ဘယ်လို၊ ဘယ်စခန်း နေပြည်တော် အမြန်လမ်း

ပို့စ်တင်ချိန် - 5/16/2014 11:56:00 AM



နေပြည်တော် အမြန်လမ်းကို ၂၀၀၉ ခုနှစ်က ဖွင့်လှစ်ခဲ့သည်။ လမ်းဖွင့်ပြီးသည့်အချိန်ကာလမှ စတင်၍ မကြာခဏ ကြားရတတ် သည်မှာ မော်တော်ယာဉ် မတော် တဆဖြစ်သည့် ယာဉ်တိုက်မှုများ ဖြစ်သည်။ ယခုနှစ် ၂၀၁၄ နှစ် ဆန်းမှစ၍ ဧပြီလကုန်အထိ လေး လအတွင်းမှာပင် ထိုအမြန်လမ်း ပေါ်မှာ ယာဉ်တိုက်မှုပေါင်း ၁၄၇ မှုဖြစ်ခဲ့ပြီး လူပေါင်း ၅၇ ဦး သေ ဆုံးခဲ့ရပြီဟု သတင်းများကဆို သည်။ လမ်းစတင်ဖွင့်လှစ်ပြီးချိန် မှ စတင်ရေတွက်လျှင် ငါးနှစ်ရာ သီအတွင်း လူပေါင်း ၃၆၇ ဦး သေဆုံးခဲ့ပြီဟုလည်း သိရသည်။

ဤသို့ နေပြည်တော်အမြန် လမ်းမကြီးမှာ အခြားလမ်းများ ထက် ယာဉ်တိမ်းမှောက်မှုများ ပိုမိုဖြစ်ပွားနေသည့် အကြောင်း ရင်းကို တိတိကျကျ မည်သူကမျှ မပြောနိုင်။ ပြည်သူလူထုအကြား မှာတော့ ထင်မြင်ယူဆချက်အ မျိုးမျိုး ရှိနေသည်ကို သတိပြုမိခဲ့ သည်။ လမ်းမှာ ကွန်ကရစ်လမ်း ဖြစ်၍ မတော်တဆဖြစ်မှုတွေများ ရသည်။ မော်တော်ကားတာယာ တွေ ပူပြီးလည်း ပွင့်ထွက်တတ် သည်ဟု ဆိုသူလည်း ရှိသည်။ ဒါလည်း ဖြစ်နိုင်ပါသည်။ ယာဉ် မောင်းသူတွေ ယာဉ်စည်းကမ်း မလိုက်နာ၍ဟုလည်း ဆိုကြ သည်။ နေပြည်တော်အမြန်လမ်း မှာ နာနာဘာဝ၊ ၀ိနာဘာဝတွေ စီး နေသည်ဟု ပြောဆိုသူများပင် ရှိ လာနေသည်။ ထိုကြောင့်ဟု ထင် ၏။ မကြာမီရက်ပိုင်းက အာဏာ ရကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ခေါင်း ဆောင်တစ်ဦးဖြစ်သူ ဦးဌေးဦးက ဦးစီးဦးရွက်ပြုကာ အမြန်လမ်းမ တစ်လျှောက်မှာ မြန်မာဗုဒ္ဓဘာ သာဓလေ့ထုံးတမ်းနှင့်အညီ ပရိတ်ရွတ်ဖတ်သရဇ္ဇာယ်ခြင်းများ ပြုလုပ်ခဲ့ပါသေးသည်။ သို့သော် ထိုသို့ပြုလုပ်ပြီး နောက်နှစ်ရက် အကြာမှာပင် ရာဇာမင်း ဘတ်စ်ကားလိုင်းမှ ယာဉ်တစ်စီး တိမ်းမှောက်၍ လူ ၁၄ ဦးပွဲချင်းပြီး သေဆုံးခဲ့ပြန်သည်။

