ဘဏ်နှစ်ခုတွင် ပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်

ပို့စ်တင်ချိန် - 5/16/2014 12:20:00 PM


လားရှိုး  မေ ၁၆။

လားရှိုးမြို့၊ သိန်းနီလမ်းနှင့် စံကောင်းလမ်းထောင့်တွင် တည်ရှိသည့် CB ဘဏ်နှင့် ဗိုလ်ချုပ်လမ်းနှင့် သစ္စာလမ်းထောင့်တွင် တည်ရှိသည့် ကမ္ဘောဇဘဏ်(၁) တို့တွင်

ယနေ့နံနက် သုံးနာရီခွဲခန့်က ပေါက်ကွဲမှုနှစ်ခု ဆက်တိုက်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

“ကျွန်တော် ဒီနေ့မနက် ဂိတ်ထိုးတဲ့အချိန် ၃:၂ဝ လောက်မှာ ရွံ့တွေပေနေတဲ့ ဖိုးဝှီး အနက်ရောင် ကားသုံးစီးက အရှိန်နဲ့ မောင်းလာပြီး အောက်ဖက်ကို ဆင်းသွားတယ်၊
ကျွန်တော်တို့ကိုတောင် ပွတ်မိမလို ဖြစ်သွားသေးတယ်၊ သူတို့ကားတွေ ဆင်းသွားပြီး မကြာဘူး၊ အုန်းဆိုတဲ့ အသံ နှစ်ခါဆက်တိုက် ကြားလိုက်ရတယ်”ဟု
ကမ္ဘောဇဘဏ်အနီး လမ်းဆုံရှိ သုံးဘီးယာဉ်မောင်း ကိုမြင့်နိုင်က ပြောသည်။

အဆိုပါ KBZ (၁) ဘဏ်၏ နောက်ပေါက် ကားဝင်တံခါး အုတ်တံတိုင်းတွင် ပေါက်ကွဲသွားခဲ့ပြီး အနီးရှိ အောင်သီရိ ရုပ်ရှင်ရုံ အပေါ်ထပ်ရှိ လေကာမှန်များမှာ
တုန်ခါမူကြောင့် ကွဲကြေပျက်စီးခဲ့ရပြီး သစ္စာလမ်းဘေးတစ်ချက်ရှိ သစ္စာမွန် စာအုပ်အငှားဆိုင်၏ သစ်သားတံခါးမှာလည်း ရှေ့ပေါက်နှင့်နောက်ပေါက်
တံခါးများ ပြုတ်ကျ ပျက်စီးခဲ့ပြီး ပေါက်ကွဲမှုကြောင့် တစ်ရပ်ကွက်လုံး တုန်ခါသွားကြောင်း ရပ်ကွက်နေ ဒေသခံများထံမှ သိရှိရသည်။



“ကျွန်တော်က လုံခြုံရေးတာဝန်ကျပါ၊ သုံးနာရီခွဲလောက်မှာ ဟိုဘက်ကနေ“အုန်း”ဆိုပြီး ကြားရပြီးတော့ ကျွန်တော်တို့ ဘဏ်နားမှာလည်း ဆက်တိုက် ကြားလိုက်ရတာပါ၊
ထွက်ကြည့်လိုက်တော့မှ မီးခိုးတွေလုံးနေပြီးတော့ ယမ်းနံ့ကလဲထောင်းနေတာပဲ၊ ညက ကျွန်တော် ကင်းလှည့်တဲ့ အချိန်တုန်းက မဖြစ်လို့တော်သေးတယ်၊
တော်တော်လေး အသံကျယ်တယ်”ဟု CB ဘဏ်လုံခြုံရေးဝန်ထမ်း ကိုဟန်လင်းထွန်းက ပြောသည်။

အဆိုပါ CB ဘဏ်ဘေးရှိ “ဝင်း” ကားပစ္စည်းဆိုင်တွင် တပ်ဆင်ထားသော လေကာမှန်များမှာလည်း ကွဲကြေပျက်စီးခဲ့ရပြီး၊  ဘဏ်၏ ထရန်စဖော်မာ ပျက်စီးခဲ့ကြောင်း
ဘဏ်ဘေးပတ်ဝန်းကျင်နေ မျက်မြင် ဒေသခံများထံမှ သိရှိရသည်။

အဆိုပါဖြစ်စဉ်တွင် ထိခိုက်ဒဏ်ရာ ရရှိသူ တစ်ဦးတစ်ယောက်မှ မရှိဘဲ ပျက်စီးမှုများသာရှိကာ ပြည်သူများ ထိန့်လန့်နေကြကြောင်း၊ တာဝန်ရှိသူများက ပေါက်ကွဲမှုများအတွက်
စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ကာ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

စိုးမင်းနိုင်
The Myanma Age

kbz နှင့် cb bank ဆက်စပ်သတင်းများ