မျိုးရိုးကအထက်တန်းစားလေ

ပို့စ်တင်ချိန် - 5/27/2014 12:49:00 PM






ကျွန်မတို့ မြန်မာလူမျိုးများ တွင် မျိုးရိုးနှင့်ပတ်သက်ပြီး အဆင့်အတန်းသတ်မှတ်တတ်သည့် အလေ့ရှိသည်။ ကြက်မှာအရိုး၊ လူမှာအမျိုးဟုပင် ဆိုရိုးစကားများရှိကြသည်။

ချစ်သူစုံတွဲများ ကိုယ့်ဘဝလက်တွဲဖော်အတွက် ရွေးချယ်တော့မည်ဆိုလျှင် နှစ်ဖက်စလုံးမှ မျိုးရိုးကဘယ်လိုရှိသည်ကို စုံစမ်းတတ်ကြသည်။ မင်္ဂလာအခမ်းအနားများတွင်သီဆို လေ့၊ ဖွင့်လေ့ရှိသည့် သီချင်းစာသားလေးကြားဖူးနေသည်။ လျောက်ပတ်တင့်တယ် မျိုးနွယ်တူဆွေဆိုသည့်စာသားဖြစ်သည်။ တစ်ဦးနှင့်တစ်ဦးအတူတကွ ပေါင်းသင်းလက်တွဲကြရန်အတွက် လျောက်ပတ်တင့်တယ်ဖို့လိုသလို အမျိုးအနွယ်တူရာသူကို ရွေးချယ်သင့်သည် ဆိုသည့်သဘော။ ထိုသို့သတ်မှတ်သည့်မျိုးရိုးဆိုသည်ကို ကျွန်မစိတ်ဝင်စားသည်။ မျိုးရိုးမြင့်ခြင်း၊ နိမ့်ခြင်းကို စိတ်ဝင်စားခြင်းမဟုတ်။ ကိုယ်ကျင်လည်နေ သည့်ဝန်းကျင်ကို ကိုယ်သတ်မှတ်လိုက်သည့် မျိုးရိုးကိုဖြစ်သည်။ လူတန်းစားမရွေး၊ အလွှာမရွေး မျိုးရိုးရှိကြသည်။ နိမ့်ခြင်း၊ မြင့်ခြင်းသည် မိမိသတ်မှတ်လိုက်သည့် အပေါ်မှာသာ မူတည်နေသည်ဟု ထင်ပါသည်။

မျိုးရိုးနှင့်အဆင့်အတန်းကို တွဲသုံးလေ့ရှိကြသည်။ အဆင့် အတန်းရှိခြင်း၊ မရှိခြင်းကို ကျွန်မ ကတော့ အလုပ်တာဝန်ကျေပွန် ခြင်းနှင့်သတ်မှတ်သည်။ အလုပ် တာဝန်ဆိုသည်မှာ မိမိလုပ်ဆောင် တတ်သည့်၊ လုပ်ဆောင်နေသည့်အသက်မွေးမှုကိုဆိုလိုပါသည်။ ထိုမှတစ်ဆင့် အဆင့်အတန်းက အသီးသီးကွဲပြားသွားကြသည်။ အလုပ်ရှင် အလုပ်သမား၊ အထက်လူကြီးများနှင့်အောက်လက်ငယ်သားများ၊ ဝယ်သူနှင့် ရောင်းသူ ဟူ၍ဖြစ်သည်။ အလုပ်ရှင်ဖြစ် တိုင်း၊ အထက်လူကြီးဖြစ်တိုင်း၊ ဝယ်သူဖြစ်တိုင်း တစ်ဆင့်မြင့် သည်ဟု ပုံသေသတ်မှတ်၍မရပါ။ လုပ်စားသူကသခင်၊ ဝယ်စားသူ ကကျွန်ဆိုသည့်ဓနုဆို ရိုးစကားဟု ထင်ပါသည်။ အလယ်တန်း ကျောင်းသူဘဝကသင်ခဲ့ဖူးသည်။ အလုပ်လုပ်သူကသခင်ဖြစ်သည်ဟုဆိုလိုချင်ပုံရသည်။