ကျွန်မအဖို့ ထိုအမြန်လမ်း ကို မော်တော်ကားဖြင့် နှစ်ကြိမ် တိတိ ဖြတ်သန်းခဲ့ဖူးသည်။ ဖြတ် သန်းစဉ် အချိန်မှာ လမ်း၏အနေအထားကိုလည်း သတိထား ကြည့်မိခဲ့ပါသည်။ လမ်းမှာအ ကွေ့အကောက် နည်းပါးသည်။ လမ်းတစ်လျှောက် မြင်ကွင်းမှာ လည်း ကမူကုန်းတန်းများ ဖြစ် သည်။ နေပြည်တော်ရှိ လူကြီး မင်းများ ရန်ကုန်နှင့် နေပြည်တော် ကို ကူးသန်းရာမှာ ချုံခိုတိုက်ခိုက် မည် စိုးရိမ်ကြ၍ ထင်သည်။ မိုင် နှစ်ရာကျော် ခရီးတစ်လျှောက် လုံးရှိ ကမူကုန်းတန်းအားလုံးမှာ သစ်ပင်ကြီးကြီး မားမားမရှိ။ ပြောင်တလင်းခါနေသည်။ ယခင် ကတော့ ထိုနေရာများသည်တော တောင်ထူထပ်သော ရိုးမတော။ သစ်တော၊ သစ်ပင်ထူထဲလျှင် လက်နက်ကိုင်တို့က ချုံခို တိုက်ခိုက်မည်ကို စိုးရွံ့ဟန်တူသည်။ လမ်းဘေးဝဲယာသာမက အတော်ဝေးဝေးအထိ သစ်တော၊ သစ်ပင်တွေကို ရှင်းထားသည်။ ပြည်တွင်းစစ်နှင့် နှစ်ရှည်လများ နှစ်ပါးသွားနေသူတွေဆိုတော့လည်း စိုးရိမ်သောက ရှိကြသည်မှာ မဆန်း။ စစ်ရေးအမြင်ရှိရမည်။ ထိုကြောင့်ပင်။ နေပြည်တော်အမြန်လမ်းတစ်လျှောက် လမ်းဘေးဝဲယာ မြင်ကွင်းများမှာ အပြောင်းအလဲ မရှိ။ ဘယ်ကို ကြည့်ကြည့် မြင်ကွင်းမှာတူနေ၏။ လမ်းတစ်လျှောက်မှာ ဖြတ်သန်းရသော မြို့၊ ရွာဟူ၍လည်း မှတ်သားစရာ မရှိ။ တုံးတိတိ။ ငုံးစိစိ။ နေပြည်တော်အမြန်လမ်းကိုမှတ်ချက်ပေးရလျှင် စိတ်ဝင်စားစရာမြင်ကွင်းဟူ၍ အပြောင်းအလဲ ဘာမျှမရှိသော အလွန်ငြီးငွေ့ဖွယ်လမ်းတစ်လမ်းဟုသာ မှတ်ချက်ပေးချင်သည်။

အထက်ပါ အချက်နှင့်ဆက် စပ်၍ ထောက်ပြချင်မိသည်။ လူ တို့၏ မှတ်ဉာဏ်မှာ သဘာဝတွေ ရှိသည်။ တူညီသောအကြောင်း အရာ၊ တူညီသောအသံ၊ တူညီ သော အမြင်အာရုံများကို အချိန် အတန်ကြာအောင် တစ်ဆက် တစ်စပ်တည်း ကြားရ၊ မြင်ရ၊ တွေ့ရလျှင် ငြီးငွေ့ထိုင်းမှိုင်းလာ တတ်သည်။ ဦးနှောက်၏ မှတ် သားလိုစိတ်၊ မှတ်နိုင်စွမ်းအား လျော့ကျကာ လေးလံထိုင်းမှိုင်း သွားတတ်သည်။ ထိုအခါ အိပ်ချင်ငိုက်မျဉ်းလာသည်။ ထိုကြောင့် စာသင်ကျောင်းများမှာ ကျောင်းသင်ခန်းစာများကို သင်ပေးကြသည့်အခါ ဘာသာရပ်တစ်ခုကို စာသင်ကြားချိန် တစ်ချိန်အ တွက် မိနစ်ငါးဆယ်ခန့်သာ သင်ယူစေပြီး ခေတ္တခဏ အနားပေး စေရခြင်း ဖြစ်သည်။ စာသင်ချိန် တစ်ချိန်တွင် မိနစ်ငါးဆယ်သော် မှ စာချည်းသင်ပေး၍ မရ။ ဟာသ လေးတွေ ရောနှောပြောရသည်။ စိတ်ဝင်စားစရာ အခြားခေါင်းစဉ် တွေ ကြားညှပ်သင်ကြားကြရ သည်။ ရုပ်ရှင်များ၊ တီဗီစီးရီး ဇာတ်လမ်းများမှာ ကြော်ငြာထိုး လျက် ပြသရခြင်းမှာ စီးပွားရေးအ တွက် သာမက ရုပ်ရှင်ကြည့် ပရိသတ်၏ စိတ်အာရုံကို အလှည့်အပြောင်းဖြစ်စေပြီး အနားပေးခြင်းလည်း ဖြစ်သည်။ သို့မှသာ အိပ်ချင် ငိုက်မျဉ်းခြင်းကင်းဝေးပြီး ဇာတ်လမ်း၊ ဇာတ်ကွက်ကို စိတ်ဝင်တစားမှတ်သားနိုင်မည်။

