၄၃၆ ပြင်ဆင်ရေး တပ်မတော်သားများ လက်မှတ်ထိုးရန် ဒေါ်စုတိုက်တွန်း

ပို့စ်တင်ချိန် - 5/27/2014 08:23:00 PM


ပုဒ်မ ၄၃၆ ကို ပြင်ဆင်ရေး လက်မှတ်ရေးထိုး လှုပ်ရှားမှုမှာ မြန်မာ့တပ်မတော်သားတွေ အပါအ၀င် နိုင်ငံသားတွေအားလုံး လက်မှတ်ရေးထိုးကြဖို့ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်ပါတယ်။

နေပြည်တော်နယ်မြေ ဥတ္တရသီရိမြို့နယ်မှာ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ပြီး ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လက်မှတ်ရေးထိုးပွဲ အဖွင့်အမှာစကား ပြောဆိုခဲ့ရာမှာ ထည့်သွင်း တိုက်တွန်းခဲ့တာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က “၀န်ထမ်းများလည်း ထိုးပိုင်ခွင့် ရှိတယ်နော်။ ဒါ ကျမ ပွင့်ပွင့်လင်းလင်း ပြောတာ၊ ဘယ်ဥပဒေကမှ ၀န်ထမ်းများ လက်မှတ်မထိုးရဘူးဆိုတာ မပါဘူး။ အဲဒီတော့ ၀န်ထမ်းတွေကို ခြိမ်းခြောက်ပြီးတော့ မထိုးရဘူး။ ဥပဒေနဲ့ ငြိစွန်းတယ်လို့ ပြောလို့ရှိရင် ကျမတို့ကို အသိပေးပါ။ ဒီလို ခြိမ်းခြောက်တာကိုက ဥပဒေနဲ့ မကိုက်ညီပါဘူးလို့ ကျမ ပြောချင်ပါတယ်” လို့ ပြောပါတယ်။

“တပ်မတော်သားဆိုတာလည်း နိုင်ငံဝန်ထမ်းပဲ။ လာပြီးတော့ လှိုက်လှိုက်လှဲလှဲ ဒီ လှုပ်ရှားမှုကို ထောက်ခံတဲ့အနေနဲ့ လက်မှတ်ထိုးကြပါလို့ ကျမအနေနဲ့ မေတ္တာရပ်ခံရင်းနဲ့ နိဂုံးချုပ်ပါတယ်။”

ကြည်း၊ ရေ၊ လေ တပ်အင်အားစု ၃ သိန်းကနေ ၅ သိန်းအကြား  ရှိနေတဲ့ တပ်မတော်ဟာ ၂၀၀၈  ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျန်နိုင်ငံသားတွေနဲ့ မတူ ကွဲပြားခြားနားစွာနဲ့ လွှတ်တော်မှာ ရွေးကောက်တင်မြှောက်ခံစရာ မလိုပဲ အလိုအလျောက် ၄ ပုံ ၁ ပုံ ကိုယ်စားလှယ်နေရာ ရယူထားပါတယ်။

ဒီအခမ်းအနားကို တက်ရောက်လာကြတဲ့ ဒေသခံပြည်သူတွေကို ဒေါ်အောင်ဆန်းစုကြည်က  ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ပြည်သူလူထု ဆန္ဒအပေါ်မှာ အခြေခံထားခြင်း မရှိတာကြောင့် ဒါကို ပြောင်းလဲဖို့ လိုအပ်တယ်လို့ ပြောတာ ဖြစ်ပါတယ်။ ဒီလိုပြောင်းတဲ့အခါမှာ ပုဒ်မ ၄၃၆ ကို ဘာကြောင့် ပြောင်းဖို့ စရလဲဆိုတာ သူက ရှင်းပါတယ်။

“၄၃၆ အရဆိုရင် ခပ်တိုတိုတုတ်တုတ်နဲ့ ရှင်းအောင် ပြောရမယ်ဆိုရင် တပ်မတော်သား ကိုယ်စားလှယ်များရဲ့ သဘောတူညီမှုရှိမှ ဒီ ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ အဓိကကျတဲ့ အချက်တွေကို ပြင်လို့ ရတယ်။ ပြီးတော့ တပ်မတော်သားကိုယ်စားလှယ်တွေကို ခန့်အပ်ပြီးတော့ တာဝန်ပေးတာဟာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဖြစ်တယ်။ ကာကွယ်ရေးဦးစီးချုပ်ရဲ့ ဆန္ဒအတိုင်း တပ်မတော်သားကိုယ်စားလှယ်များဟာ မဲပေးကြတယ်။ ဒီတော့ ခြုံပြီးပြောရရင် ပုဂ္ဂိုလ်တဦးတယောက်ရဲ့ ဆန္ဒအရ ဒီဖွဲ့စည်းပုံအခြေခံဥပဒေကို ပြောင်းတာ၊ မပြောင်းတာဟာ ဖြစ်ရတယ်။ ဒါဟာ ဒီမိုကရေစီကျလား စဉ်းစားကြည့်ပါ” လို့ ပြောပါတယ်။

ဒါကြောင့် အသက် ၁၈ နှစ်ပြည့်ပြီးသူ နိုင်ငံသားတိုင်းအနေနဲ့ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လက်မှတ်ရေးထိုး လှုပ်ရှားမှုမှာ ပါဝင် လက်မှတ်ရေးထိုးဖို့ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်ပြီး ဒီလှုပ်ရှားမှုဟာ ပါတီတဖွဲ့၊ လူပုဂ္ဂိုလ်တဦးအတွက်မဟုတ်ဘဲ နိုင်ငံရဲ့ ရေရှည်အနာဂတ်အတွက်ဖြစ်တယ်လို့ ပြောဆိုပြီး လက်မှတ်ရေးထိုးဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။

နိုင်ငံတ၀န်း ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လက်မှတ်ရေးထိုးပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ၈၈ မျိုးဆက် ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပူးတွဲလုပ်ဆောင်တာ ဖြစ်ပြီး  မေ ၂၇ ရက်နေ့ကနေ ဇူလိုင် ၁၉ အထိ လက်မှတ်ရေးထိုး လှုပ်ရှားမှုကို ဆောင်ရွက်မယ်လို့ ကြေညာထားပါတယ်။

ဥပဒေကျွမ်းကျင်သူတွေက ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၃၆ ကိုထောက်ပြပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ကမ္ဘာပေါ်က ဖွဲ့စည်းပုံအခြေခံဥပဒေတွေနဲ့ နှိုင်းစာရင် ပြင်ဆင်ရန် အလွန်ခက်ခဲတယ်လို့ ထောက်ပြနေကြတာပါ။

ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်း အပြည့်အစုံ နားဆင်ရန်


DVB Burmese