ထိုင်းနိုင်ငံရေးပြဿ နာများ သက်တမ်းကြာလာပါက မြန်မာရွှေ့ပြောင်းလုပ်သားများ၊ မြန်မာ့ခရီးသွားလုပ်ငန်းများအပေါ် အဓိကသက်ရောက်လာနိုင်

ပို့စ်တင်ချိန် - 5/27/2014 12:42:00 PM

(မြ၀တီနယ်စပ်ရှိ ထိုင်း-မြန်မာနယ်စပ်ဂိတ်မှ ဖြတ်သန်းသွားလာနေကြသူများကို တွေ့ရစဉ် (ဓာတ်ပုံ-ကိုရွှေသိန်း))



ထိုင်းနိုင်ငံတွင် လက်ရှိဖြစ်ပွားနေသော နိုင်ငံရေးပြဿ နာများ သက်တမ်းကြာရှည်လာပါက မြန်မာရွှေ့ပြောင်းလုပ်သားများနှင့် မြန်မာ့ခရီးသွားလုပ်ငန်းအပေါ် အဓိကသက်ရောက်လာနိုင်ကြောင်း စီးပွားရေးပညာရှင်များနှင့် ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားအဖွဲ့အစည်းများ၊ အလုပ်သမားရေးရာ ကျွမ်းကျင်သူများက သုံးသပ်ပြောကြားခဲ့သည်။

"အခုလိုမျိုး ထိုင်းနိုင်ငံရေး မငြိမ်သက်မှုတွေ ဆက်လက်ဖြစ်ပွားနေမယ်ဆိုရင် ထိုင်းနိုင်ငံရဲ့ ကုန်ထုတ်လုပ်မှုတွေကို ထိခိုက်မယ်။ ပြီးရင် ထိုင်းမှာအလုပ်လုပ်နေကြတဲ့ မြန်မာအလုပ်သမားတွေပါ အလုပ်အကိုင်ရှားပါးတာတွေ မငြိမ်မသက်မှုတွေကြောင့် အလုပ်ပုံမှန်မဆင်းရတာတွေ၊ အလုပ်ပိတ်တာတွေဖြစ်လာနိုင်တယ်။ နောက်ထိုင်းက သူတို့နိုင်ငံရေးအပိုင်းမှာ တင်ဖြေရှင်းရမယ့် ကိစ္စတွေရှိနေတော့ မြန်မာအလုပ်သမားတွေရဲ့ကိစ္စတွေကို အာရုံစိုက်နိုင်မှာမဟုတ်ဘူး။ အရင်သဘောတူထားတဲ့ ဗီဇာသက်တမ်းကုန် အလုပ်သမားတွေကို အထောက်အထားထုတ်ပေးရေး လုပ်ငန်းစဉ်တွေမှာ ထိုင်းဘက်က အစိုးရပိုင်းဝန်ကြီးဌာနတွေရဲ့ အဆုံးအဖြတ်၊ ခွင့်ပြုချက်တွေမှာ ကြန့်ကြာတာတွေ၊ နှောင့်နှေးတာတွေ ရှိလာမယ်" ဟု ထိုင်းနိုင်ငံအခြေစိုက် ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ရက်မှ ဒါရိုက်တာတစ်ဦးဖြစ်သူ ကိုစိန်ဌေးက ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံတွင် မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ သားသမီးများအတွက် ဖွင့်လှစ်ထားသည့် ပညာသင်ကြာရေးကျောင်း ၁၄၇ ကျောင်းရှိပြီး ထိုင်းနိုင်ငံတွင်းရှိ အစိုးရပိုင်ကျောင်းများအပါအ၀င် အခြားကျောင်းအားလုံးကို မေ ၂၃ ရက်မှ ၂၅ ရက်အထိ ခေတ္တပိတ်ရန်ထိုင်းစစ်တပ်က ညွှန်ကြားချက်ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