တာဝန်ကျေပွန်သည့် အလုပ်သမားကို အလုပ်ရှင်က တော်ရုံ မနှိမ့်ချရဲ။ စက်မှုလုပ်ငန်းရှင်ကြီး ဝေါလ်တာခရိုင်စလာကပြောဖူး ပါသည်။ ‘‘အလုပ်သိမ်းခရာမှုတ် သံမကြားတဲ့သူ၊ ဒါမှမဟုတ် အလုပ်ဆင်းချိန်နာရီတကြည့်ကြည့်မလုပ်တတ်တဲ့သူဆယ်ယောက်ရှိရင်တော်ပါပြီ’’တဲ့ တာဝန်ကျေပွန်သည့် အလုပ်သမားဆယ်ယောက်ရှိလျှင်ပင် သူ့စက်ရုံကြီးတစ်ခုလုံးကို လည်ပတ်နိုင်ပါသည်ဟုဆိုသည်။ ကျွန်မတို့မြန်မာရှင်ဘုရင်များလက်ထက်တွင်လည်းရှိခဲ့ဖူးသည်။ စစ်သည်တစ်သိန်းအားတောင်းသည်ကို အရည်အချင်းပြည့်ဝ၊ သတ္တိပြည့်ဝသည့် သူရဲကောင်းတစ်ယောက်ကိုသာ စေလွှတ်ပေးပြီး စစ်သည်တစ်သိန်းအားနှင့်ညီမျှသည်ဟုဆိုခဲ့ဖူးသည်။အလုပ်သမားဖြစ်ခြင်း၊ လက်အောက်ငယ်သားဖြစ်ခြင်းနှင့် မဆိုင်။ အရည်အချင်းရှိခြင်း၊ တာဝန်ကျေပွန်ခြင်းတို့ဖြင့်သာ အဆင့်အတန်းကိုသတ်မှတ်လိုက်ခြင်းဖြစ်သည်။ လူတန်းစားအလွှာကွာဟမှုကိုညှိယူစရာမလိုသလို နှိမ့်ချဆက်ဆံစရာလည်း မလိုဟု ကျွန်မထင်ပါသည်။ သူ့ အရည်အချင်း၊ သူ့တာဝန်နှင့် ဖြစ်ပါသည်။ ကျွန်မထိုသို့ လက်ခံထားပါသည်။

လွန်ခဲ့သည့်လက ကျွန်မ အားကစားသင်တန်းအတွက်လို အပ်သည့်စက်ပစ္စည်းအချို့ကို မန္တလေးမှမှာယူဖြစ်သည်။ ကျွန်မ လိုပင် မန္တလေးတွင်အားကစား သင်တန်းဖွင့်ထားသူ မိတ်ဆွေ တစ်ယောက်အကူအညီနှင့်ဖြစ် သည်။ အလောတကြီးနိုင်တတ် သည့်ကျွန်မက သင်္ကြန်မတိုင်မီ ပစ္စည်းများကိုအရောက်လိုချင် သည်။ ကျွန်မမိတ်ဆွေကလည်း မိသားစုနှင့်အတူ ပြည်ပအပန်း ဖြေခရီးစဉ်သွားစရာရှိနေသည်။ ထိုအခါ သူအပ်နေကျအလုပ်ရုံ တစ်ခုတွင် သူစိတ်ချရသည့် အ လုပ်သမားနှင့် လွှဲပြောင်းအပ် ပေးခဲ့သည်။ လိုအပ်သည့်ပစ္စည်း များကို ကိုယ်တိုင်ဝယ်ထားပေးခဲ့ သည်။ အလုပ်သမားအခက်အခဲ ကြောင့် ကျွန်မလိုချင်သည့်အချိန် တွင်မရနိုင်ခဲ့။ ကိစ္စမရှိ။ သင်္ကြန် တွင်းလည်း သင်တန်းကပိတ်ထားသည်။ သင်္ကြန်ပြီးတော့ ပစ္စည်း များရသည်။ မိတ်ဆွေက ပြီးသွား သည့်ပစ္စည်းများကို အလုပ်မအား သဖြင့် မကြည့်လိုက်မိ။ ရန်ကုန် သို့တင်ပို့ခိုင်းလိုက်တော့သည်။ ကျွန်မကလည်း ပစ္စည်းပုံစံကို မြင် ဖူးပြီးသားဖြစ်သည်။ အဝေးပြေး ဂိတ်တွင် ပစ္စည်းသွားရွေးပြီး သင် တန်းရောက်တော့ စက္ကူပတ်များ ကိုခွာလိုက်ကြသည်။ လက်ရာ ကြမ်းကြမ်းဖြစ်နေမှန်းသိလိုက် သည်။ ဆက်သွယ်မေးမြန်းစရာ မိတ်ဆွေက ခရီးမှပြန်မရောက် သေးသဖြင့် လက်ရာကြမ်းကိုပင် စတင်အသုံးပြုလိုက်သည်။

