အချောင်စိတ်၊ ပညာရေးနှင့် ဒီမိုကရေစီနိုင်ငံရေး

ပို့စ်တင်ချိန် - 5/16/2014 11:58:00 AM


ဇော်မျိုးလှိုင် (တက္ကသိုလ်ဆရာများ သမဂ္ဂ)



စာရေးသူဟာ ပညာရေး တာဝန်ထမ်းဆောင်နေတဲ့ နိုင်ငံသားတစ်ယောက်ဖြစ်ပါတယ်။ လက်ရှိ အချိန်မှာ ကျောင်းသားတစ်ပိုင်း၊ ဆရာတစ်ပိုင်းဖြစ်ပြီး ကျောင်းသားသက် (၂၅)နှစ်၊ဆရာလုပ် သက်(၉)နှစ်ရှိခဲ့ပါပြီ။ နိုင်ငံသားတစ်ယောက် အနေနဲ့ကတော့ ရွေးကောက်ပွဲသုံးကြိမ် (၁၉၉၀၊ ၂၀၁၀၊ ၂၀၁၂)ကို ကြုံဆုံခဲ့ဖူးပါတယ်။ စာရေးသူရဲ့ အသက်အရွယ်အတွေ့အကြုံအရ ကျောင်းသားများစာမေးပွဲဖြေဆိုရာမှာလက်လွတ်စပယ်ဖြေဆိုတတ်တာ တွေ့ကြုံခဲ့ဖူးသလို ကျောင်းသားများ အတန်းခေါင်းဆောင်ရွေးချယ်မှုမှအစ နိုင်ငံသားများ လွှတ်တော်ကိုယ်စားလှယ် ရွေးချယ်မှုအထိ ပေါ့ပေါ့တန်တန် သဘောထားကြတာ တွေ့ကြုံခဲ့ရဖူးပါတယ်။ ဒီအတွေ့အကြုံတွေကို အခြေပြုလို့ စာမေးပွဲနဲ့ ရွေးကောက်ပွဲ(သို့)ပညာရေးနဲ့ နိုင်ငံ့အရေးဆက်စပ်မှုကို ကျောင်းဆရာအတွေးနဲ့ တွေးမိပါတယ်။

အမေးအဖြေပုံစံတွေ

လက်ရှိ အခြေခံပညာနဲ့ အ ဆင့်မြင့်ပညာစာမေးပွဲ မေးခွန်း များမှာ ဓမ္မဓိဋ္ဌာန် (Objective type)မေးခွန်းများပါဝင်လျက်ရှိပါ တယ်။ အထူးသဖြင့် သိပ္ပံဘာသာ ရပ်များတွင် မှန်/မှား (TRUE/ FALSE) မေးခွန်းများ၊ ဓမ္မဓိဋ္ဌာန် (Multiple Choice)မေးခွန်းများနဲ့ List A နဲ့ List B မှ သက်ဆိုင်ရာ အဖြေမှန်များကို ယှဉ်တွဲပေးခြင်း (Matching)စတဲ့ မေးခွန်းတွေ ပါဝင်ပါတယ်။ မေးခွန်းတွေကို မှန်ကန်စွာ ဖြေဆိုနိုင်ပါက မေးခွန်း တစ်ပုဒ်အတွက် အမှတ် (၁ မှတ်) ရရှိကြပါတယ်။

ဒီနေရာမှာ မေးခွန်းများကို ကျောင်းသားများဖြေကြားပုံ၊ ခံယူ ထားတဲ့စိတ်ထား စသည်တို့နဲ့ပတ် သက်တဲ့ အယူအဆများကို တင် ပြချင်ပါတယ်။ ၎င်းမေးခွန်းများကို ဖြေဆိုရာမှာ အသေအချာနား လည်သိရှိသူ ကျောင်းသားများ ကောင်းစွာ ဖြေဆိုနိုင်မှာဖြစ်ပါ တယ်။ ဒါပေမဲ့ သေသေချာချာ ဂဃနဏမသိတဲ့ မေးခွန်းများကို ဖြေဆိုရာမှာတော့ ကျောင်းသား များဟာ ရတဲ့အခွင့်အရေးကို လက်လွတ်မခံဘဲ မျက်မှန်းရမ်းဆ ကာ ဖြေဆိုလေ့ရှိပါတယ်။