"ထိုင်းမှာ စစ်တပ်က အာဏာသိမ်းလိုက်ပေမယ့် စီးပွားရေးလုပ်ငန်းတွေကတော့ လက်ရှိအချိန်အထိ လည်ပတ်နေတုန်းပါပဲ။ အခုအချိန်အထိတော့ မြန်မာအလုပ်သမားတွေအပေါ် ကြီးကြီးမားမား အပြောင်းအလဲဖြစ်တာတော့မရှိသေးဘူး။ အာဏာသိမ်းတာကလည်း (၁၉) ကြိမ်မြောက် ရှိနေပြီလေ။ အသေးစားလုပ်ငန်းတွေ၊ အိမ်တွင်းမှုလုပ်ငန်းတွေ အိမ်ဖော်တို့မှာတော့ အလုပ်ချိန်နည်းသွားတာတွေ၊ နှစ်ရက်သုံးရက်လောက် အလုပ်ပိတ်တာတွေရှိတယ်။ နောက်ဆောက်လုပ်ရေးလုပ်ငန်းတွေမှာတော့ လစာထုတ်တာ နောက်ကျတာမျိုးတွေရှိမယ်။ ထိုင်းစစ်တပ်ကနေ ညမထွက်ရအမိန့်ထုတ်ပြန်ထားပေမယ့် အရေးပေါ်ကိစ္စတွေ၊ လုပ်ငန်းကိစ္စတွေကိုတော့ ခွင့်ပြုထားပါတယ်။ အလုပ်သမားတွေအနေနဲ့ အရမ်းကြီးသတိထားသွားလာနေရတာမျိုးတွေတော့မရှိဘူး။ အခုအချိန်ထိတော့ အလုပ်သမားတွေက ကြီးကြီးမားမားအပြောင်းအလဲကို မကြုံရသေးပေမယ့် အာဏာသိမ်းလိုက်တာက အလုပ်သမားတွေအပေါ်မှာ အနည်းငယ်တော့ သက်ရောက်မှုရှိပါတယ်" ဟု မြန်မာသံရုံးမှ ဦးဆောင်ဖွဲ့စည်းထားသည့် မြန်မာနိုင်ငံသားများ စောင့်ရှောက်ရေးအသင်းမှ အဖွဲ့ဝင်ကိုလမင်းကဆိုသည်။

ယခုလက်ရှိအချိန်အထိ ထိုင်းနိုင်ငံ၌ စစ်တပ်အာဏာသိမ်းမှုသည် ထိုင်းရောက် မြန်မာအလုပ်သမားများအပေါ် ကြီးမားသည့်အပြောင်းအလဲမရှိသေးကြောင်း၊ သို့ရာတွင် ယခုကဲ့သို့ နိုင်ငံရေးမတည်ငြိမ်မှုများ ဆက်လက်ဖြစ်ပွားနေမည်ဆိုပါက ထိုင်းနိုင်ငံရှိ စီးပွားရေးလုပ်ငန်းများ၊ ကုန်ထုတ်လုပ်မှုများကို ထိခိုက်နိုင်ပြီး ယင်းလုပ်ငန်းများတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာအလုပ်သမားများအပေါ် ထိခိုက်မှုများ ရှိလာနိုင်ကြောင်းလည်း သိရသည်။

မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌ ဦးမင်းလှိုင်ကလည်း "အခုလောလောဆယ်တော့ ထိုင်းကို အလုပ်သမားစေလွှတ်တာ ရပ်မထားဘူး။ ဒါပေမဲ့ ဟိုဘက်က အလုပ်ခေါ်တာတော့ လျော့သွားတယ်။ ထိုင်းနိုင်ငံရေးမငြိမ်သက်မှုက မြန်မာအလုပ်သမားတွေအပေါ် အနည်းနဲ့အများ အကျိုးသက်ရောက်မှုရှိနိုင်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ အလုပ်သမားဝန်ကြီးဌာန ဒုဝန်ကြီးဦးဆောင်ပြီး ထိုင်းနိုင်ငံတာဝန်ရှိသူတွေနဲ့ ဆွေးနွေးမှုတွေ လုပ်ခဲ့ပါတယ်။ လုပ်ငန်းရှင်တွေအနေနဲ့ ဆန္ဒပြမှုတွေမှာ ကျွန်တော်တို့ မြန်မာအလုပ်သမားတွေကို ခုတုံးမလုပ်ဖို့အတွက် တောင်းဆိုခဲ့ပါတယ်" ဟု ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံသည် မြန်မာရွှေ့ပြောင်းအလုပ်သမား အများဆုံးရှိရာ နိုင်ငံဖြစ်ပြီး မြန်မာအလုပ်သမားစုစုပေါင်း သုံးသန်းကျော် လေးသန်းနီးပါးရှိကြောင်း၊ ထက်ဝက်ခန့်မှာ အထောက်အထားမရှိသည့် တရားမ၀င် မြန်မာအလုပ်သမားများဖြစ်ကြောင်း၊ ထိုင်းနိုင်ငံ၌ မြန်မာရွှေ့ပြောင်းအလုပ်သမားများသည် ဈေးဆိုင်၊ စားသောက်ဆိုင်လုပ်ငန်း၊ အိမ်ဖော်လုပ်ငန်း၊ စက်ရုံ၊ အလုပ်ရုံများနှင့် လုပ်ငန်းမျိုးစုံတွင် လုပ်ကိုင်နေကြကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ အဓိကကုန်သွယ်ဖက်နိုင်ငံဖြစ်သည့် ထိုင်းနိုင်ငံတွင် လတ်တလောဖြစ်ပွားနေသည့် နိုင်ငံရေးအခြေအနေများကြောင့် မြန်မာနိုင်ငံအပေါ် သက်ရောက်လာနိုင်မှု အခြေအနေများနှင့် ပတ်သက်ပြီး "အဓိကကတော့ ထိုင်းဟာ မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံလည်းဖြစ်တယ်။ မြန်မာနိုင်ငံကနေထိုင်းကို အဓိကတင်ပို့နေတာက သဘာဝဓာတ်ငွေ့လေ။ သဘာဝဓာတ်ငွေ့ကလည်း Long term ကန်ထရိုက်နဲ့ပို့တာဆိုတော့ ပြည်သူတွေရဲ့ Demand နဲ့က မဆိုင်ဘူးလေ။ ဒါက Constant Supply ဖြစ်နေတာကိုး။ ဒါကြောင့် ကျွန်တော်တို့နိုင်ငံကို သိပ်အများကြီး မထိခိုက်နိုင်ပါဘူး" ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အကြံပေး ဒေါက်တာမောင်အောင်က ပြောကြားခဲ့သည်။

