ရွှေမျှောကျင်းအတွင်း လေပြတ်၍ လူနှစ်ဦးပြုတ်ကျ သေဆုံး

ပို့စ်တင်ချိန် - 5/27/2014 12:42:00 PM


သတင်း ၊ ကိုတိုးကြီး
ဝန်းသို၊ မေ ၂၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ၀န်းသိုမြို့နယ်၊ တတ်လွင်ကျေးရွာအုပ်စု၊ ဆင်ကန်းကျေးရွာ၏ အနောက်ဘက်ရှိ ကျောက်ရွှေမှော်တွင် မေလ ၂၅ ရက်နေ့ မွန်းလွဲနာရီက ရွှေမျှောကျင်းအတွင်း လေပြတ်၍ လူနှစ်ဦးသေဆုံးခဲ့ရကြောင်း ၀န်သိုမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
ရွှေမျှောကျင်းအတွင်း လေပြတ်၍ လူသေဆုံးရာအရပ်သို့ နမ်းခမ်းနယ်မြေရဲကင်းစခန်းမှ စခန်းမှူး ရဲအုပ် အေးလှိုင်နှင့်အဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာတွင် အနက်(၁၄)ပေ၊ အကျယ်(၂)ပေခွဲ အရွယ်ရှိ ရွှေမျှော ကျင်းအတွင်းသို့ တာယာရေပုံးဆင်ဆယ်ယူသူ ကိုဝင်းမိုးအောင် အသက်(၁၇)နှစ်ဆိုသူမှာ လေပြတ်၍ အဆိုပါ ရွှေမျှောကျင်းထဲသို့ပြုတ်ကျသွားခဲ့သည်။
ကိုဝင်းမိုးအောင် ရွှေမျှောကျင်းထဲသို့ ပြုတ်ကျသွားသည်ကို မြင်တွေ့လိုက်ရသော ရွှေမျှောကျင်းပိုင်ရှင် ကို ၀င်းထွန်း အသက်(၃၃)နှစ်ဆိုသူက ကူညီကယ်ဆယ်ရန်အတွက် ၎င်းကျင်းထဲသို့ဆင်းသွားစဉ် ထိုသူပါ လေ ပြတ်၍ ကျင်းထဲသို့ပြုတ်ကျသေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း နမ်းခမ်းနယ်မြေရဲကင်းစခန်း၏ မှတ်တမ်းများ တွင်ဖော်ပြထားကြောင်း သိရသည်။
ထို့ကြောင့် အဆိုပါ ရွှေမျှောကျင်းအနီးရှိ အခြားရွှေလုပ်သားများက လေထိုးစက်များဖြင့် ၎င်းကျင်းအတွင်း သို့ လေများထိုးသွန်းကာ ပြုတ်ကျသေဆုံးသူ လူနှစ်ဦးအား ဆယ်ယူခဲ့ကြသည်။
အဆိုပါ လူသေဆုံးမှုအား ၀န်သိုမြို့မရဲစခန်းက သေမှုသေခင်းအမှတ်စဉ် ၈/၂၀၁၄ အရအမှုရေးဖွင့်၍ မှုခင်း ဆေးစာထင်မြင်ချက်ရယူနိုင်ရန် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကိုတိုး ချင်းတွင်း