၄၃၆ ပြင်ဆင်ရေးဟောပြောပွဲ ဆန့်ကျင်လှုပ်ရှားမှုအချို့ နေပြည်တော်တွင် ဖြစ်ပွား

ပို့စ်တင်ချိန် - 5/27/2014 08:32:00 PM


ဝင်းကိုကိုလတ်၊ အောင်သူရထွန်း

နေပြည်တော်၊ မဇ္ဈိမ။ ။ အင်န်အယ်လ်ဒီပါတီနှင့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပူးပေါင်းလုပ်ဆောင်နေသည့် အခြေခံဥပဒေပုဒ်မ ၄၃၆ ပြင်ဆင်ရေး
လူထုလက်မှတ်ကောက်ခံပွဲကို ဆန့်ကျင်သည့်လှုပ်ရှားမှုအချို့ ရှိခဲ့သည်။

အခြေခံဥပဒေပုဒ်မ ၄၃၆ မပြင်ဆင်ရေး၊ ၅၉(စ) မပြင်ဆင်ရေးအား ဆိုင်းဘုတ်ကိုင်ဆောင် ဆန္ဒဖော်ထုတ်မှုအချို့ ဖြစ်သွားသည့်အပြင် အချို့သောနေရာများတွင် လူနေအိမ်များ၊ စားသောက်ဆိုင်များ၊
ကွမ်းယာဆိုင်အချို့တွင်လည်း ဆိုင်းဘုတ်ထောင်ခြင်းအချို့ရှိခဲ့သည်ဟုလည်း စုံစမ်းသိရသည်။

ဆိုင်းဘုတ်များတွင် "ပုဒ်မ ၄၃၆ ပြင်ရန် ကြိုးစားခြင်းသည် နိုင်ငံရေးအကျပ်အတည်းဖြစ်သွားနိုင်သည်"၊ "ပုဒ်မ ၅၉(စ)သည် ဗိုလ်ချုပ်ချမှတ်ခဲ့သော မူဖြစ်သည်"၊ "တစ်ဦးတစ်ယောက်အတွက်
ဖွဲ့စည်းပုံပြင်သည့်အကြံ ဒို့လက်မခံ" ဟူသည့် ဆိုင်းဘုတ်များကို ကိုင်ဆောင်ကြခြင်းဖြစ်သည်။

"ဆိုင်းဘုတ်တွေ ဘယ်အချိန်လာထောင်လဲတော့မသိဘူး။ ကျွန်တော် မနက် ၆ နာရီ အိပ်ရာထတော့ ဒါတွေတွေ့တာပဲ"ဟု အဆိုပါဆိုင်းဘုတ်များ လာကပ်ခြင်းခံခဲ့ရသူ ဥတ္တရသီရိမြို့နယ်မှ
ကုန်စုံဆိုင်ပိုင်ရှင်တစ်ဦးက မဇ္ဈိမကို ပြောသည်။

ဇမ္ဗူသီရိမြို့နယ်၊ ပြန်ကပြေးကျေးရွာ၊ ဇီဇ၀ါပန်းအ၀ိုင်းအနီးတွင် ဆန္ဒဖော်ထုတ်ခဲ့သူ ဦးမောင်မောင်ထွန်းဝင်းက "တိုင်းပြည်တည်ငြိမ်စေချင်လို့ ပုဒ်မ ၄၃၆ ကို မပြင်စေချင်တာပါ" ဟုဆိုသည်။

သို့သော် ယင်းအဖွဲ့တွင် ပါဝင်သူအချို့အား မေးမြန်းရာ၌ အသက် ၁၅ နှစ်အရွယ်၊ ၁၀ တန်းဖြေဆိုထားသူ တစ်ဦးက ၎င်းအနေဖြင့် အခြေခံဥပဒေနှင့်ပတ်သတ်၍ မသိရှိကြောင်း၊ လာခေါ်၍
လိုက်လာခြင်းဖြစ်သည်ဟု ပြောကြားသည်။

ထို့ပြင် ဇမ္ဗူသီရိမြို့နယ်၊ ရွှေကြာပင်ရပ်ကွက်တွင် ၄၃၆ မပြင်ရေးကို လူ ၁၀ ဦးခန့်ဖြင့် ဆန္ဒဖော်ထုတ်ရာတွင် ဦးဆောင်သူ ဦးအောင်မင်းက "ဒီပုဒ်မကိုပြင်လိုက်ရင် ပြည်သူတို့၏ အသက်
အိုးအိမ်စည်းစိမ်တွေ ပျက်စီးဒုက္ခရောက်သွားနိုင်တဲ့အတွက် ဒီ ၄၃၆ ပုဒ်မကို ထောက်ခံကြောင်းဆန္ဒဖော်ထုတ်တာပါ" ဟု ဆိုသည်။

အဆိုပါ ဆန္ဒဖော်ထုတ်မှုအများစုသည် ခွင့်ပြုချက်မရထားခြင်း မရှိဟု ဆန္ဒဖော်ထုတ်သူများက ဆိုသည်။

ဓာတ်ပုံ- ဟောင်ဆာ၊ ရာမည
Mizzima Burmese