"တစ်ခုရှိတာက နယ်စပ်ကထုတ်တဲ့ဟာတွေမှာတော့ နည်းနည်းထိခိုက်နိုင်တာပေါ့။ နိုင်ငံရေးအခြေအနေကြောင့် ကျသွားနိုင်တဲ့ အနေအထားမျိုးရှိတာပေါ့။ နိုင်ငံရေးအခြေအနေမတည်ငြိမ်ရင် တစ်ဖက်ကလည်း ထုတ်လုပ်မှုတွေ အဟန့်အတားဖြစ်လာမယ်။ သယ်ယူပို့ဆောင်ရေးကဏ္ဍစသဖြင့်ပေါ့။ သူနဲ့ကိုယ်နဲ့ ကုန်သွယ်မှုမှာတော့ ထူးခြားတဲ့ ထိခိုက်မှုတော့ သိပ်မရှိနိုင်ပါဘူး။ နောက်တစ်ခုက ဘာရှိလဲဆိုတော့ သူတို့မှာ အကျပ်အတည်း ဖြစ်နေတာက ဥပမာ-လယ်ယာကိုအခြေခံတဲ့ လုပ်ငန်းတွေ စားသောက်ကုန်ကို အခြေခံတဲ့လုပ်ငန်းတွေက ဘန်ကောက်မြို့ရဲ့ မိုင် ၅၀ ပတ်လည်ဝန်းကျင်မှာ အများကြီးပဲ။ FDI လုပ်ငန်းတွေလည်း အများကြီးပဲ။ အဲဒီဟာတွေက တစ်ဖြည်းဖြည်းနဲ့ ရွှေ့ဖို့စဉ်းစားလာနိုင်တယ်။ နံပါတ်တစ်က သူတို့ရဲ့နိုင်ငံရေးအခြေအနေ မကောင်းဘူး။ လုံခြုံရေးအခြေအနေမကောင်းဘူး။ သူတို့ wages ကတက်လာပြီပေါ့။ ခုဖြစ်နေတဲ့အခြေအနေတွေကြောင့် အဲဒီလုပ်ငန်းတွေက ရွှေ့ဖို့အလားအလာ အရမ်းများနေပြီ။ ထိုင်းမှာခုဖြစ်နေတဲ့ အရေးအခင်းကြောင့် အဲဒီလုပ်ငန်းတွေက မြန်မာနိုင်ငံကို အများကြီးရွှေ့လာနိုင်တယ်။ ဒါက မြန်မာနိုင်ငံအတွက် အခွင့်အလမ်းကောင်းပဲ။ မြန်မာနိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်မှု ရော FDI ရော၊ Job creation ရော အများကြီးတက်လာမယ်လို့ မျှော်လင့်ရပါတယ်။ သူများနိုင်ငံမှာဖြစ်နေတာကို ၀မ်းသာနေတာ မဟုတ်ပါဘူး။ အဲလိုဖြစ်နေရင် အဲဒီဟာတွေက ကုန်သွယ်မှုနဲ့ ဆက်စပ်နေတဲ့လုပ်ငန်းတွေဖြစ်တော့ သူတို့နိုင်ငံကလုပ်ငန်းတွေ မြန်မာနိုင်ငံရွှေ့လာရင် မြန်မာရဲ့ကုန်သွယ်မှုက သိသိသာသာတက်လာဖို့ရှိပါတယ်" ဟု စီးပွားရေးပညာရှင်တစ်ဦးက သုံးသပ်ပြောကြားခဲ့သည်။

မြန်မာနိုင်ငံအနေဖြင့် အီးယူနိုင်ငံများမှပေးအပ်သည့် GSP အခွန်သက်သာခွင့်ကြောင့် မြန်မာ့ထုတ်ကုန်များ အီးယူဈေးကွက်သို့ တင်ပို့ရာ၌ ဈေးချိုချိုနှင့်တင်ပို့နိုင်သည့် အခွင့်အရေးကြောင့်လည်း ထိုင်းနိုင်ငံရှိ လုပ်ငန်းအချို့ မြန်မာနိုင်ငံသို့ ပြောင်းရွှေ့လာနိုင်ကြောင်း သိရသည်။

သို့သော်အခြားတစ်ဖက်တွင်လည်း ထိုင်းနိုင်ငံရေးအကျပ်အတည်းကြောင့် မြန်မာနိုင်ငံ၏ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအပေါ် ထိခိုက်လာနိုင်ကြောင်းလည်း သုံးသပ်မှုများရှိနေသည်။ ထို့ပြင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့သည် အာဆီယံဒေသ၏ အချက်အချာမြို့ regional hup ဖြစ်နေသည့်အတွက် မြန်မာ့ခရီးသွားလုပ်ငန်းများအပေါ်လည်း သက်ရောက်မှုများရှိနေသည်။ အထူးသဖြင့် ထိုင်းနိုင်ငံအခြေစိုက် ပြေးဆွဲနေသည့် လေကြောင်းလိုင်းများတွင် သက်ရောက်မှုရှိနိုင်ကြောင်းလည်း သိရသည်။

"ဒါပေမဲ့ အခြားတစ်ဖက်မှာ ကောင်းတဲ့အချက်လေးတွေလည်းရှိတာပေါ့။ ဥပမာ- ဆန်ဆိုပါတော့။ မြန်မာနိုင်ငံရဲ့ဆန်တင်ပို့မှုက လောလောဆယ်မှာ တရုတ်ကို ပို့တာတိုးနေတယ်လေ။ အထူးသဖြင့် နယ်စပ်ကနေသွားနေတာတွေက များနေတယ်။ ထိုင်းရဲ့ လက်ရှိအခြေအနေကြောင့် တရုတ်ကို ထိုင်းရဲ့ဆန်တင်ပို့တွေရပ်တာတွေ ကျသွားတာတွေစသဖြင့် ထိခိုက်နိုင်တာပေါ့။ နောက်တစ်ခုက ဗီယက်နမ်ကလည်း သူ့ရဲ့နိုင်ငံရေးအခြေအနေကြောင့် တရုတ်ကို ဗီယက်နမ်နဲ့ထိုင်းက ဆန်တွေသိပ်ပြီး မတင်ပို့နိုင်ဘူး။ သူတို့ဆန်တင်ပို့မှုကျတော့ မြန်မာရဲ့ ဆန်တင်ပို့မှုကတက်လာတာပေါ့။

