ဗကသကျောင်းသားရိုက်နှက်ခံမှု စုံစမ်းရေးယူပေးဖို့ တောင်းဆို

ပို့စ်တင်ချိန် - 5/16/2014 09:50:00 AM


ပဲခူးတိုင်း၊ သဲကုန်းမြို့နယ်မှာ မနေ့က ရဲတပ်ဖွဲ့ဝင်တွေ ရဲ့ ရိုက်နှက်တာကိုခံခဲ့ရတဲ့ တောင်ငူခရိုင် ဗကသ အဖွဲ့ဝင် ကိုကောင်းထက်ကျော်ရဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီး တာဝန်ရှိသူတွေကို ဖော်ထုတ်အရေးယူပေးဖို့ ဗမာနိုင်ငံ လုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်က ဒီကနေ့ တောင်းဆိုလိုက်ပါတယ်။

ဒီကနေ့ ရန်ကုန်မြို့ ၃၈ လမ်း The Wings Capacity Building School မှာ ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများအဖွဲ့ချုပ် ဥက္ကဋ္ဌ ကိုကျော်ကိုကိုက အဲဒီလို တောင်းဆိုခဲ့တာပါ။

“ရွာအဝင်လမ်းမှာရှိတဲ့ ဘုန်းကြီးကျောင်းနားမှာ ရဲအင်အား ၃ဝ လောက်ကနေပြီး ပိတ်ဖမ်းပြီးတော့ ဘာဖမ်းဝရမ်းမှမပါပဲနဲ့ ဖမ်းချင်လို့ဖမ်းတယ်ဆိုတဲ့ အနေအထားနဲ့ တုတ်နဲ့ဝင်ရိုက်တာဖြစ်တယ်၊ သူ့ရဲ့နဖူးမှာရှိတဲ့ ဒဏ်ရာဟာချုပ်လို့လည်းမရဘူး၊ အဲ့ဒါကို ကျနော်တို့ အရက်ပြန်နဲ့ပဲဆေးပြီးတော့ နဖူးကို အုပ်ထားရတယ်၊အရမ်းလည်းနေပူတဲ့ကာလမှာ ခေါင်းထိထားတာမို့လို့ အမြန်ဆုံးကောင်းစေချင်တယ်”

ဗကသအဖွဲ့ချုပ်အနေနဲ့ မနက်ဖြန်မှာ သဲကုန်းမြို့သပိတ်စခန်းကို သွားရောက်ပြီး စုံစမ်းမှုတွေ လုပ်မှာဖြစ်သလို သဲကုန်းသပိတ်စခန်း မဖျက်သိမ်းရေးနဲ့ ဖမ်းဆီးခံထားရတဲ့ သပိတ်ခေါင်းဆောင်တွေကို အမြန်ဆုံးပြန်လွှတ်ပေး ဖို့ တောင်းဆိုသွားမှာဖြစ်တယ်လို့လည်း ပြောပါတယ်။

ဗကသအဖွဲ့ဝင် ကိုကောင်းထက်ကျော် အရိုက်ခံခဲ့ရတာနဲ့ပတ်သက်ပြီး တောင်ငူခရိုင်၊ မအူပင်ခရိုင်၊ စတဲ့ ခရိုင်အလိုက် ဗကသ အဖွဲ့တွေကလည်း ကန့်ကွက်ကြောင်း ကြေညာချက်တွေ ထုတ်ပြန်ခဲ့ပါတယ်။

မနေ့က သဲကုန်းမြို့မှာ ဖမ်းဆီးခံထားရတဲ့ သဲကုန်းသပိတ်စခန်းခေါင်းဆောင် လယ်သမား ကိုပေါက်စ ကိုပြန်လွှတ်ပေးဖို့အတွက် ဗကသ အဖွဲ့ဝင်တွေနဲ့ လယ်သမားတွေ ဆန္ဒပြပြီးအပြန်မှာ ရဲတပ်ဖွဲ့ဝင်တွေက ရိုက်နှက်ခဲ့တာကြောင့် ကိုကောင်းထက်ကျော် ဒဏ်ရာရခဲ့သလို လယ်သမား ၂ ဦးလည်းအဖမ်းခံ ခဲ့ရပါတယ်။

စစ်တပ်ကသိမ်းယူထားတဲ့ သဲကုန်းမြို့နယ် အောင်ကုန်း၊ သင်တော၊ ကဇွန်းအင်း၊ ယင်းတိုက်တန်းနဲ့ နှောကုန်းကျေးရွာ ၅ ရွာက လယ်မြေဧက ၅ ထောင်ကျော်ကို ပြန်လည်ရရှိဖို့ ပြီးခဲ့တဲ့ ဖေဖ၀ါရီလထဲက လယ်သမားတွေဟာ သပိတ်စခန်းဖွင့် တောင်းဆိုနေတာဖြစ်ပါတယ်။

RFA