မော်တော်ကားဖြင့် ခရီးသွား ရာမှာလည်း သဘောတရား အတူတူပင် ဖြစ်သည်။ နမူနာအားဖြင့် ကျွန်မတို့ ရန်ကုန်မှ ပြည်ကို ခရီးထွက်ကြည့်ကြမည်။ အဝေးပြေးကားဂိတ်။ ထိုမှ မင်္ဂလာဒုံ။ ဒါကထောက်ကြန့်၊ ဒီမြို့က မှော်ဘီ။မှော်ဘီပြီးလျှင် တိုက်ကြီးကို ရောက်တော့မည်။  သုံးဆယ်မြို့ကို ၀င်တော့မည်။ မင်းလှ၊ လက်ပံတန်း၊ ရွှေတောင်၊ ပြည်မြို့စသည်ဖြင့် ဦးနှောက်၏ အသိမှတ်ဉာဏ်မှာ မှတ်သားစရာ အတွေးတွေ ဆန်းသစ်နေသည်။ လမ်းခရီးမှာ စိတ်ဝင်စားစရာ မြို့ငယ်၊ ရွာငယ်လေးတွေ ရှိသေးသည်။ လမ်းဘေးဝဲယာမှ စိတ်ဝင်စားစရာစေတီ၊ တန်ဆောင်း၊ ကျောင်း၊ လူ၊ ကျွဲ၊ နွား၊ ဆိတ် စသော တိရစ္ဆာန်တို့ နေမှု၊ ထိုင်မှုစိတ်အပြောင်းအလဲ ခေါင်းစဉ်များစွာကို စိတ်မှာအလိုအလျောက် သတိပြုမှတ်သားရင်း ဦးနှောက်သည် လေးလံထိုင်းမှိုင်းခွင့်မရ။ နေပြည်တော် အမြန်လမ်းကား ထိုသို့ မဟုတ်ပါခဲ့။ လူတို့၏ စိတ်ပိုင်းဆိုင်ရာ ဆိုက်ကိုသဘော တရားကို ထည့်သွင်းစဉ်းစားခြင်း မရှိသော စစ်ရေးအမြင်လမ်းဟု သာ သတ်မှတ်ရတော့မည်။