တစ်ပတ်ခန့်အကြာ မိတ် ဆွေကပြန်ရောက်ကြောင်းဖုန်း ဆက်လာသည်။ ပစ္စည်းအကြောင်း ပြောဖြစ်တော့ အမြန်လုပ်ရသဖြင့် လက်ရာကြမ်းသွားတာဖြစ်နိုင် ကြောင်း၊ အသုံးပြုသည့်ပစ္စည်း အရည်အသွေးကတော့မညံ့နိုင် ကြောင်းအာမခံသည်။ နောက် တစ်နေ့ ပစ္စည်းဖိုးငွေများကို ဘဏ်မှလွှဲပေးပြီးပြန်အလာ သင်တန်း ရောက်တော့ စက်ပစ္စည်းက အရင်း မှပြတ်၍ပြုတ်ကျသွားပြီ။ ကစား နေသည့်သင်တန်းသူကံကောင်း ထောက်မ၍ ထိခိုက်ဒဏ်ရာမရ ခြင်းဖြစ်သည်။ ရှစ်ရက်ကြာအသုံး ပြုလိုက်ရသည်။ နောက်တစ်လုံး ကလည်း ပြုတ်ထွက်ရန်တည်း တည်းသာလိုတော့သည်။ ဆက်၍အသုံးမပြုရဲတော့။ ငွေလွှဲပြီး ကြောင်းနှင့် ပစ္စည်းပျက်သွား ကြောင်း မိတ်ဆွေကိုဖုန်းဆက်ရ တော့သည်။ ထိုအခါမှ အသုံးပြု ထားသည့်ပစ္စည်းများအကြောင်း မေးတော့သည်။ စက်ပစ္စည်းများ ကိုဓာတ်ပုံရိုက်ခိုင်းပြီး ဗိုက်ဗာမှပို့ ခိုင်းသည်။ ဓာတ်ပုံကိုတွေ့ရတော့ မှ ကျွန်မမိတ်ဆွေက စိတ်ဆိုး တော့သည်။ သူဝယ်ပေးခဲ့သည့် ပစ္စည်းများ တစ်ခုမှသုံးမထား။ သူ့အလုပ်သမားနှင့်အလုပ်ရုံမှ အလုပ်သမားတို့ပူးပေါင်းကြံစည် လိုက်ကြခြင်းဖြစ်သည်။

ကြားထဲမှ မိတ်ဆွေက တောင်းပန်သည်။ ပစ္စည်းများကိုပြန်ပို့ပေးဖို့ပြောသည်။သူစိတ် တိုင်းကျ ပြန်ပြင်ခိုင်းလိုက်မည်ဟုဆိုသည်။ ကျွန်မပြန်မပို့ဖြစ်တော့။ အသစ်နှစ်လုံးပို့ပေး၍ အဟောင်းနှစ်လုံးပြန်ပို့ပေးရသည်ဆိုလျှင်တော်သေးသည်။ အခုကပြန်ပြင်လျှင်ကြာမည့် အချိန်များ၊သယ်ယူပို့ဆောင် စရိတ်များကြောင့်ကျွန်မ မလုပ်လိုတော့။ မြို့တွင်းချင်း ဝယ်ယူသည်မဟုတ်ဘဲ မန္တလေးမှ ရန်ကုန်သို့ပို့ပေးရသည်။ အလုပ်ရှင်ကလည်း ပစ္စည်းကိုမမြင်လိုက်နိုင်၊ ဝယ်သူကလည်းကြိုမမြင်ရ ရောက်လာလျှင်လက်ခံလိုက်ရုံသာ။ ထိုအခွင့်အရေးများကိုအသုံးချလိုက်ကြသည်။ ကျွန်မကို အားနာနာနှင့်မိတ်ဆွေက စကားတစ်ခွန်းဆိုသည်။ အလုပ်သမားတွေစိတ်ဓာတ်က အဲဒီလိုပဲ။ ဘယ်တော့မှမယုံကြည်ရဘူးဟူ၍ဖြစ်သည်။ ထိုစကားကြောင့် ကျန်သည့်အလုပ်သမားများကို ကျွန်မအားနာမိပါသည်။

