အမြန်လမ်း လေးလမ်းသွားကို ရှစ်လမ်းသွားအဖြစ် ပြုပြင်ပါက ဘီလီယံ ၅၅၀ ကျော် ထပ်မံကုန်ကျမည်

ပို့စ်တင်ချိန် - 5/16/2014 06:17:00 PM



နေပြည်တော်၊ မေ ၁၅

ကျပ် ၉၁၇ ဘီလီယံခန့် ကုန်ကျထားသော ရန်ကုန်-နေပြည်တော်-မန္တလေး အမြန်လမ်း လေးလမ်းသွားကို စံချိန်စံညွှန်းမီ ရှစ်လမ်းသွားအဖြစ် ပြုလုပ်ပါက ကျပ် ဘီလီယံ ၅၅၀ ခန့် ထပ်မံကုန်ကျမည် ဖြစ်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးတင့်က The Voice သို့ ပြောကြားသည်။
“တစ်မိုင်ကို ၂ ဒသမ ၅ ဘီလီယံ ကုန်ခဲ့တာ။ ခုဆက်လုပ်ရင် ၆၀ ရာခိုင်နှုန်းအထက် ကုန်ဦးမယ်” ဟု ၎င်းကဆိုသည်။

အမေရိကန်အစိုးရ၏ နည်းပညာ အကူအညီဖြင့် ပြုပြင်ရန် စီစဉ်လျက် ရှိသော အမြန်လမ်းကို လမ်းတစ်ခြမ်းလျှင် ယာဉ်လေးစီး မောင်းနှင်နိုင်သည့် ရှစ်လမ်းသွားအဖြစ် ပြုလုပ်သွားမည် ဖြစ်သောကြောင့် ဒုတိယဝန်ကြီးက အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။

အဆိုပါလမ်း ထပ်မံ ဖောက်လုပ်ခြင်းကို မကြာမီ ပြုလုပ်ရန် စီစဉ်ထားသော်လည်း သတ်မှတ်ထားသည့် အချိန်ကာလကိုမူ ၎င်းက ထုတ်ဖော် ပြောကြားခြင်း မရှိပေ။

အဆိုပါ လေးလမ်းသွားကို လက်ရှိ အချိန်တွင် မိုင် ၃၀ ကျော်အထိ နိုင်လွန်ကတ္တရာ ထပ်ပိုးခင်းနေပြီး ပြုပြင်ရေးလုပ်ငန်းနှင့် ရှစ်လမ်းသွားလမ်း ဆက်လက် လုပ်ဆောင်ပါက အဝေးပြေးယာဉ်များ သွားလာနိုင်ရန် လမ်းနေရာပေး၍ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

အမြန်လမ်းပေါ်တွင် ယာဉ်မတော်တဆမှု ဖြစ်ပွားနိုင်သည့် အခြေအနေများ လျော့ကျရန် အချက်ပြမီး ပြုလုပ်ခြင်း၊ ရောင်ပြန်များ တပ်ဆင်ခြင်း၊ လမ်းအချက်ပြ သင်္ကေတနှင့် မိုင်နှုန်းတိုင်း ကိရိယာ တပ်ဆင်ခြင်း လုပ်ငန်းများ၏ လုပ်ဆောင်ပြီးစီးမှု အခြေအနေမှာ ၂၀ ရာခိုင်နှုန်းခန့်သာ ရှိသေးကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံတွင် ရန်ကုန်-နေပြည်တော်-မန္တလေး အမြန်လမ်း တစ်လမ်းသာ ဖောက်လုပ်ထားသော်လည်း အမြန်လမ်းဆိုင်ရာ ဥပဒေကို ရေးဆွဲပြီးစီးပါက ပြည်သူ့လွှတ်တော်သို့ တင်ပြသွားမည် ဖြစ်ကြောင်း ဒုဝန်ကြီး ဦးစိုးတင့်က ထပ်လောင်း ပြောဆိုသည်။

The Voice Weekly