ကျွန်မသွားရောက်ခဲ့သော နေပြည်တော် ခရီးစဉ်အတွက် မော်တော်ကားကို အော်ဒါငှားရမ်း စီးနင်းခဲ့ရာ ပထမတွင် ကျွန်မက ကား၏နောက်ခန်းမှာ စီးသည်။ တူတော်မောင် တစ်ယောက်က မော်တော်ကား ဒရိုင်ဘာနှင့်အတူ ရှေ့ခန်းမှာထိုင်လျက် ဒရိုင်ဘာ အိပ်ငိုက်မည်စိုး၍ စကားထိုင် ပြောပေးနေသည်။ ၁၁၅ မိုင်ယာဉ်ရပ်နားစခန်းအလွန်တွင် တူတော်မောင်နှင့် ကျွန်မတို့ ရှေ့ခန်း၊ နောက်ခန်းနေရာချင်း လဲလှယ်၍ ဒရိုင်ဘာ၏ ဘေးခုံမှာ ထိုင်ခဲ့ပြီး စကားပြောလာသည်။ အတန်ကြာသောအခါ ပြောစရာစကားလည်း များများစားစားမရှိတော့သဖြင့် မော်တော်ကား ပြတင်းပေါက်မှနေ လမ်းနံဘေးမြင်ကွင်းကို ဆယ်မိနစ်ခန့်ကြည့်မိသည်။ ထို့နောက် မော်တော်ကားဒရိုင်ဘာဘက်သို့ ရုတ်တရက်လှည့်ကြည့်လိုက်ရာ ဒရိုင်ဘာမှာ မျက်လုံးစင်းပြီး အိပ်ငိုက်နေသည်ကို တွေ့ရသည်။ ကျွန်မအတော်ပင် ထိတ်လန့်သွားခဲ့သည်။ ဒရိုင်ဘာအိပ်ငိုက်နေသော်လည်း မော်တော်ကားမှာမူ သွားမြဲ သွားလျက်ရှိနေသည်။ မည်မျှကြောက်စရာကောင်းသော အဖြစ်ပါနည်း။

ကျွန်မက ‘‘ကားဆရာ၊ ကား ဆရာ၊ အိပ်ငိုက်နေတာလား’’ ဟု မတိုးမကျယ်အသံပြုလိုက်မှ ဖျတ်ခနဲ နိုးလာသည်။ ကားဒရိုင် ဘာမှာ အမှန်တကယ်ပင် အိပ် ငိုက်နေခြင်း ဖြစ်သည်။ အိပ်ပျော် နေသည်ဟု မဆိုသာသော်လည်း အိပ်ငိုက်သွားခဲ့သည်မှာ သေချာ လှပါသည်။ ကျွန်မ၏ အသံကို ကြားမှ ဆတ်ခနဲ နိုးလာခဲ့ခြင်း ဖြစ်သည်။

ခက်သည်က မော်တော် ကားဆရာသည် သူအိပ်ငိုက်နေ သည့် အချက်ကို ၀န်မခံ ‘‘ကျွန်တော် မငိုက်ပါဘူး’’ ဟုသာ ငြင်းသည်။  ထားလိုက်ပါသည်။ အငြင်းမပွား တော့။ သို့သော် လမ်းတစ်လျှောက် လုံး အသွားရော၊ အပြန်မှာပါ တူအရီးနှစ်ယောက် ဒရိုင်ဘာအနား မှာ တစ်လှည့်စီထိုင်လျက် ကော်ဖီချိုချဉ်လေးငုံ ခိုင်းလိုက်၊ လိမ္မော်သီးလေး ကျွေးလိုက်။ မော်တော်ကားကို ရပ်ခိုင်းကာ မျက်နှာသစ်လိုက်ပါလားစသဖြင့် အိပ်ချင်ပြေအောင် အထူးဂရုစိုက်လာခဲ့ရသည်။ အလားတူ အဖြစ်မျိုးကို ကျွန်မ၏မိတ်ဆွေတစ်ဦး၏ မိသားစုလည်း နေပြည်တော်အမြန်လမ်းပေါ်မှာ ခရီးထွက်စဉ်အချိန်က ဖြစ်ပျက်ဖူးသည်ဟု သိရသည်။

