ပြိုင်ပွဲမှ နှုတ်ထွက်ခဲ့ဖူးသည့် ပိုးအိဖြူစင် Miss Universe Myanmar 2014 ထပ်မံဝင်ရောက်ယှဉ်ပြိုင်မည်

ပို့စ်တင်ချိန် - 5/16/2014 11:27:00 PM


Miss Universe Myanmar 2013 အလှမယ်ပြိုင်ပွဲတွင် လေ့ကျင့်သင်ကြားချိန်၌ ပြိုင်ပွဲမှ နှုတ်ထွက်ခဲ့သည့် မော်ဒယ်ပိုးအိဖြူစင်သည် ၂ဝ၁၄ခုနှစ်တွင် ကျင်းပမည့် Miss Universe Myanmar 2014 ပြိုင်ပွဲတွင် ထပ်မံယှဉ်ပြိုင်မည်ဖြစ်သည်။

“ညီမ ပြီးခဲ့တဲ့နှစ်က ကိုယ့်စိတ်ဆန္ဒကြောင့် နှုတ်ထွက်ခဲ့တာပါ”ဟု၎င်းကပြောသည်။

မော်ဒယ်ပိုးအိဖြူစင် သည် Miss Universe Myanmar 2014 ပြိုင်ပွဲ ဝင်ရောက် ယှဉ်ပြိုင်ရန်အတွက် စည်းကမ်းချက်များအရ ရေကူးဝတ်စုံ ဝတ်ဆင်၍ ယှဉ်ပြိုင်ရမည် ဖြစ်သည့်အတွက် လွန်ခဲ့သည့် နှစ်လမှ စတင်ကာ တစ်ပတ်ကို သုံး ရက် GYM ပုံမှန် ကစားဖြစ်နေပြီး ခန္ဓာကိုယ်အချိုးအစား မျှတရန်အတွက် အစားအသောက်များကို ဂရုတစိုက် နေထိုင်စားသောက်နေကြောင်း ပြောသည်။

ယင်းအပြင် Miss Universe ပြိုင်ပွဲများတွင် မေးလေ့ မေးထ ရှိသည့် မေးခွန်းများနှင့် Website များကို လေ့လာ ဖြစ်နေပြီး မြန်မာနိုင်ငံနှင့် ပတ်သက်သည့် ယဉ်ကျေးမှုအမွေအနှစ် လက်ရာများကိုလည်း ထုတ်ဖော် ပြောပြရန် လေ့လာလျက်ရှိသည်။

၎င်းသည် လက်ရှိတွင် 5 Plus ရုပ်သံလိုင်းမှ ရိုက်ကူးနေသည့် ‘ ကမ္ဘာတည်သရွေ့သာမည့်လ’ ဇာတ်လမ်းတွဲတွင် ပါဝင် သရုပ်ဆောင်နေပြီး အဆိုတော် မြတ်သူအောင်၏ ဒုတိယ အယ်ဘမ် အမ်တီဗီ နှင့် Snare အဖွဲ့၏ အမ်တီဗီများတွင် ပါဝင် သရုပ်ဆောင်လျက်ရှိသည်။

ပိုးအိဖြူစင်သည် Miss Universe Myanmar 2013 ပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ခဲ့စဉ်က အလှမယ် ၂ဝ ကို Camp သွင်းချိန်၌ မိမိသဘော ဆန္ဒအလျောက် ပြိုင်ပွဲမှ ရုတ်တရက် နှုတ်ထွက်ခဲ့ခြင်းဖြစ်သည်။ ယင်းကဲ့ သို့ နှုတ်ထွက် ခဲ့ခြင်းသည် ပြိုင်ပွဲဝင် စည်ကမ်းချက်များနှင့်မကိုက်ညီ၍ ပွဲကျင်းပသူများမှ ထုတ်ခဲ့သည် မဟုတ်ပဲ ၎င်း၏ပညာရေးအတွက် စာမေးပွဲနှင့်ရုပ်ရှင်အစည်းအရုံး၏ သရုပ်ဆောင် သင်တန်းတွင် တက်ရောက်နေခြင်းကြောင့်ဟု ပြောသည်။

၎င်းသည် Miss Universe Myanmar 2013 ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့စဉ်က ပြိုင်ပွဲဝင် စည်းမျဉ်း စည်းကမ်းများနှင့် မကိုက်ညီသည့် အချက်တစ်ချို့ကို ဒိုင်လူကြီးများက တွေ့ရှိခဲ့ခြင်းကြောင့် ပြိုင်ပွဲမှ နှုတ်ထွက်စေခဲ့သူတစ်ဦးဟု ကောလဟလများ ထွက်ရှိခဲ့သူတစ်ဦးဖြစ်သည်။

Mizzima Burmese