မြန်မာ့ပို့ကုန်အုပ်စု ခုနစ်မျိုး ပြည်ပတင်ပို့မှုမှ ဒေါ်လာသန်း ၅၆၀ ကျော်ရရှိခဲ့ပြီး စက်မှုကုန်ချောများ တင်ပို့မှုမှ ၀င်ငွေအများဆုံးရရှိခဲ့

ပို့စ်တင်ချိန် - 5/16/2014 09:16:00 AM

ပင်လယ်ရေကြောင်းကုန်သွယ်မှု ဆောင်ရွက်သည့် ဗိုလ်အောင်ကျော်ဆိပ်ကမ်း တစ်နေရာကို တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)

မြန်မာ့ပို့ကုန် အုပ်စုခုနစ်မျိုး ပြည်ပတင်ပို့မှုမှ ဒေါ်လာသန်း ၅၆၀ ကျော်ရရှိခဲ့ပြီး စက်မှုကုန်ချောများ တင်ပို့မှုမှ ၀င်ငွေအများဆုံး ရရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ သတင်းရရှိသည်။

မြန်မာနိုင်ငံမှ ပို့ကုန်တင်ပို့မှုအနေဖြင့် လယ်ယာထွက်ကုန်၊ ရေထွက်ကုန်၊ သဘာဝဓာတ်ငွေ့ တင်ပို့မှုပါဝင်သည့် စက်မှုကုန်ချောပစ္စည်း၊ တိရစ္ဆာန်ထွက်ကုန်၊ သစ်တောထွက်ပစ္စည်း၊ သတ္တုတွင်းထွက်ပစ္စည်း စသည့်ကဏ္ဍများခွဲကာ တင်ပို့နေကြောင်း သိရသည်။

စက်မှုကုန်ချောအုပ်စုတွင် သဘာဝဓာတ်ငွေ့ အပါအ၀င် ချုပ်ပြီးအထည်များ တင်ပို့ခြင်းများ ပါဝင်ကြောင်း သိရသည်။

၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် ဧပြီ ၁ ရက် မှ မေ ၉ ရက်အထိ စက်မှုကုန်ချော ပြည်ပတင်ပို့မှုမှ ဒေါ်လာ ၂၉၀ ဒသမ ၉၀၃ သန်း ရရှိခဲ့ကြောင်း သိရသည်။ အဆိုပါ ကာလအတွင်း မြန်မာနိုင်ငံမှ ပို့ကုန်များပြည်ပ တင်ပို့မှုမှရရှိငွေ စုစုပေါင်းမှာ ဒေါ်လာ ၅၆၄ ဒသမ ၂၂၁ သန်းရရှိခဲ့ကြောင်း သိရသည်။

အဆိုပါကာလအတွင်း ပို့ကုန်တင်ပို့မှု မှ ဒေါ်လာသန်း ၅၆၀ ကျော်ရရှိခဲ့သော်လည်း ယခင်ဘဏ္ဍာနှစ် အလားတူကာလပို့ကုန်တင် ပို့မှုနှင့် နှိုင်းယှဉ်ပါကာ ဒေါ်လာသန်း ၁၇၀ ကျော် လျော့နည်းနေကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ ပြည်ပပို့ကုန်ဖွဲ့စည်းပုံမှာ ပင်မထုတ်ကုန် အနည်းငယ်အပေါ်၌သာ မှီခိုအားထားနေရပြီး ယင်းထုတ်ကုန်များမှာ သယံဇာတများ၊ သဘာဝဓာတ်ငွေ့၊ ကျွန်းသစ်နှင့် စိုက်ပျိုးရေး၊ ရေထွက်ကုန် စသည်များဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ ပို့ကုန်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပို့ကုန်ယှဉ်ပြိုင်နိုင်စွမ်း တိုးတက်ရေးအတွက် အမျိုးသားအဆင့် ပို့ကုန်မဟာဗျူဟာကို ရေးဆွဲနေပြီး ဦးစားပေး အကောင်အထည်ဖော်မည့် ကုန်စည်များ၊ ယင်းဦးစားပေး အကောင်အထည်ဖော်မည့် ကဏ္ဍများကို အထောက်အကူပြုမည့် ကဏ္ဍများကို သတ်မှတ်ပြီးဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံမှထွက်သည့် ပို့ကုန်များကို ပင်လယ်ရေကြောင်း ကုန်သွယ်ရေးမှ တင်ပို့နေသည့်အပြင် မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်၊ ချင်းရွှေဟော်၊ ကန်ပိုက်တီး၊ လွယ်ဂျယ်၊ မြန်မာ-ထိုင်းနယ်စပ်ရှိ မြ၀တီ၊ တာချီလိတ်၊ ကော့သောင်း၊ မြိတ်၊ ထီးခီး၊ မောတောင် ၊ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ရှိ စစ်တွေ၊ မောင်တော၊ မြန်မာ-အိန္ဒိယနယ်စပ်ရှိ တမူး၊ ရိဒ်၊ ထန်တလန်အစရှိသည့် နယ်စပ်စခန်းများမှလည်း ဆောင်ရွက်နေကြောင်း သိရသည်။ နယ်စပ်ဒေသများတွင် တစ်နိုင်တစ်ပိုင် ကုန်သွယ်လိုသူများ ကုန်သွယ်မှုဆောင်ရွက်နိုင်ရန် အတွက်လည်း နယ်စပ်စခန်းများတွင် တစ်ဦးတည်းပိုင် ကုန်သွယ်မှုကတ်များ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

Eleven Media group