 ဤလမ်းကို စတင်ဖွင့်စဉ်က တာဝန်ရှိသူတို့သည် ရန်ကုန်မှ နေပြည်တော်၊ နေပြည်တော်မှ ရန်ကုန်ခရီးကို အချိန်လေးနာရီ နှင့် ရောက်သည်ဟု ဆိုလိုက်သည့် စံချိန်သတ်မှတ်ပြောဆိုလိုက်ခြင်း သည်ကလည်း အမှားတွေထဲက အမှားတစ်ခုဟု ထင်မိသည်။ ထို ကြောင့်ပင် ထင်၏။ မော်တော် ယာဉ်ကိုယ်ပိုင်မောင်းသူဖြစ်စေ၊အငှားမောင်းသူဖြစ်စေ၊ ခရီးသည်ယာဉ် ဘတ်စ်ကားကို မောင်းနှင်သူဖြစ်စေ ထိုယာဉ်မောင်းတို့သည် အလုပ်မာနဖြင့် ရန်ကုန်- နေပြည်တော်ခရီးကို သူ့ထက်ငါ လေးနာရီစံချိန်ကို မီအောင် အားသွန်ခွန်စိုက်သာ မောင်းကြလေတော့ သည်။ ထိုသို့ ကျုပ်တို့ အစိုးရဖောက်သည့် လမ်းကသိပ်ကိုကောင်း၊ သိပ်ကိုမြန်ပါသည်ဟု ကြွားလုံးထုတ်ကာ လေးနာရီခရီး ဟု အာမခံသတ်မှတ်ထားခဲ့ခြင်း သည်ပင် ယာဉ်မောင်းများကို မြန်မြန်မောင်း၊ စံချိန်မီအောင် မောင်း။ မမောင်းပါက မင်းညံ့ရာ ကျသည်ဟု ဆိုနေသယောင်။ ကားဆရာတို့ကား မြန်နှုန်းစစ် ဆေးသည့် ဂိတ်များရှိနေသည့် တိုင်တိုင် စံချိန်အကျမခံ။ ကီလို မီတာ ၈၀-၁၀၀ မက။ ချောင် လျှင် ချောင်သလို မောင်းကြလေ တော့သည်။

လမ်းက မညီမညာ။ နိုင်လွန်ကတ္တရာလမ်းနှင့်တော့ အတော်ကွာလှသည့် လှိုင်းထနေသော ကွန်ကရစ်လမ်း။ ထိုလမ်း၏ ဘေးဘေးဘီဘီမြင်ကွင်း တို့ကလည်း ပျင်းရိငြီးငွေ့ဖွယ်ကောင်း လှသည်။ ကားမောင်းသူတစ်ရာရှိ လျှင် တစ်ယောက်တော့ လေးတွဲ့ ထိုင်းမှိုင်းသွားနိုင်သည်။ အိပ် ပျော်ကောင်းပျော်သွားနိုင်သည်။ ကျွန်မသည် နေပြည်တော်လမ်း တစ်လျှောက်လုံးမှာ လုံးဝမအိပ် ဘဲ စောင့်ကြည့်နေသူဖြစ်ရာ မိမိ တို့၏ ကားကိုကျော်ကာ၊ ဖြတ် ကာ၊ ရှောင်ကာသွားနေကြသည့် ယိမ်းခါနေသော မော်တော်ကား များကို ကြည့်ရင်း အသည်းတုန်၊ အူတုန်ဖြစ်ရသည့် အကြိမ်လည်း မနည်းခဲ့။ အကယ်၍ ငြီးငွေ့ဖွယ် ရာ ဤလမ်းမှာ မော်တော်ကား တစ်စီးကို မောင်းနှင်နေသူသည် အရက်သေစာသောက်သုံးထား သူဖြစ်ပါက ပို၍ အန္တရာယ်ရင် ဆိုင်ရဖွယ် ရှိသည်။

ဤနေရာတွင် သတိပေးလို သည်မှာ မော်တော်ယာဉ်မောင်း သူတိုင်း အရက်သောက်ခြင်းကို တားမြစ်စေရန် ဖြစ်သည်။ တိတိ ကျကျ မလိုက်နာလျှင် အရေးယူ ရန်လည်း လိုအပ်သည်။ အထူး သတိပေးလိုသည်မှာ အဝေးပြေး ခရီးသည်တင်ယာဉ်ကို မောင်းနှင် ကြသည့် ဒရိုင်ဘာများ၊ ယာဉ် နောက်လိုက်များကို အဝေးပြေး လမ်းတစ်လျှောက်တွင်ရှိသော စားသောက်ဆိုင်များက ထမင်း၊ လက်ဖက်ရည်၊ မုန့်ပဲသရေစာကို အဝေကျွေးရုံမျှမက၊ ဘီယာ၊ အရက်ကို ကြိုက်လျှင်လည်း အ၀ တိုက်ကာ ဧည့်ခံတတ်ခြင်း ဖြစ် သည်။ အစားအစာဖြင့် ကျွေးမွေး ဧည့်ခံသည်က ထားတော့။ အ သောက်ကိစ္စ ပါရှိနေသည်ကိုတော့ နှစ်ဦးနှစ်ဖက် ဆင်ခြင်သင့် သည်။

