ဒေါ်လာတစ်သိန်း ထောက်ပံ့မည့် Ideabox အစီအစဉ်ကို စတင်လျှောက်ထားနိုင်

ပို့စ်တင်ချိန် - 5/27/2014 09:39:00 PM


ပြည်တွင်းဆက်သွယ်ရေး အော်ပရေတာတစ်ခုဖြစ်သည့် Ooredoo Myanmar သည် Ideabox အစီအစဉ်တစ်ခုကို စတင်ခဲ့ပြီး ၎င်းအစီအစဉ်အရ ကဏ္ဍခြောက်ခုအတွက် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်သူများကို ရွေးချယ်၍ အမေရိကန်ဒေါ်လာ တစ်သိန်းထောက်ပံ့ပေးသွားမည်ဟု သိရသည်။

ကျန်းမာရေးအခန်းကဏ္ဍ၊ ပညာရေးအခန်းကဏ္ဍ၊ အမျိုးသမီးရေးရာအခန်းကဏ္ဍနှင့် ငွေကြေးပေးချေမှု (Payment Solution) အခန်းကဏ္ဍအပြင် အစိုးရနှင့် သက်ဆိုင်သည်များကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်နိုင်သည့် အဖွဲ့အစည်းများကို ရွေးချယ်ကာ ငွေကြေးထောက်ပံ့ပေးသွားရန် ရည်ရွယ်ထားခြင်းဖြစ်သည်။

“ကိုယ့်လုပ်ငန်းကိုလည်း ပိုကောင်းအောင်၊ ပိုပြီးတိုးတက်အောင် လုပ်ချင်တဲ့ စိတ်ကူးစိတ်သန်းတွေ ရှိရမယ်။ အဲ့ဒီစိတ်ကူးတွေကို ကိုယ်နဲ့အပြိုင်ဖြစ်လာမယ့် ကုမ္ပဏီတွေ၊ နိုင်ငံတကာက ရင်းနှီးမြှုပ်နှံမှုတွေ ရောက်မလာခင်မှာ အကောင်အထည်ဖော် ဆောင်ရွက်ချင်သူတွေကို အဓိကရွေးချယ်သွားမှာပါ” ဟု Ideabox အစီအစဉ်၏ စီနီယာဒါရိုက်တာဖြစ်သူ Julian Gorman ကပြောသည်။

ထောက်ပံ့မှုအစီအစဉ်နှင့် ပတ်သက်သည့် အစီအစဉ်အသေးစိတ်ကို ideabox.com.mm ၌ ဖော်ပြထားပြီး စိတ်ပါဝင်စားသူများသည် ဇွန်လ ၁၃ ရက်နေ့ နောက်ဆုံးထား လျှောက်ထားရမည်ဖြစ်သည်။ အစီအစဉ်အရ ရွေးချယ်ခံရသူများကို ဇွန်လ ၂၇ ရက်နေ့၌ ထုတ်ပြန်ကြေညာမည်ဖြစ်ပြီး ထောက်ပံ့မှုများကို ယခုနှစ် သြဂုတ်လအတွင်း စတင်ပေးအပ်သွားမည်ဟု သိရသည်။

ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်များ၌ စွန့်ဦးတီထွင်လိုစိတ်ရှိသော မျိုးဆက်သစ် မြန်မာလုပ်ငန်းရှင်များ၊ စီးပွားရေးစွမ်းဆောင်ရှင်များ ပေါ်ထွက်လာစေရန် Ooredoo က အဓိကရည်ရွယ်ထားသည်ဟု သိရသည်။ ထို့အပြင် အင်ဂျင်နီယာ၊ ဒီဇိုင်နာနှင့် စွန့်ဦးတီထွင် လုပ်ကိုင်လိုသူများသည်လည်း Ideabox အစီအစဉ်နှင့် ပူးပေါင်းလိုပါက ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း Ooredoo က သတင်းထုတ်ပြန်ထားသည်။


ရဲထွဋ်ဝင်း
Internet Journal