မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း eGovernment ဆက်ကြောင်းများအတွက် ဖိုက်ဘာကေဘယ်ဆိုင်ရာပစ္စည်းများ တင်ဒါခေါ်

ပို့စ်တင်ချိန် - 5/27/2014 09:39:00 PM


နေပြည်တော်ရှိ အစိုးရဌာနများတွင် eGovernment ဆက်ကြောင်းများ ဆောင်ရွက်ရာ၌ လိုအပ်သည့် ဆက်သွယ်ရေးဆိုင်ရာပစ္စည်းများ ဝယ်ယူရန် တင်ဒါခေါ်ယူထားသည်။

ဖိုက်ဘာကေဘယ်နှင့် ဆက်စပ်ပစ္စည်းများ၊ ဖိုက်ဘာကေဘယ်လိုင်း တည်ဆောက်ခြင်း ဆက်စပ်ပစ္စည်းများ၊ Data Network နှင့် ဆက်စပ်ပစ္စည်းများ ပါဝင်ကြောင်းတွေ့ရသည်။ လုပ်ငန်းအပေါ်စိတ်ဝင်စားပါက စဘော်ငွေ ကျပ်ငါးသိန်းတိတိကို စိတ်ဝင်စားမှုအာမခံကြေးအဖြစ် ပေးသွင်းပြီးမှသာလျှင် အိတ်ဖွင့်တင်ဒါလက်ခံမည်ဖြစ်ကြောင်း သိရှိရသည်။ လုပ်ငန်းမရရှိပါက ပြန်လည်ထုတ်ပေးမည်ဖြစ်ကြောင်း သိရသည်။ တင်ဒါခေါ်ယူသည့် ပစ္စည်းများကို လုပ်ငန်းအပ်နှံသည့်နေ့မှ ရက်ပေါင်း ၆၀ အတွင်း အပြီးသတ်ပေးသွင်းရမည်ဖြစ်ကြောင်း၊ သတ်မှတ်ရက်အတွင်း ပစ္စည်းပေးသွင်းနိုင်ခြင်းမရှိပါက ရက်လွန်ဆောင်ရွက်မှုအတွက် နှောင့်နှေးကြေးအဖြစ် တစ်ရက်လျှင် လုပ်ငန်းတစ်ပတ်လျှင် နောက်ကျပေးသွင်းမည့် ပစ္စည်းတန်ဖိုး၏ တစ်ရာခိုင်နှုန်းကို ဖြတ်တောက်မည်ဖြစ်ကြောင်း သိရသည်။

ယင်းတစ်ရာခိုင်နှုန်း ဖြတ်တောက်ခြင်းကို ရက်သတ္တပါတ်စုစုပေါင်း ခြောက်ပတ်အထိသာ ဖြတ်တောက်မည်ဖြစ်ပြီး ယင်းကာလထက်ကျော်လွန်ပါက ပေးသွင်းထားသည့် အာမခံငွေအားလုံးကိုသိမ်းယူ၍ နာမည်ပျက်စာရင်းတွင် ထည့်သွင်းအရေးယူသွားမည်ဖြစ်ကြောင်း၊ ဌာနမှသတ်မှတ်ထားသည့် စည်းကမ်းများကို ဖောက်ဖျက်ပါက အာမခံများကို လုံးဝထုတ်ပေးခြင်းမပြုသည့် နာမည်စာရင်းကြေညာခြင်း ခံရမည်ဖြစ်ကြောင်း သိရသည်။ တင်ဒါနှင့် ပတ်သက်သည့်အချက်လက်များကို ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း နေပြည်တော် ဒုတိယ အထွေထွေမန်နေဂျာရုံးတွင် စုံစမ်းနိုင်ကြောင်း သိရသည်။

တင်ဒါပုံစံတစ်စောင်လျှင် တစ်ထောင်ကျပ်ဖြင့် ဝယ်ယူနိုင်ပြီး ဇွန်လ ၂၄ ရက်တွင် တင်ဒါပိတ်သိမ်းမည်ဖြစ်ကြောင်း၊ သတ်မှတ်ထားသည့်အချိန်ထက် ကျော်လွန်ပေးသွင်းသော တင်ဒါများအား လက်ခံမည်မဟုတ်ကြောင်း ကြေညာထားသည်။

ထွန်းထွန်း
Internet Journal