သေသေချာချာ ဂဃနဏ မသိတဲ့ TRUE/FALSE (သို့) Multiple Choice (သို့)Matching မေးခွန်းများကို ဖြေဆိုရာမှာ ကြုံ ရာတစ်ခုခုကို မျက်မှန်းရမ်းဆကာ (နံကြားထောက်)ဖြေတတ်ကြပါ တယ်။ လက်ရှိအမှတ်ပေးစည်း မျဉ်းများအရ မှန်ရင်အမှတ်ပြည့် ရရှိမှာဖြစ်ပေမယ့် မှားရင်လည်း အမှတ်လျှော့မခံရပါ။ သို့ဖြစ်တဲ့ အတွက် ကျောင်းသားများက မှန် ရင်အချောင်ရမှာမို့ မိမိတို့လုံးဝ မသိနားမလည်တဲ့ မေးခွန်းများကို လက်လွတ်စပယ်ဖြေဆိုလေ့ရှိပါ တယ်။

အချောင်စိတ်ဓာတ်အစ

ဆရာအချို့ကလည်း ဒီလို မေးခွန်းများကို ဖြေဆိုရာမှာ တပည့်များကို ‘‘ကွက်လပ်တို့ Multi-ple Choice တို့ကို ဒီအတိုင်းတော့ မထားခဲ့နဲ့။ ထင်တာတစ်ခုခုတော့ ရမ်းသန်းသာဖြေခဲ့။ TRUE/FALSE မှာလည်း TRUE ဒါမှမဟုတ် FALSE တစ်ခုခုကို ထင်တာသာဖြေခဲ့။ ကံကောင်းရင် အမှတ်ရလိမ့်မယ်’’လို့ သင်ကြားညွှန်ကြားလေ့ရှိကြပါတယ်။

  ဒီလို ဖြေဆိုတတ်ကြတဲ့ ဓလေ့ဟာ ကျောင်းသားများရဲ့ အနာဂတ်နဲ့ အရေးတကြီးပတ် သက်နေသလို တိုင်းပြည်အနာ ဂတ်နဲ့ပါ တိုက်ရိုက်အချိုးကျနေ မယ်လို့ ကျွန်တော်မြင်မိပါတယ်။ ခုလို မျက်မှန်းရမ်းဆဖြေဆိုနေကြ ခြင်းဟာ အင်မတန်မှားယွင်းတဲ့ အကျင့်စရိုက်ကို မသိလိုက်မသိ ဘာသာစွဲသွားစေပါတယ်။ ရရင် အချောင်ယူလိုက်မယ်ဆိုတဲ့စိတ် ကို မသိမသာသွတ်သွင်းပေးနေ သလို ဖြစ်နေပါတယ်။ အချောင် စိတ်ဓာတ်ကို စာမေးပွဲစနစ်က အားပေးနေလျက်ရှိပါတယ်။ ဒါ ကြောင့် ‘‘အချောင်စိတ်ဓာတ်အစ စာမေးပွဲက’’လို့ ပြောရမလိုဖြစ်နေ ပါတယ်။

တာဝန်ယူမှု

ဒီနေရာမှာ ကိုယ်ယုံကြည် ရာ ကိုယ်ရွေးတာ ဘာပြောစရာ ရှိသလဲလို့ စောဒကတက်နိုင်ပါ တယ်။ မှန်ပါတယ်။ ပညာရပ်တစ် ခုခုကို နားလည်မှုစစ်ဆေးခြင်း ဟာ အလောင်းအစားတစ်ခုကို ကံဆိုးကံကောင်း စမ်းသပ်ရမယ့် ကိစ္စမဟုတ်ပါဘူး။ ဒီလိုပေါ့ပေါ့ ဆဆနဲ့ ရွေးချယ်ဖြေဆိုခြင်းဟာ ကျောင်းသားရဲ့ တာဝန်ယူတတ် တဲ့စိတ်ဓာတ်နဲ့ တာဝန်သိတတ်တဲ့ စိတ်ဓာတ်ကို ပျက်ပြားစေပါတယ် လို့ ဆိုချင်ပါတယ်။ ဒီနေရာမှာ ကျောင်းသားတွေ၊ ဆရာတွေရဲ့ အမှားလို့တော့ပြောလို့မရပါဘူး။ မြန်မာနိုင်ငံရဲ့ ပညာရေးစနစ် ကိုယ်တိုင်က အမှတ်ရရေးကိုသာ ဦးတည်နေတဲ့စနစ်ဖြစ်နေသေး တာကိုး။

