ဝန်ကြီးလက်မှတ်ပါမှ ကျောင်းအပ်လက်ခံမည်ဆိုသည့်အပေါ် မဟုတ်မမှန်ကြောင်း ရန်ကင်း TTC ကျောင်းအုပ် ဆရာမကြီးဖြေရှင်း

ပို့စ်တင်ချိန် - 5/16/2014 09:40:00 AM



ရန်ကုန်၊ မေ ၁၄

ရန်ကင်းပညာရေးကောလိပ် လေ့ကျင့်ရေး အလယ်တန်းကျောင်း (ရန်ကင်း TTC ) တွင် သူငယ်တန်း ကျောင်းသား များ ကျောင်းဝင် ခွင့်ရရှိရန် ၀န်ကြီးလက်မှတ်ပါမှ လက်ခံမည်ဟု အွန်လိုင်းစာမျက်နှာပေါ် တွင် ကျောင်းသားမိဘ တစ်ဦး ၏ ရေးသားထားမှုမှာ မဟုတ်မမှန်ကြောင်း အဆိုပါကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဝါ၀ါစန်းက မေ ၁၄ ရက် တွင် မြန်မာ သံတော်ဆင့် သို့ ပြောသည်။

ကျောင်းဝင်ခွင့်လက်ခံသည့် ကိစ္စရပ်ကို ရန်ကင်းပညာရေး ကောလိပ်မှ ကျောင်းအုပ်၊ ဒု ကျောင်းအုပ်၊ စာပေ ဌာနမှူး၊ လေ့ကျင့် ဌာနမှူး၊ စီမံဌာနမှူးနှင့် ရန်ကင်း လေ့ကျင့်ရေးအလယ်တန်းကျောင်း မှ ကျောင်းအုပ် ဆရာမကြီးတို့က ပူးပေါင်း ၍ ရွေးချယ်ခြင်းဖြစ်ပြီး ကျောင်းဝင်ခွင့်ရရှိရန် သက်ဆိုင်ရာ ဌာန၀န်ကြီး၏ လက်မှတ် ပါရှိမှ လက်ခံမည်ဟု ပြောဆိုခဲ့ခြင်းမရှိဟု ၎င်းက ထပ်မံပြောကြားခဲ့သည်။

အဆိုပါကိစ္စရပ်နှင့် ပတ်သက်၍ ရန်ကင်းလေ့ကျင့်ရေး အလယ်တန်းကျောင်းမှ ကျောင်းအုပ်ဆရာ မကြီးက ““ဆရာမကြီးတို့ အနေနဲ့က တစ်ယောက် တည်း ရွေးတာမဟုတ်ပါဘူး၊ ဒီရန်ကင်းပညာရေး ကောလိပ်က တာဝန်ရှိတဲ့လူ ၅ ယောက်နဲ့ ပေါင်းပြီး ရွေးတာပါ၊ ဆရာမကြီးအနေနဲ့က ဒါရွေးပါလို့ လည်း ပြောခွင့်မရှိပါဘူး၊ သူအွန်လိုင်းပေါ်မှာ ရေးထားတဲ့ ၂ လ အလို ၃ လအလိုကို လက်ခံတယ်၊ နယ်ကျော်မြေကျော်တွေကို လက်ခံ တယ်ဆိုတာက တစ်ခုမှ မဟုတ်ပါ ဘူး၊ နယ်ကျော်မြေကျော်က သူ့ သတ်မှတ်ချက်အတိုင်း သူ့ခွဲတမ်း နဲ့သူ လက်ခံတယ်၊ နှစ်လအလိုကို လုံးဝလက်မခံပါဘူး၊… ဒါက သူ မသိတဲ့အပိုင်းကို သူ့စိတ်ထဲက အတိုင်းရေး လိုက် တာ ဖြစ်မှာပါ၊ ဆရာမကြီးတို့ကို နာမည်ဖျက်ချင် လို့လည်း ဖြစ်မှာပါ။ ကိုယ့်ကျောင်းရဲ့သိက္ခာနဲ့ ကိုယ့်ဂုဏ် သိက္ခာတော့ ညှိုးနွမ်းတာပေါ့၊ ဆရာမကြီးအနေနဲ့ အဲဒီလို ၀န်ကြီးလက်မှတ်ပါမှ လက်ခံမယ်လို့ တစ်ခါမှ မပြော ခဲ့ပါဘူး။ နောက်ပြီး မမြတ်သက်မွန်ဆို တာကလည်း ဆရာမကြီးတပည့် ပါ၊ ကျောင်းသူဟောင်း တစ်ယောက် အနေနဲ့ ဒီလိုတော့ မရေးသင့်ဘူး ပေါ့””ဟု ပြောသည်။