နေပြည်တော်အမြန်လမ်း၊ ယာဉ်တိုက်မှုတွေ စဉ်ဆက်မပြတ် ဖြစ်နေ၍ ကြောက်လှပါသည်။ ကျွန်မကဲ့သို့ပင် ပြည်သူအများ စိုးရိမ်ထိတ်လန့် တုန်လှုပ်နေကြ သည်မှာ သေချာလှပါသည်။ လူ အချို့ကတော့ သေမင်းတမန်လမ်း ဟုပင် ခေါ်ဆိုနေကြပြီ။ ဖြစ်စဉ် တွေ များလာတော့လည်း နာနာ ဘာဝ၊ ၀ိနာဘာဝများကြောင့်ဟုပင် ထင်မြင်သူတွေ ရှိလာနေပြီး ဤလမ်းပေါ်မှာ ခရီးသွားကြရမည်ကိုလည်း အတော်ပင် ထိတ်လန့်နေ ကြသည်။ ကျွန်မကတော့ နာနာ ဘာဝ၊ ၀ိနာဘာဝကိစ္စတွေကိုမစဉ်းစားချင်။ မည်သို့ပင်ဆိုစေ။တိုင်းပြည်၏ ဘဏ္ဍာငွေကြေးတွေ အမြောက်အမြားသုံးစွဲထားသည့် လမ်းဖြစ်၍ ဤလမ်းကို အချည်း နှီးတော့ မဖြစ်စေချင်မိ။

ဤလမ်းနှင့် ပတ်သက်၍ လမ်းကြောင့်၊ ယာဉ်မောင်းသူ ကြောင့်ဟု ထောက်ပြစရာ နှစ်ခု ရှိနေသည်။ ယာဉ်မောင်းသူ ကြောင့်ဟုဆိုလျှင် အခြားလမ်း များမှာလည်း ယာဉ်တိုက်မှုတွေ၊ တိမ်းမှောက်မှုတွေ ဘာကြောင့် ဒီမျှလောက်မဖြစ်သနည်း။ ကျွန်မ ကတော့ လမ်း၏အထီးကျန်မှုက ယာဉ်မောင်းသူ၏ စိတ်ခံစားမှုနှင့် အလုပ်လုပ်နိုင်စွမ်းအားကို ပြောင်းလဲစေသည်ဟုသာ ယူဆ သည်။ ငြီးငွေ့ဖွယ်ရာလမ်းနှင့် ယာဉ်မောင်းသူတို့အကြားက အညမည၊ သဟဇာတဖြစ်တည်မှု ကို ဆိုလိုသည်။ ကျွန်မထောက်ပြ သည်မှာ ပြည့်စုံမည်မဟုတ်။ ကိုယ်တွေ့အဖြစ်ကိုသာ မျှဝေ ခြင်းဖြစ်သည်။

ဤအထီးကျန်ဆန်လှသော နေပြည်တော် အမြန်လမ်းကို လက်တွေ့ကျကျ အန္တရာယ်ကင်း ရှင်းစေရန်မူ လမ်းဖောက်လုပ်ခြင်း နည်းပညာကို အမှန်တကယ် ကျွမ်းကျင်သော လမ်းတံတား ဆောက်လုပ်ရေး ပညာရှင်အ ဟောင်း၊ အသစ်များကိုလည်း ကောင်း၊ ခရီးသည်များကိုလည်း ကောင်း၊ ဤလမ်းပေါ်မှာ မောင်း နှင်ဖူးသော ယာဉ်မောင်းများ၏ တစ်ဦးချင်း အခက်အခဲ၊ အတွေ့ အကြုံ၊ စိတ်ခံစားမှုများကိုပါ လေ့ လာဆန်းစစ်ပြီး ချို့ယွင်းချက်များ ကို ရှာဖွေပြင်ဆင်သင့်ဟုသာ အ ကြံပြုလိုက်ပါရစေ။   ။

7day daily