ကားမီးလောင်မှု အများစုမှာ မြန်မာ့နည်းမြန်မာ့ဟန်ဖြင့် ပြန်လည်ပြုပြင်ခြင်းကြောင့် ဖြစ်

ပို့စ်တင်ချိန် - 5/16/2014 09:41:00 AM



11ရန်ကုန်၊ မေ ၁၂

မြန်မာနိုင်ငံ၌ ၂၀၁၄ ခုနှစ်မှ စတင်ကာ မော်တော်ယာဉ် မီးလောင်မှုများ အများအပြား ဖြစ်ပွားခဲ့ပြီး အများစု သည် မြန်မာ့နည်း မြန်မာ့ဟန်ဖြင့် ပြန်လည်ပြုပြင်ရာမှ နည်းပညာပိုင်း အားနည်းကာ ဖြစ်ပွား ရခြင်း ဖြစ်ကြောင်း မော်တော်ယာဉ်နှင့် ပတ်သက်သည့် ကျွမ်းကျင်သူများက မေ ၁၂ ရက်တွင် မြန်မာသံတော်ဆင့် သို့ သုံးသပ် ပြောကြားခဲ့ကြသည်။

နည်းပညာပိုင်း အားနည်းမှုကြောင့် ဖြစ်ပွားရခြင်း ဆိုရာ၌ ကားကိုယ်ထည်အတွင်း ၀ါယာကြိုးများ အား ပြန်လည် ပြုပြင်ကာ အသုံးပြုမှု၊ မော်တော်ယာဉ် မီးလောင်မှုအများစုမှာ ပရိုဘောက်စ် အမျိုးအစား မော်တော် ယာဉ်များ ဖြစ်နေပြီး ယင်းမှာ အကြမ်းခံသည်ဟုဆိုကာ စနစ်တကျ မသုံးစွဲခြင်းကြောင့် ဖြစ်သည်။

““တချို့ကတော့ ၀ါယာကြိုးကို ပြန်ပြီးတော့ ပြုပြင်လိုက်တယ်။ ဟိုးအရင်က ကားတွေက စက်စနှိုးရင် ရေတိုင်ကီ ပြည့်ဖို့အတွက်ကို စက်ဖွင့်ပြီဆိုတာနဲ့ လည်ပေးတယ်။ နောက်ပိုင်းကားတွေက မလည်ပေးဘူး။ ဒီတိုင်းထားတယ်။ လိုအပ်တဲ့ အပူချိန်ရောက်မှ စလည်ပေးတာ။ အဲဒါကို မကြိုက် ဘဲ ပြင်လိုက်တယ်။ ပြင်လိုက်တော့ တစ်ခါတလေ မနိုင် ဘဲနဲ့ ၀ါယာရှော့ခ် ဖြစ်တယ်လို့ ထင်တယ်””ဟု စမ်းချောင်းမြို့နယ်နေ မော်တော်ယာဉ်နှင့် ပတ်သက်၍ ကျွမ်းကျင်သူ ကိုသက်မောင်က ပြောသည်။

ယခုကဲ့သို့ မော်တော်ယာဉ် မီးလောင်မှုများသည် ယာဉ်မောင်း အနေ၌လည်း တာဝန်ရှိပြီး မော်တော်ယာဉ်များအား ၀ပ်ရှော့ဆရာများက မြန်မာမှု ပြန်ပြုခြင်းသည် မသင့်တော်ဘဲ ပုံမှန်သာ အသုံးပြုရန် လိုအပ်ကြောင်း မင်းရဲကျော်စွာ ကားဝင်း အတွင်း၌ ပွဲစားလုပ်ကိုင်လျက်ရှိသူ ကိုဂျင်မီမျိုးအောင်က မြန်မာသံတော်ဆင့်သို့ ပြောသည်။

“တချို့ကလည်း ရေလှယ်အုံမှာပါတဲ့ အပူချိန်ကို အာရုံခံတဲ့ ကိရိယာကို ဖြုတ်ကြတယ်။ ရေလှယ် အားကောင်းအောင် ဆိုပြီးတော့။ အမှန်က မဖြုတ်ရဘူး။ ဂျပန်က ဘာတစ်ခုမှ အပိုမထည့်ပေးဘူး။ ဟိုအရင် ၀ပ်ရှော့ဆရာကြီးတွေဆို ဖြုတ်ပစ်ကြတာ များတယ်။ ရှေးရိုးစွဲကိုသုံးကြတယ်””ဟု ကိုဂျင်မီမျိုးအောင်က ဆိုသည်။