ဒီကိစ္စနဲ့ပတ်သက်လို့ အမေ ရိကန်နိုင်ငံက SAT (Scholastic Assessment Test)မေးခွန်းပုံစံ ကို ဥပမာပေးလိုပါတယ်။ ဓမ္မ ဓိဋ္ဌာန်မေးခွန်း (Multiple Choice Question, MCQ)များဖြေဆိုရာ မှာ Negative Marking ဆိုတဲ့ မှားသူကို အမှတ်ပြန်နှုတ်တဲ့စနစ် ကို ကျင့်သုံးပါတယ်။ တစ်ပုဒ် အဖြေမှန်ရင် (၁)မှတ်ရပါတယ်။ ဒါပေမဲ့ မှားရင်တော့ ရွေးချယ်ခွင့် သုံးခုပေးထားတဲ့မေးခွန်းအတွက် အမှတ်ဝက်၊ ရွေးချယ်ခွင့်လေးခု ပေးထားပါက (၁/၃)မှတ်၊ ရွေး ချယ်ခွင့် ငါးခုပေးထားပါက (၁/၄)မှတ် ပြန်လျှော့ပါတယ်။ သေသေချာချာမသိလို့မဖြေဘဲ လွှတ်ထားခဲ့တဲ့ မေးခွန်းများအတွက်ကတော့ အမှတ်တိုးခြင်း၊ လျှော့ခြင်းမရှိပါဘူး။ အဖြေကိုမှန်မှန်ကန်ကန်တတ်သိနားလည်ထားသူအတွက် ထိုက်တန်တဲ့ အမှတ်ချီးမြှင့်မှုဖြစ်သလို သေချာ ဂဏမသိဘဲ ရမ်းဆဖြေဆို (guesswork)မိပါက မိမိအမှားကိုတာဝန်ယူစေခြင်းဖြစ်ပါတယ်။

ဒါဟာ သေသေချာချာ ဂဃနဏမသိပါဘဲ မျက်မှန်းရမ်းဆဖြေဆိုခွင့် (ရမ်းတုတ်ခွင့်)ကို ခွင့်ပြု မထားခြင်းဘဲဖြစ်ပါတယ်။ ကျောင်းသားများအနေနဲ့ (၁)မှတ် ထပ်ယူမလား (သို့) အမှတ်ပြန် အလျှော့ခံမလား (သို့) မသိတာ ကို ရိုးသားစွာဖြင့် ဖြေဆိုမှုမပြုဘဲ ထားမလား သေသေချာချာစဉ်း စားရပါမယ်။ ကျောင်းသားဟာ မိမိရွေးချယ်မှုအတွက် ကိုယ်တိုင် တာဝန်ယူစေခြင်းပဲဖြစ်ပါတယ်။ တာဝန်သိမှု (responsibility)နဲ့ တာဝန်ခံမှု (accountability)တို့ ကို ကျောင်းစာမေးပွဲကနေ စတင် လေ့ကျင့် ပေးလိုက်ခြင်းပဲဖြစ် တယ်လို့ မြင်မိပါတယ်။

စာရေးသူတို့ မြန်မာနိုင်ငံမှာ လက်ရှိ သုံးစွဲနေတဲ့ အမှတ်ပေးပုံ အရဆိုရင် ကျောင်းသားဟာ အဖြေမမှန်လည်း အမှတ်လျှော့ မခံရတာကြောင့် မှားလည်း ပြဿနာမရှိ။ မဖြေဘဲထားတာနဲ့စာရင် အခွင့်အရေးပိုကောင်းတယ်။ မှားရင် အရင်း၊ မှန်ရင် အမြတ်ပဲ။ အချောင်ရတာပဲလို့ ခံယူနေကြပါတယ်။ ကိုယ်မသိသော အဖြေမှန်ကို မသိလည်း ရမ်းတုတ်ခွင့်ရနေပါတယ်။ ဒါဟာ ကျောင်းသားများကို အချောင် စိတ်မသိမသာဝင်သွားစေတယ်လို့ထင်ပါတယ်။

