မာသံတော်ဆင့်