ဝန်ကြီးလက်မှတ်ပါမှ ကျောင်း အပ်လက်ခံမည်ဆိုသည့်အချက်နှင့် ပတ်သက်၍ မမြတ်သက်မွန်ဆိုသူက လူမှု ကွန်ရက်ဖြစ်သည့် Facebook ၌ စတင်ရေး သားဖော်ပြခဲ့ခြင်း ဖြစ် ပြီး ၎င်း၏သမီး ဖြစ်သူအနေဖြင့် ကျောင်း အပ်လက်ခံရန်အတွက် အရည်အချင်း လိုအပ်ချက် ပြည့်မီသော်လည်း လက်မခံမှုအားဖော်ပြ ထားသည်။

သူမ၏ရေးသားချက်၌ ““သူမ၏ သမီးအား ဧပြီလ ၂၂ နှင့် ၂၃ ရက်နေ့များတွင် ကျောင်းအပ်ခဲ့ ကြောင်း၊ ဧပြီလ ၃၀ ရက်၌ ၀င် ခွင့်ရစာရင်း၌ သူမ၏ သမီးမပါဝင်ဘဲ အခြားသောနယ်မြေမှ ကလေးများ ၀င်ခွင့်ရခဲ့ကြောင်း၊ ရန်ကင်း မြို့နယ်တွင် နေထိုင်ပြီး ကျောင်းအပ်လက်မခံသည့်အပေါ် ကျောင်း ရုံးခန်းအတွင်းသို့ Complain တက်သည့်အခါ ဆရာမကြီးက ကျောင်းဝင်ခွင့်ရသည့် ကလေးတိုင်းမှာ သက်ဆိုင်ရာဝန်ကြီးများ၏ လက် မှတ်ပါရှိသည့် အတွက်ဖြစ်ကြောင်းနှင့် သူမကိုလည်း ၀န်ကြီးလက်မှတ်နှင့် ပြန်လာခဲ့ပါဟု ပြောဆိုခဲ့ ကြောင်း”” များ ပါဝင်သည်။

ယင်းက္စိရပ်နှင့် စပ်လျဉ်း၍ အွန်လိုင်းစာမျက်နှာတွင် ရေးသားထားသူ မမြတ်သက်မွန်က““ကျွန်မ ကလေး ကျောင်းသွားအပ်တော့ ဒီလိုမျိုးဝန်ကြီးလက်မှတ်ပါမှ လက်ခံမယ်လို့ ပြောတာနဲ့ ပတ်သက်ပြီး အွန်လိုင်းပေါ် တင်လိုက်တဲ့အချိန်မှာ ကျွန်မကို ဖုန်းနဲ့ဆက်သွယ်တဲ့ ရန်ကင်းက ကျောင်းသားမိဘတွေ အများကြီးရှိပါတယ်။ သူတို့နဲ့ ဖက် ပြိုင်မပြောချင်လို့ ငြိမ်ခံနေရတဲ့ သဘောဖြစ်နေတာပေါ့၊ ဘာချို့ ယွင်းချက်မှလည်းမရှိဘဲနဲ့ ဒီနယ် မြေမှာနေတဲ့ လူတွေလည်း ဖြစ်ရဲ့သားနဲ့ပေါ့၊ ကလေးမိဘ တော်တော်များများက မကျေနပ်ကြပါဘူး၊ ပညာ ရေးဝန်ကြီးဌာန အနေနဲ့ကလည်း အောက်ခြေနဲ့ အရမ်းကင်းလွတ်နေ တယ်လို့ လည်းမြင် တယ်””ဟု ပြောသည်။

ရန်ကင်းပညာရေးကောလိပ် လေ့ကျင့်ရေး အလယ်တန်းကျောင်း ကို ၁၉၅၄ ခုနှစ်တွင် ဖွင့်လှစ်ခဲ့ပြီး မူလတန်းမှ အဋ္ဌမတန်းအထိ သင်ကြားပေးနေသော အလယ်တန်း ကျောင်းတစ်ကျောင်း ဖြစ်သည်။ ယင်းကျောင်း၏ သူငယ်တန်းဝင် ခွင့်လျှောက်လွှာများကို ဧပြီ ၁၉ ရက်မှ ၂၀ ရက်အထိ ထုတ်ပေးခဲ့ ကာ ၂၂ ရက်၊ ၂၃ ရက်တွင် ကျောင်းအပ်လက်ခံခဲ့ကာ ၃၀ ရက် တွင် ၀င်ခွင့်ရရှိသည့် နာမည်စာရင်း ကို ထုတ်ပြန်ကြေညာခဲ့ကြောင်းနှင့် တစ်နှစ်လျှင် သူငယ်တန်းကျောင်း သား အယောက် ၂၀၀ လက်ခံ သည်ဟု ရန်ကင်းလေ့ကျင့်ရေး အလယ်တန်း ကျောင်းမှ ကျောင်းအုပ်ဆရာမကြီးက ပြောကြားသည်။

myanmarthandawsint