ရွေးချယ်စရာများတဲ့လောက

ကျောင်းသား၊ ကျောင်းသူ များဟာ တစ်ချိန်မှာ အခြားခြား သော ရွေးချယ်စရာများကြုံလာ မှာဖြစ်ပါတယ်။ ဒီအခါမှာ စာမေး ပွဲဖြေစဉ်ကလို ပေါ့ပေါတန်တန် ရွေးချယ်ကြပါက ဘဝမှာ အခက် အခဲများနဲ့ရင်ဆိုင်ကြုံတွေ့ကြရ ပါလိမ့်မယ်။ မျက်မှန်းရမ်းဆ ရွေး ချယ်မှုတွေကြောင့် ကာယကံရှင် တစ်ယောက်အတွက်သာမက လူ့ ပတ်ဝန်းကျင်၊ လူ့အသိုင်းအဝိုင်း ကိုပါ ရိုက်ခတ်လာနိုင်တာတွေ ရှိလာပါမယ်။

အခြေခံပညာသင်ယူတတ် မြောက်ပြီးနောက် ဘဝမှာ ရွေး ချယ်စရာများကို ဥပမာအဖြစ် တင်ပြရရင်

(၁) တက္ကသိုလ်သင်ဘာသာရပ်

(၂) အသက် မွေးဝမ်းကျောင်း (တစ်နည်း)အလုပ်အကိုင်

(၃) မိမိလက်ဝယ်ရှိ ငွေကြေးနဲ့ ဝယ်ယူသုံးစွဲမည့် ကုန်စည်နှင့် ဝန်ဆောင်မှု

(၄) ချစ်သူရည်းစားမှ အိမ်ထောင် ဖက်အထိ စသဖြင့်ရှိပါမယ်။ ဒါတွေသာမက အခြားခြားသောဘဝဆိုင်ရာ ရွေးချယ်စရာများ အများအပြားကျန်ရှိပါဦးမယ်။

အမတ်ရွေးမှားရင်ဖြင့်

 ဒါ့အပြင် လူဆိုသည်မှာ တစ်ဦး တစ်ယောက်တည်းနေ တတ်သူမဟုတ်၊ အုပ်စုဖွဲ့နေထိုင် တတ်သည့် သတ္တဝါဖြစ်ရာ မိမိနေ ထိုင်ရာ ရပ်ကွက်၊ ကျေးရွာ၊ မြို့နယ်၊ ပြည်နယ်၊ တိုင်းဒေသကြီး၊ နိုင်ငံစသဖြင့် အုပ်စုအရွယ် အစား အဆင့်ဆင့်ရှိပါတယ်။ ဒါ ကြောင့် မိမိနေထိုင်ရာ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးရွေးချယ် မှုမှအစ လွှတ်တော်ကိုယ်စား လှယ် အလယ်၊ နိုင်ငံတော်သမ္မတ အဆုံး အားလုံးကို နိုင်ငံအတွင်း မှီတင်းနေထိုင်သူ ပြည်သူအများ က ရွေးချယ်ပေးကြရပါမယ်။ ဒီ လွှတ်တော်ကိုယ်စားလှယ်များက နေတစ်ဆင့် လွှတ်တော်ဥက္ကဋ္ဌ များ၊ ဒုသမ္မတများနဲ့ နိုင်ငံတော် သမ္မတတို့ကို ရွေးချယ်ကြရမှာ ဖြစ်ပါတယ်။ ဒီကိစ္စဟာ နိုင်ငံရဲ့ အနာဂတ်နဲ့ တိုက်ရိုက်အချိုးကျ လျက်ရှိနေပြန်ပါတယ်။

ဒီလိုရွေးချယ်တင်မြှောက် ကြရာမှာ အရွေးချယ်ခံမယ့်ပုဂ္ဂိုလ် များဟာ ပါတီအသီးသီးကဖြစ်စေ (သို့) တစ်သီးပုဂ္ဂလဖြစ်စေ ဖြစ် နိုင်ပါတယ်။ လွှတ်တော်ကိုယ်စား လှယ်ရွေးချယ်မှုပြုရာမှာ အရွေး ချယ်ခံသူများဟာ

-မည်သည့်စာရိတ္တရှိသူ လူစား မျိုးဖြစ်သည်၊

-မည်သည့် အလုပ်အကိုင်ကို လုပ်ကိုင်သည်၊

-မည်သည့် သမိုင်းကြောင်းရှိခဲ့သူ ဖြစ်သည်၊

-မည်သည့်နိုင်ငံရေးအယူအဆ ကို ကိုင်စွဲထားသူဖြစ်သည်၊

-ရွေးချယ်ခံရပါက ပြည်သူကို မည်သို့အကျိုးပြုနိုင်မည် စသည် တို့ကို အခြေခံကာ စဉ်းစားရမှာ ဖြစ်ပါတယ်။

