ကြိုးတုပ်ရိုက်သည့် ပွဲစားကို ဖမ်းဆီးပြီး လူကုန်ကူးခံရသူ မြန်မာအလုပ်သမား သုံးဦးကို ကယ်တင်

ပို့စ်တင်ချိန် - 5/16/2014 11:58:00 AM


ဗန်ကောက် မေ ၁၅

ထိုင်းနိုင်ငံမြို့တော် ဗန်ကောက် အနီးရှိ နကပထုန်နယ်မြေ အုန်းယိုင် Big C ကုန်တိုက်အနီး ခစ်စဖန် ၅ လမ်းတွင်ရှိသော ရေခဲ အရောင်းဆိုင်တွင် အလုပ်လုပ်ကိုင်နေကြသည့် မြန်မာ အလုပ်သမားများအား ကြိုးတုပ်၍ ရိုက်နှက်ကာ အဓမ္မအလုပ်ခိုင်းစေခဲ့သည့် မြန်မာပွဲစားကို ဖမ်းဆီးလိုက်နိုင်ပြီ ဖြစ်ကြောင်းနှင့် အဆိုပါ လူကုန်ကူးခံနေရသည့် မြန်မာ အလုပ်သမား သုံးဦးအား ပူးပေါင်း အဖွဲ့တို့က မေ ၁၂ ရက်က ကယ်တင် လိုက်နိုင်ခဲ့ကြောင်း ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ (Myanmar Associationin Thailand) မှ ဆက်သွယ်ပြောချက်အရ သိရသည်။

အဆိုပါ အဓမ္မအလုပ်ခိုင်းခံ နေရသည့် မွန်ပြည်နယ် သိမ်ဇရပ်မှ မျိုးမင်းအောင်(၂၀နှစ်)၊ ဝေဇင်ထက် (၁၉ နှစ်) နှင့် ကျော်ဇင်ထိုက် (၁၈ နှစ်) တို့သုံးဦးကို တစ်ဦးလျှင် ဘတ်ငွေ ၈၅၀၀ သာ ပေးဆပ်ရမည်ဟု ဆိုကာ ပွဲစား ချစ်ပိုလင်းဆိုသူက ပြောခဲ့ကြောင်းနှင့် ယောက္ခမဖြစ်သူ ဒေါ်ဌေးဌေးကို ထိုင်းနိုင်ငံအတွင်းသို့ ပို့ဆောင်ခိုင်းစေခဲ့ပြီး တစ်ရပ်ကွက်တည်း နေထိုင်ကြသည့် အဆိုပါ သုံးဦးနှင့်အတူ အခြားသုံးဦး စုစုပေါင်း ခြောက်ဦးတို့ကို ထိုင်းနိုင်ငံသို့ ခေါ်ယူခဲ့ခြင်းဖြစ်ကြောင်းဖြင့် အလုပ်သမားများက ပြောခဲ့သည်။

ရေခဲအရောင်းဆိုင်တွင် နှစ်လခွဲကျော်ကြာ အလုပ်လုပ်နေစဉ် ကာလအတွင်း နေ့စဉ် နံနက် ၄ နာရီ အိပ်ရာမှ ထကြရပြီး ပွဲစားက နှိုး၍ ချက်ချင်းအိပ်ရာမှ မထပါက အိမ်သာထဲမှ ရေခပ်၍ မျက်နှာများကိုလောင်း၍ နှိုးသည်ဟု ဆိုသည်။ ထို့အပြင်နံနက်စာ တစ်စုံတစ်ခု မစားရဘဲ တောက်လျှောက် ရေခဲကြိတ်ခွဲ၊ သယ်/ပို့ အလုပ်လုပ်ခဲ့ကြရပြီး မွန်းလွဲ ၁ နာရီမှသာ နံနက်စာ ထမင်းစားကြရကာ ည ၇ နာရီကျော် အလုပ်သိမ်းပြီး နောက်ပိုင်းမှ ညစာထမင်း စားကြရသည်ဟု အလုပ်သမားများက ပြောခဲ့သည်။ မူလက အလုပ်သမားတစ်ဦးကို လုပ်ခလစာ တစ်လလျှင် ဘတ်ငွေ ၈၅၀၀ ပေးမည်ဟုပြောဆို၍ ခေါ်ယူခဲ့သော်လည်း လမ်းစရိတ် ဘတ်ငွေ၂၅၀၀၀ ပေးရမည်ဟု ပွဲစားက ပြောဆိုထားကြောင်း အလုပ်သမားများက ပြောသည်။
ပြီးခဲ့သည့် မေ ၈ ရက် ညနေပိုင်းက အဆိုပါအလုပ်သမားများထဲမှ မျိုးအောင်ဆိုသည့် အလုပ်သမား ငယ်တစ်ဦးက ပွဲစား ချစ်ပိုလင်း နှိပ်စက်မှုကို မခံနိုင်တော့သဖြင့် ဗန်ကောက်မြို့အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT သို့ ဆက်သွယ်အကူညီ တောင်းခံလာခဲ့ခြင်းလည်း ဖြစ်သည်။

