တရုတ်သင်္ဘော ဝင်တိုက်သဖြင့် ဗီယက်နမ်ရေယာဉ်တစ်စင်း နစ်မြုပ်

ပို့စ်တင်ချိန် - 5/27/2014 07:05:00 PM




နှစ်နိုင်ငံ ရေပိုင်နက် အငြင်းပွားမှု ပြဿနာများ ဖြစ်ပေါ်နေသည့် တောင်တရုတ်ပင်လယ် ရေပြင်တွင် တရုတ်ရေယာဉ်တစ်စင်း ဝင်တိုက်သဖြင့် ဗီယက်နမ် ရေယာဉ်တစ်စင်း နစ်မြုပ်သွားကြောင်း သတင်းများက ဖော်ပြခဲ့သည်။ နှစ်နိုင်ငံ တင်းမာမှုများ အမြင့်မားဆုံး အခြေအနေ၌ ရှိနေစဉ် ယခုသတင်း ပေါ်ထွက်လာခြင်းလည်း ဖြစ်သည်။ ယခုဖြစ်ရပ်တွင်လည်း နှစ်နိုင်ငံ အစိုးရများက အပြန်အလှန် ပြစ်တင်ပြောဆိုမှုများ ပြုလုပ်နေသည်။ ဗီယက်နမ်က မိမိတို့၏ ရေယာဉ်ကို တရုတ်ရေယာဉ် (၄၀)ခန့်က ဝန်းပတ်နေပြီး တစ်စင်းက ဝင်တိုက်ခဲ့ခြင်းဟု စွပ်စွဲခဲ့သည်။

တရုတ်အစိုးရ၏ Xinhua သတင်းဌာနကမူ ဗီယက်နမ် ရေယာဉ်ကသာ မိမိတို့၏ သင်္ဘောတစ်စင်းကို နမော်နမဲ့ ဝင်တိုက်ခဲ့ခြင်းအဖြစ် ရေးသားဖော်ပြခဲ့သည်။ ရေပိုင်နက် အငြင်းပွားနေဆဲ အခြေအနေတွင် အဆိုပါ ဒေသ၌ တရုတ်နိုင်ငံက ရေနံတူးမျှော်စင်တစ်ခု ဆောက်လုပ်ခဲ့သည့်အပေါ် ဗီယက်နမ်က ဆန့်ကျင်ဆန္ဒပြခဲ့ပြီးနောက် ဗီယက်နမ်ရှိ တရုတ်စက်မှုလုပ်ငန်းများ ဖျက်ဆီးခံရပြီး နှစ်နိုင်ငံဆက်ဆံရေး အခါးသီးဆုံး ဖြစ်လာခဲ့သည်။ အင်္ဂါနေ့က ရေယာဉ်ချင်း တိုက်မိခဲ့သည့် ဖြစ်ရပ်သည် အဆိုပါ ရေနံမျှော်စင်နှင့် ရေမိုင်(၁၇)မိုင်မျှ အကွာတွင် ပေါ်ပေါက်ခဲ့ခြင်းဟု ဆိုသည်။

ဗီယက်နမ် မီဒီယာများက တရုတ်ရေတပ်သည် ရေနံမျှော်စင် အနီးတွင် မြန်နှုန်းမြင့် ဒုံးကျည်တင် တိုက်သင်္ဘော တစ်စင်းနှင့် မိုင်းရှင်းသင်္ဘော တစ်စင်းတို့ကို ဖြန့်ကျက် နေရာယူထားစေကြောင်း ဆိုသည်။ တရုတ်နိုင်ငံသည် ပြီးခဲ့သည့် ရက်ပိုင်းများအတွင်း တောင်တရုတ်ပင်လယ် အရေးနှင့် ပတ်သက်ပြီး ဗီယက်နမ်ကို အထက်စည်းမှ ချဉ်းကပ်မှုများ ပိုမို ပြုလုပ်လာခဲ့သည်။ တရုတ်နိုင်ငံသည် အရှေ့ဘက် ကမ်းလွန်ဒေသများတွင် တောင်ကိုရီးယား၊ ဂျပန်၊ ဖိလစ်ပိုင် အစရှိသည့် နိုင်ငံများနှင့်လည်း ရေပိုင်နက် အငြင်းပွားမှုများ ဖြစ်ပေါ်လျှက်ရှိသည်။

Planet Myanmar network