Wear and tear ဆိုသည့် စကားသည် အားကစားသင်တန်း အတွက် ပေါ်ပေါက်လာသည်ဟု ပင်ထင်မိသည်။ အသုံးပြုတာများ လာသည့်အားကစားပစ္စည်းများ က ပျက်စီးစပြုလာသည်။ အား ကစားစက်ပစ္စည်းများကိုပြုပြင် တတ်သူက မြန်မာပြည်တွင်ရှား သည်။ အထူးသဖြင့် ပြည်ပမှတင် သွင်းလာသည့်စက်များကိုသေ ချာကြည့်မပေးတတ်ကြ။ မကြာခဏဖြစ်ဖန်များလာတော့ကိုယ် တိုင်ပင်စက်ပြင် သင်တန်းတက်ရမည်လားဟု ကျွန်မစဉ်းစားမိ လာသည်။ ထိုအချိန်တွင် သတင်းစာမှာ ကြော်ငြာတစ်ခုတွေ့သည်။ အားကစားပစ္စည်းများကို သင် တန်းအရောက်၊ အိမ်အရောက်  လိုက်လံပြုပြင်ပေးသည်တဲ့။ကျွန်မ စိတ်ဝင်စားသွားသည်။ဖုန်းဆက် ပြီးစုံစမ်းရသည်။ အရင်တစ်ခါ အဲဒီလိုကြုံဖူးသည်။ စက်ပြင်ဆရာများက ခြေကြွခယူသည်တဲ့။သင် တန်းသို့ စက်ပစ္စည်းများကိုလာ ကြည့်မည်။ လာကြည့်သည်ဆို သည်မှာပြင်တတ်၊ မပြင်တတ်လာကြည့်ခြင်းဖြစ်သည်။ မပြင်တတ်လျှင်လည်း ခြေကြွခပေးရမည်။ ပြင်တတ်လျှင် လိုအပ်သည့်ပစ္စည်းများကို တစ်ခေါက်ပြန်ယူမည်။ ပြီးမှပြန်လာပြင်ပေးမည်။ ထိုအတွက် ခြေကြွခကနောက် တစ်ခေါက်  စကားပြောရသည် ကို အဆင်မပြေသဖြင့် မခေါ်ဖြစ်လိုက်။ အနည်းငယ်ပြင်တတ် ကြသည့်မိတ်ဆွေအချို့အကူ အညီဖြင့် လက်ပူတိုက်ထားလိုက်သည်။