အလားတူ ၂၀၁၅ခုနှစ်တွင် အာဆီယံ စီးပွားရေးအသိုက်အ၀န်း အကောင်အထည်ဖော်ရန်ကာလမှာလည်း အလွန်နီးကပ်နေသည့်အတွက် ထိုင်းနိုင်ငံရေးအခြေအနေများက မြန်မာအပြင် အခြားအာဆီယံနိုင်ငံများသို့လည်း ထိခိုက်နိုင်ကြောင်း သိရသည်။ ထို့ပြင် စစ်တပ်မှ အာဏာသိမ်းခြင်း၊ စစ်အာဏာရှင်စနစ် ကျင့်သုံးချိန်တွင် စီးပွားရေးပိတ်ဆို့အရေးယူမှုများလည်း ၀င်လာနိုင်ကြောင်း၊ ထိုင်းနိုင်ငံသို့ စီးပွားရေးပိတ်ဆို့မှုများဝင်လာပါက ထိုင်းအပြင် အာဆီယံအဖွဲ့ဝင်နိုင်ငံများဖြစ်သည့် မြန်မာနှင့် အခြားအာဆီယံနိုင်ငံများပါ ယင်းအနေအထားကို ခံစားရမည်ဖြစ်ကြောင်း စီးပွားရေးပညာရှင် ဦးသိန်းမြင့်ဝေက သုံးသပ်ပြောကြားခဲ့သည်။

"ကုန်သွယ်ရေးပိုင်းမှာ နှစ်ပိုင်းခွဲပြောလို့ရတယ်။ Trade in goods နဲ့ Trade in services ပေါ့။ Trade in goods က ကုန်စည်ကုန်သွယ်ရေးပေါ့။ Export ကျမယ်။ Import ကျမယ်။ နောက်တစ်ခုက trade in services မှာ ဥပမာ- ဘန်ကောက်ကို ဒီကဆေးသွားကုနေတဲ့သူတွေရှိတယ်။ ဘန်ကောက်နဲ့ မြန်မာနဲ့ Training Program တွေ ရေးဆွဲနေတဲ့သူတွေရှိတယ်။ အကောင်အထည်ဖော်နေတာတွေအများကြီးရှိတယ်။ tourism တွေလည်း ဒီအထဲပါတာပေါ့။ နောက်တစ်ခုက အလုပ်အကိုင်ရရှိမှုပေါ့။ ဒီအပိုင်းမှာလည်း ကျသွားနိုင်တယ်။ နောက်တစ်ခုက လူမှုရေးပိုင်းမှာ ကျန်းမာရေးကို ထိခိုက်နိုင်သလို စီးပွားရေးအပိုင်းမှာလည်း ထိခိုက်မှုတွေ ရှိနိုင်တယ်"ဟု စီးပွားရေးပညာရှင် ဦးသိန်းမြင့်ဝေက ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံရေးအခြေအနေကြောင့် မြန်မာ-ထိုင်းနယ်စပ်ဂိတ်များတွင် ၀င်ထွက်သွားလာမှုမှာ သိသိသာသာလျော့ကျသွားကြောင်း ယခင်တစ်ရက်လျှင် ထောင်နှင့်ချီကာ ၀င်ရောက်နေသော်လည်း ယခုရက်သတ္တပတ်မှ စတင်ကာ ရာဂဏန်းမျှသာ ထိုင်းနိုင်ငံသားများဝင်ထွက်မှု ပြုလုပ်နေကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ သိရသည်။



Eleven Media Group