၂၀၁၄ ခုနှစ်၊ ဇန်န၀ါရီ ၁ ရက်မှ ဧပြီ ၂၃ ရက်အထိ မော်တော်ယာဉ် မီးလောင်မှု ၄ ကြိမ် ဖြစ်ပွားခဲ့ရာ လူ ၁၁ ဦး သေဆုံးပြီး ၁၅ ဦး ဒဏ်ရာ ရရှိကာ ကျပ် ၂၂၂ သိန်း တန်ဖိုးခန့် မီးလောင် ဆုံးရှုံးခဲ့ကြောင်း အစိုးရဘက်မှ ထုတ်ပြန် ထားသည်။

““ဒီမှာ ပရိုဘောက်စ်ကားတွေ မီးလောင်တယ်ဆိုရင် ကာစတန်မာက ကျွန်တော်တို့ကို လာပြီးတော့ ပြောတယ်။ ပြီးတော့ ဘာကြောင့် မီးလောင်တယ်ဆိုတာ စုံစမ်းတယ်ဆိုရင် ကျွန်တော်တို့အနေနဲ့ စုံစမ်း စစ်ဆေးတဲ့ အဖွဲ့တွေ ရှိပါတယ်။ ကျွန်တော်တို့ကတော့ ကားမှာရှိတဲ့ ဘယ်ပစ္စည်းကိုမှ ဖြုတ်ပြီးတော့ လဲတယ်ဆိုတာ လက်မခံထားဘူး။ ပုံမှန်မဟုတ်တဲ့ ပစ္စည်းတွေ ပြုပြင်ပြောင်းလဲထားလို့ မီးလောင်တာတွေလည်း ရှိကောင်း ရှိနိုင်ပါတယ်”” ဟု Toyota authorized service station in myanmar မှ နည်းပညာပိုင်း တာဝန်ရှိသူတစ်ဦးက ဖြေကြားခဲ့သည်။

ယခုကဲ့သို့သော မီးလောင်မှုမှာ များစွာ ဖြစ်ပွားသောကြောင့် အစိုးရမှ ခရီးသည်တင်/ကုန်တင် မော်တော်ယာဉ် ကြီးများတွင် အနည်းဆုံး ဓာတုဗေဒ ပေါင်ဒါမှုန့်ခြောက် မီးသတ်ဆေးဘူး 4KG နှစ်လုံး၊ မော်တော်ယာဉ်လတ်များတွင် အနည်းဆုံး ဓာတုဗေဒ ပေါင်ဒါမှုန့်ခြောက် မီးသတ်ဆေးဘူး 2KG   နှစ်လုံးနှင့် မော်တော်ယာဉ်ငယ်များတွင် အနည်း ဆုံး ဓာတုဗေဒပေါင်ဒါမှုန့်ခြောက် မီးသတ်ဆေးဘူး 1KG တစ်လုံး ထားရှိရန် နှိုးဆော်ထားသည်။

ဂျပန်နိုင်ငံမှ မြန်မာနိုင်ငံသို့ အများဆုံး တင်ပို့သော ကားအမျိုးအစား ၅ မျိုးမှာ တိုယိုတာ ပရိုဘောက်စ်၊ ဟွန်ဒါဖစ်၊ တိုယိုတာ ဒယ်လ်တာ၊ တိုယိုတာ ကယ်ဒီနားနှင့် တိုယိုတာမတ်တူး တို့ဖြစ်ပြီး တိုယိုတာ ပရိုဘောက်စ်၊ ဟွန်ဒါဖစ်နှင့် တိုယိုတာ ဘယ်လ်တာတို့မှာ အင်ဂျင် ပါဝါငယ် အမျိုးအစားများဖြစ်သည်။

ယခုလက်ရှိတွင် တိုယိုတာ ပရိုဘောက်စ် ကားဈေးများလည်း ကျဆင်းလျက်ရှိပြီး ယခင်က ကျပ်သိန်း ၁၀၀ ၀န်းကျင် ရှိရာမှာ ကျပ် သိန်း ၈၀ ၀န်းကျင်ထိသာ ရှိသည်။

ဝိုင်းမော်
မြန်မာသံတော်ဆင့်