MAT အဖွဲ့မှ ထိုင်းတောင်ပိုင်း အခြေစိုက် ပညာရေးဖွံ့ဖြိုးရေးဖောင် ဒေးရှင်း FED နှင့် ညှိနှိုင်း၍ လူကုန် ကူးမှုတိုက်ဖျက်ရေး အထူးရဲတပ်ဖွဲ့AHTD နှင့်အတူ သွားရောက်ကယ် ထုတ်ပြီးနောက် နကပထုန် လ၀က ရုံးတွင် လိုအပ်သည့်စစ်ဆေးချက် များကို ယူခဲ့ကြကြောင်း မေ ၁၂ ရက် မွန်းလွဲပိုင်းတွင် တရားရုံးမှ ဖမ်းဝရမ်း ရရှိပြီးနောက် ပွဲစား ချစ်ပိုလင်းကို ဖမ်းဆီးနိုင်ခဲ့ခြင်း ဖြစ်သည်။

ဖမ်းဆီးခံရသော ပွဲစား ချစ်ပိုလင်း သည် အဓမ္မခိုင်းစေခံရသည့် မြန်မာ အလုပ်သမားများထဲမှ ဝေဇင်ထက် (၁၉ နှစ်)၏ ဘယ်ဘက် လက်ကောက် ဝတ်ကို ပြတင်းပေါက်တွင် ကြိုးချည်ပြီးနောက် ယာလက်ကောက်ဝတ်ကို ၀ရန်တာတွင် ကြိုးစည်းကာ ဓာတ်ကြိုးဖြင့် ရိုက်နှက်ခြင်း၊ နံစောင်းအား ခြေထောက်ဖြင့် ကန်ကျောက်ခြင်း၊ မျက်နှာကိုလက်သီးဖြင့် ထိုးနှက်နှိပ်စက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ညှဉ်းပန်း နှိပ်စက်ခံရသော မြန်မာအလုပ်သမား ဝေဇင်ထက်က “ကျွန်တော်ခုထိ စကားမပြောနိုင်ဘူး ဖြစ်နေတယ်။ လက်တွေလည်း နာနေတယ်။ ဘာပစ္စည်းမှ ကိုင်လို့မရဘူး ဖြစ်နေပါတယ်။ ပါးစပ်ကလည်း အောင့်နေပါတယ်။ ကျွန်တော့်ကို မြန်မြန်အိမ်ပြန်ပို့ပေးကြပါခင်ဗျာ” ဟု ပူးပေါင်းအဖွဲ့များအား ငိုယိုပြောခဲ့ကြောင်း သိရသည်။ ထို့အပြင် အဆိုပါ ပွဲစားသည် အခြားနှစ်ဦးကိုလည်း လက်သီးဖြင့် ထိုးခဲ့ဖူးကြောင်း၊ အချိုရည်ပုလင်းများဖြင့် မကြာမကြာ ပစ်ပေါက်လေ့ရှိတတ်ကြောင်း၊ ထမင်းကျွေးလျှင်လည်း မျိုဆို့ဟူ၍ ဆဲဆိုကြောင်း အလုပ်သမားများက ပြောခဲ့သည်။

အဓမ္မခိုင်းစေခံခဲ့ရသူ မြန်မာအလုပ်သမား သုံးဦးအား မြို့နယ်အတွင်းရှိ ထိုင်းနိုင်ငံ အလုပ်သမား ဦးစီးဌာနမှ ၇၅ ရက်စာ လုပ်အားခအတွက် စားစရိတ်နုတ်ကာ ရှင်းပေးခဲ့ပြီးနောက် တရားရုံးတွင် သက်သေထွက်ဆိုရန်အတွက် ပထုန်ဌာနီ ကယ်ဆယ်ရေးစခန်းထဲသို့ ပို့ဆောင်လိုက်ကြောင်းသိရပြီး အကြမ်းဖက်ရိုက်နှက်သည့် ပွဲစားကိုမူ ညှဉ်းပန်းနှိပ်စက်မှု၊ အဓမ္မခိုင်းစေမှုနှင့် လူကုန်ကူးမှုတို့ဖြင့် ဆက်လက်အရေးယူ သွားမည်ဖြစ်ကြောင်း AHTD က ပြောခဲ့သည်။

MAT အဖွဲ့ဒါရိုက်တာ ဦးကျော်သောင်းက “ထိုင်းအကျိုးစီးပွား အတွက်လုပ်ပေးတဲ့ ပွဲစားတွေကို ထိုင်းလုပ်ငန်းရှင်က အပြည့်အဝ ကာကွယ်ပေးတယ်၊ ထိုင်းဥပဒေကလည်း လူကုန်ကူးတဲ့သူတို့၊ အဓမ္မခိုင်း စေသူတို့နဲ့ အကြမ်းဖက်သူတွေကို အရေးယူဆောင်ရွက်ဖို့ ဥပဒေကအလွန် ပျော့လွန်းနေတယ်။ ကျွန်တော်တို့ အလုပ်လုပ်ရတာ အတော်ပဲ ခက်ခဲပင်ပန်းရပါတယ်” ဟု ပြောကြားခဲ့သည်။

MOI Webportal Myanmar