 ဒီကိစ္စမှာ စဉ်းစားမှုမှန်မှ ရွေးချယ်မှုမှန်ကန်ပါမယ်။တစ်ဦး ချင်းရွေးချယ်မှုမှန်ကန်မှ သာရပ်ရွာမှအစ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုအထိ အကျိုးရှိနိုင်မှာဖြစ်ပါတယ်။ရွေးချယ်မှုမမှန်ကန်ခဲ့ပါက ရပ်ရွာဒေသမှအစတိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုအထိ ကြီးမားသော ဆုံးရှုံးနစ်နာမှုများပေါ် ပေါက်လာနိုင်ပါတယ်။

ပညာရေးစနစ်ပြင်ဖို့လို

စာရေးသူတို့ နိုင်ငံသူ၊ နိုင်ငံ သားများဟာ ဒီမိုကရေစီစနစ်အရ ရွေးကောက်ပွဲအမျိုးမျိုးကို အကြိမ် ကြိမ်ဖြတ်သန်းကြရမှာမလွဲဧကန် ဖြစ်ပါတယ်။ နောင်လာမယ့် ရွေး ကောက်ပွဲများမှာ လွှတ်တော် အသီးသီးအတွက် ကိုယ်စားလှယ် များကို မဲဆန္ဒရှင်များက ရွေးချယ် ရာမှာ ကျောင်းသား၊ ကျောင်းသူ များက MCQ မေးခွန်းများဖြေ သလို နံကြားထောက် မျက်မှန်း ရမ်းဆကာ ရွေးချယ်လိုက်မှဖြင့် အနာဂတ်နိုင်ငံရေး မတွေးဝံ့စရာ ဖြစ်ပါတယ်။ အရွေးမှားလျှင် မိမိ တို့တိုင်းသူပြည်သူများပင် အကျိုး နည်းရမှာဖြစ်တယ်ဆိုတာကို သတိချပ်ကြရပါမယ်။

ဒါကြောင့် ကျောင်းသား အရွယ်မှစကာ တာဝန်သိတတ်တဲ့ စိတ်၊ တာဝန်ခံတတ်တဲ့စိတ်ကို အခြေခံတဲ့ ရွေးချယ်မှုအတတ်ကို စနစ်တကျလေ့ကျင့်ပေးကြရမှာ ဖြစ်ပါတယ်။ အနာဂတ်ဒီမိုကရေ စီနိုင်ငံရေးအတွက် ပညာရေးစနစ် ကို ခေတ်နဲ့အညီ ပြုပြင်ကြရပါ မယ်။ ဒါမှသာ အနာဂတ်နိုင်ငံ တော်အတွက် အရည်အချင်း ပြည့် လွှတ်တော်ကိုယ်စားလှယ် များကို ရွေးချယ်ပေးနိုင်မှာဖြစ်ပါ တယ်။ ၎င်းတို့မှတစ်ဆင့် ပြည်သူ့ အကျိုးပြုဥပဒေများကို ပြုစုပြဋ္ဌာန်း နိုင်မှာဖြစ်သလိုရွေးချယ်ခံလွှတ် တော် ကိုယ်စားလှယ်များထဲမှ ဒုသမ္မတများနဲ့ နိုင်ငံတော်သမ္မတကို ရွေးချယ်ခန့်အပ်ကာ အစိုးရ တစ်ရပ်ကို ဖွဲ့စည်းနိုင်မှာဖြစ်ပါတယ်။ အစိုးရကောင်းမှ တိုင်းပြည်ကောင်းနိုင်ပါမယ်။ ဒါကြောင့် လက်ရှိ စာမေး၊ စာစစ်ပုံစံမှအစအခြားခြားသော ပြုပြင်ပြောင်းလဲသင့်တဲ့အရာများကို ပြင်ဆင်ပြောင်းလဲကာ ပြီးပြည့်စုံသော ဒီမိုကရေစီပညာရေးစနစ်ကို စနစ်တကျတည်ဆောက်၍ အများပြည်သူ မျှော်လင့်တောင့်တနေတဲ့ဒီမိုကရေစီ နိုင်ငံတော်သစ်ကို တည်ဆောက်ကြရမှာ မလွဲဧကန်ဖြစ်ပါတယ်။

7day daily