စားကျက်တွင် လွှတ်ထားသည့်နွားအား သတ်ဖြတ်သူများကိုအရေးယူ

ပို့စ်တင်ချိန် - 5/16/2014 11:40:00 PM


နေပြည်တော်၊ မေ ၁၆
၂၀၁၄ ခုနှစ်၊ မေလ ၁၀ ရက်နေ့ နံနက် ၈ နာရီအချိန် မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၊ ကင်ပွန်းခြုံကျေးရွာနေ ဦးသောင်း(၄၀)နှစ်သည် ၎င်းပိုင် နွားမ(၄)ကောင်၊ နွားထီး(၃) ကောင်အား လယ်ကွင်းစားကျက်သို့လွှတ်ထားရာ ပြန်လည်ရောက်ရှိလာခြင်းမရှိသောကြောင့် လိုက်လံ ရှာဖွေရာ ၁၁-၅-၂၀၁၄ ရက်နေ့ နံနက် ၇ နာရီအချိန်ခန့်တွင် လဲဝါရွာအရှေ့ဘက်(၃)ဖာလုံခန့်အကွာ ဦးသိန်းဝင်း၏ယာထဲတွင် နွားမခြေ(၄)ချောင်း၊ နွားသားရေအနီတစ်ချပ်၊ နွားအမြီးတစ်ချောင်းတို့အား တွေ့ရှိရ၍ကြည့်ရာ ၎င်း၏နွားမအား သတ်၍ဖြတ်ထားသောပစ္စည်းများဖြစ်ကြောင်းသိရသည်။ ထို့နောက် ကျန်နွားများအား ဆက်လက်ရှာဖွေရာ လဲဝါရွာမြောက်ဘက် လယ်ကွင်းအတွင်း၌ ကျန်နွား(၆) ကောင်အားတွေ့ရပြီး နွားမသတ်ဖြတ်သူကိုစုံးစမ်းရာ လဲဝါကျေးရွာနေ အောင်ဌေးဝင်း(ခ)အာစိုး (၂၃)နှစ်၊ တမာကျေးရွာနေသူများ ဖြစ်သည့် မျိုးကျော်(၃၂)နှစ်နှင့် မောင်တင်(ခ)ငတင်(၃၀)နှစ် တို့ဖြစ်ကြောင်းသိရ၍ အရေးယူပေးရန် တိုင်တန်းရာ အောင်ဌေးဝင်း(ခ)အာစိုးပါ(၃)ဦးအား မင်းလှမြို့မ ရဲစခန်း(ပ)၇၅/၂၀၁၄၊ ပြစ်မှုပုဒ်မ ၄၂၉ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်