စက်တစ်လုံးအတွက် လက် ခတစ်သောင်းမှ သောင်းနှစ်ထောင်။ ပစ္စည်းထည့်ရလျှင် ပစ္စည်းဖိုးသတ်သတ်ပေးရမည်။ ပြင်လို သည့်စက်များကို ဓာတ်ပုံရိုက်ပို့ ပေးရသည်။ စကားပြောကြည့်ရ သည်မှာ မဆိုးဟုဆိုရမည်။သင် တန်းပိတ်ရက်ကို ချိန်းဆိုလိုက်ကြသည်။ ကျွန်မကစက်ပြင်သည့်အဖွဲ့ တစ်ဖွဲ့လိုက်လာမည်ဟုထင် ထားသည်။ တကယ်ရောက်လာ တော့ အိတ်အသေးလေးတစ်လုံး လွယ်ကာ တစ်ယောက်တည်းသာ ရောက်လာသည်။ကြည့်ရမည့် စက်ကသုံးလုံး။ ဒါလည်း ကိစ္စမရှိသေး။ ပညာရှင်ဖြစ်လျှင်တစ် သောင်း အားနှင့်ညီမျှသည်ပေါ့။ အထုပ်လေးချကာ စက်များကို ကိုင်ကြည့်သည်။ ပြီးလျှင် အဝတ်စုတ်စတစ်ခုတောင်းသည်။ ကျွန်မလည်း ထိုင်ကြည့်နေမိသည်။ သူပြင်တာကြည့်ထားမှကိုယ်လည်းနည်းနည်းပါးပါးသိနိုင်မည်။ ပုံစံတူစက်နှစ်လုံးကို အဝတ်စဖြင့်သန့်ရှင်းရေးစလုပ်သည်။ မူလီများကို လိုက်ကျပ်သည်။ ထိုအလုပ်များသည်နှစ်ရက်ခြားတစ်ခါ ကျွန်မလုပ်နေကျအလုပ်များဖြစ်သည်။ ခဏကြာတော့ စက်ပစ္စည်းများကိုလာစမ်းကြည့်ပါဟုဆိုသည်။ မထူးခြားကြောင်း ကျွန်မပြောတော့ တစ်ခုလုံးဖြုတ်ပြီးတွင်ခုံကိုပို့မှသိသာမည်ဟုဆိုသည်။ ထိုအလုပ်ကတော့သူနှင့်မဆိုင်။ နောက်စက်တစ်လုံးအတွက်အသုံးပြုရမည့်စက်ဆီများကို အမျိုးအစားပြောသည်။ စက်ဆီတစ်မျိုးကုန်နေသဖြင့် သွားဝယ်ခိုင်းထားသည်ကို ပြန်လာအောင်မစောင့်နိုင်။ သူပြန်တော့မည်ဟုဆိုသည်။

လက်ခကို လေးသောင်းခွဲသာပေးပါဟုဆိုသည်။ ကြည့်ခ တစ်လုံး သောင်းနှစ်ထောင်သာပြောထားပြီးသဖြင့် ဘာကြောင့်လဲဟုမေးကြည့်သည်။ သူပြောသည့် မြို့နယ်ဧရိယာသည် အင်းစိန် မပါဝင်ဟုဆိုသည်။ မြို့ထဲနှင့်ဝေးလျှင် တစ်လုံးတစ်သောင်းခွဲရှိစေ နှစ်လုံးမှသုံးသောင်းသာကျမည်။

အခုတောင်းသည်က လေး သောင်းခွဲ။ ကျွန်မ မပေးနိုင်ဟုဆို လိုက်သည်။ ရိုးသားသည့်သူဖြစ် နေ၍သာ ကျွန်မစက်ပစ္စည်းများ ကိုဖြုတ်ယူမသွားခြင်းဖြစ်သည်။ နှပ်ချမသွားခြင်းဖြစ်သည်တဲ့။ ထို့အတွက် တောင်းသည့်လေး သောင်းခွဲကပေးသင့်ကြောင်းပင် အရေးဆိုသည်။ မွေးကတည်းက အလေးတုံးများ၊ အားကစားပစ္စည်း များနှင့်ဖက်၍ကြီးလာသည်ဟုပင် ပြောနိုင်သည့်ကျွန်မက နှပ်ချတိုင်းခံရအောင် ငတုံးမဟုတ်ကြောင်း ပြောမိတော့သည်။  ရန်ဖြစ် သ လောက်နီးပါး ပြောလိုက်ရပြီး နောက်ဆုံးသုံးသောင်းခွဲပေးလိုက် ရသည်။

