ယာဉ်စီးခနှုန်းထား ပေးချေသည့် ပုံစံကို e-ticket စနစ်သို့ ပြောင်းလဲနိုင်ရန် ပြင်ဆင်မှုများ ပြုလုပ်မည်

ပို့စ်တင်ချိန် - 5/16/2014 10:47:00 AM


ရန်ကုန် မေ ၁၄

ခရီးသည်များ အနေဖြင့် ယာဉ်စီးခပေး ချေရာတွင် ငွေသား ပေးချေနေရသည့် ပုံစံမှ e-ticket စနစ်သို့ ပြောင်း လဲနိုင်ရန် ပြင်ဆင် မှုများ ပြုလုပ် သွားမည် ဖြစ်ကြောင်း မ-ထ-သ(ဗဟို) မှ သိရသည်။

e-ticket စနစ်ကို အသုံးပြုခြင်းအားဖြင့် ခရီးသွား ပြည်သူများ အနေဖြင့် ယာဉ်စီးခပိုမို ပေးနေရခြင်း ကင်းသွားမည် ဖြစ်သည့်အပြင် ယာဉ်လုပ်သားများနှင့် နေ့စဉ်ကြုံတွေ့နေရသည့် ပြဿနာများမှာလည်း နည်းပါးသွားမည် ဖြစ်ကြောင်း မ-ထ-သ(ဗဟို) ဒုတိယဥက္ကဋ္ဌ ဦးလှသောင်းမြင့်က ပြောကြားခဲ့သည်။

ကစ္စပနဒီကုမ္ပဏီမှ ယာဉ်စီးခပေးချေရာတွင် i-pay ကတ်များဖြင့် အသုံးပြုနိုင်ရန် စီစဉ်မှုများ ပြုလုပ်ခဲ့ပြီး ခရီးသည်တင် ယာဉ်များပေါ်တွင် စက်များ တပ်ဆင်ခဲ့သော်လည်း ယာဉ်လုပ်သားများမှ အကြောင်း အမျိုးမျိုးပြ၍ စက်များကို ပိတ်ထားခြင်းကြောင့် ခရီးသွား ပြည်သူများမှာ အသုံးပြုသူ လွန်စွာ နည်းပါးလာသည်။

ယာဉ်လုပ်သားများ e-ticket ပုံစံမျိုးကို မနှစ်သက်ရခြင်းမှာ ၎င်းတို့အတွက် အပိုဝင်ငွေ မရရှိခြင်း၊ရေဘူး၊ ကွမ်း၊ ဆေးလိပ်နှင့် ထမင်း စားသောက်ရာတွင် မိမိဝင်ငွေဖြင့် စားသောက်ရခြင်း စသည့် အချက်များကြောင့် ဖြစ်သည်ဟု ယာဉ်လုပ်သား အများစုက ပြောသည်။

ခရီးသည်တင် ယာဉ်လုပ်သား လောကတွင် ယာဉ်ပိုင်ရှင်များမှ ယာဉ်လုပ်သား များအား နေ့စဉ်ရရှိသည့် ဝင်ငွေများထဲမှ ယာဉ်မောင်းအား ၁၅ ရာခိုင်နှုန်းနှင့်ယာဉ် နောက်လိုက်အား ၈ ရာခိုင်နှုန်းပေးပြီး ယာဉ်လုပ်သားများ တစ်နေ့တာ စားသောက်သည့် ထမင်းဖိုး၊ ကွမ်းဖိုးများကို အဆိုပါ ယာဉ်စီးခများထဲမှ ပေးချေသည်ဟု ခရီးသည်တင် ယာဉ်ပိုင်ရှင်များ၏ ပြောပြချက်အရသိရသည်။

e-ticket ပုံစံမျိုးပြောင်းလိုက်တယ်။ ခရီးသွားပြည်သူ တွေကလည်း အသုံးပြုတယ်။ အဲဒါဆိုရင် ခရီးသည်တွေနဲ့ယာဉ် လုပ်သားတွေအကြား နေ့စဉ်ကြုံတွေ့ နေရတဲ့ ယာဉ်စီးခပိုတောင်းတဲ့ ပြဿနာတွေ ကင်းရှင်းသွားမယ်။ ဒါပေမဲ့ ဒီလိုလုပ်တာကို ယာဉ်လုပ်သားတွေက သဘောမကျဘူး။

ဘာလို့လဲ ဆိုတော့ သူတို့ ငွေမကိုင်ရတော့ အပိုဝင်ငွေမရှိတော့ဘူးလေ'' ဟု မ-ထ-သ (ဗဟို) ဒုတိယ ဥက္ကဋ္ဌ ဦးလှသောင်းမြင့်က e-ticket အသုံးပြုခြင်းဖြင့် ဖြစ်ပေါ်လာမည့် အကျိုးဆက်များကို ရှင်းလင်းပြောကြားသည်။

ထက်နေ
မြ၀တီ