ကျွန်မအချိန်နှင့်ငွေများ သာကုန်သွားသည်။ စက်ပစ္စည်း များက ပျက်မြဲအတိုင်း။ နှစ်ပတ် ခန့်အကြာ ကျွန်မအမျိုးသားက နောက်ထပ်စက်ပြင်ဆရာတစ် ယောက်ခေါ်လာသည်။ လိုအပ်လျှင် ပစ္စည်းများလဲရန် တစ်ပါ တည်းပါလာတာတွေ့ရသည်။ အမှန်အတိုင်းပြောရလျှင် ကျွန်မ စိတ်မဝင်စား၊ မယုံကြည်တော့။  သူလုပ်နေသည်ကို ခဏတော့ရပ်ကြည့်နေလိုက်သည်။ နောက် တော့ ဆက်မကြည့်ဖြစ်တော့။ အိမ်ပေါ်သို့တက်ခဲ့လိုက်သည်။ တစ်နာရီလောက်ကြာတော့ စက် တွေကိုလာစမ်းကြည့်ဖို့ အမျိုး သားကလှမ်းခေါ်သည်။ သင်တန်း ခန်းမထဲ ကျွန်မပြန်ရောက်သွား ချိန်တွင် စကူဒရိုက်ဘာအချို့ပြန့် ကျဲလျက်။

စက်ပေါ်တက်ပြီး အသုံးပြုလိုက်ချိန်တွင် ကျွန်မအံ့သြသွား ရသည်။ အသစ်နီးပါးအတိုင်း စက်ကအလုပ်လုပ်နေသည်။ ပြီး တော့ နောက်တစ်လုံးကလည်း ထိုနည်းအတိုင်း ဘာပစ္စည်းမှ လည်း အစားထိုးမလဲလိုက်ရ။ ဘယ်စက်တွေကို လုပ်ပေးဖို့လို သေးလဲဟုဆိုကာ ကျန်စက်များ၏မူလီအချို့ကို လိုက်ကျပ်ပေးနေ သေးသည်။ ပြီးတော့သူ့ပစ္စည်း များကိုသိမ်းကာ ပြန်ဖို့ပြင်သည်။ လက်ခဘယ်လောက်ကျသလဲ ဟုမေးလိုက်ချိန်တွင် မယုံကြည်နိုင်စရာ ငါးထောင်တော့ပေးပါ တဲ့။ ကျွန်မက ငါးထောင်တော့ ဘယ်ဖြစ်မလဲဟု ဆိုသောအခါ စကားမဆက်တော့။ နည်းလွန်း လို့ပြောလိုက်မိသည့် ကျွန်မစကားက သူ့အတွက်တောင်းလိုက်မိ တာများပြီဟုပင် ထင်နေသည်။ တန်ရာတန်ကြေးဆိုတာ ရှိပါ သည်။ သူတောင်းသည့်ပမာဏ ထက်ပိုပြီး ကျွန်မပေးလိုက်ပါ သည်။ ကျေးဇူးတင်စကားပြော သော်လည်း သူတောင်းသည့်နှုန်း က ပုံမှန်ဈေးနှုန်းဖြစ်ပါသည်ဟု ပြောသွားသေးသည်။ အလုပ် သမားမာနဖြစ်မည်ထင်သည်။ ကျွန်မယောင်၍ပင် ဦးညွတ်လိုက်မိသည်။ မျိုးရိုးမြင့်ပုဂ္ဂိုလ်ဖြစ်ပါသည်။

ဇာတိသွေးဇာတိမာန်တက် ကြွစေသည့်သီချင်းများထဲမှ ကျွန်မကြိုက်နှစ်သက်သည့်သီချင်းစာသားရှိသည်။‘မျိုးရိုးက အထက်တန်းစားလေ’ဆိုသည့်စာ သားဖြစ်သည်။ ကိုယ့်လူမျိုးကိုယ်မြှင့် လိုက်သည့်သဘော။ သို့သော်လည်း ကြားကောင်းသည့်သီချင်း စာသားများကိုရေးစပ်ပြီး နားထောင်ကောင်းသည့်အသံသြဇာ ပြည့်ပြည့်ဖြင့်သီဆိုတိုင်း ကျွန်မတို့မျိုးရိုးမြင့်တက်မလာနိုင်ပါ။ အထက်တန်းစားဖြစ်မလာနိုင်ပါ။ အလုပ်နှင့်သက်သေပြရန်တော့ လိုပါလိမ့်မည်။ အလွှာအသီးသီးမှ နိုင်ငံသားတိုင်းတာဝန်ရှိသည်ဟု ကျွန်မခံစားမိပါသည်။

7day daily