ကမ္ဘာ့ဖလားကာလအတွင်း ရော်နယ်လ်ဒင်ဟို၏ နေအိမ်ကို ငှားရမ်းမည်

ပို့စ်တင်ချိန် - 5/27/2014 08:07:00 AM



ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲသို့ သွားရောက် ကြည့်ရှု အားပေးမည့် ပရိသတ်များအတွက် ဘောလုံးနှင့် ပတ်သက်ပြီး အမှတ်တရ အရှိဆုံး တည်းခိုစရာ နေရာတစ်ခုကို ရွေးချယ်ခွင့် ရရှိလာမည် ဖြစ်သည်။ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုကို ဆွတ်ခူးရရှိဖူးသည့် ဘရာဇီးလ် လက်ရွေးစင်ဟောင်း ရော်နယ်လ်ဒင်ဟိုက ဘရာဇီးလ်သို့ လာရောက်ကြမည့် ကမ္ဘာ့ဖလားပွဲကြည့် ပရိသတ်များအနက် ငွေကြေးတတ်နိုင်သူများအား ၎င်း၏ နေအိမ်ကို ငှားရမ်းသွားမည်ဟု ကြေညာခဲ့သည်။ အဆိုပါ နေအိမ်အတွက် ငှားရမ်းစရိတ်မှာမူ မသေးလှချေ။

တစ်ညတာ တည်းခိုစရိတ်သည် ဘရာဇီးလ် ရီရယ်လ်ငွေ (၃၄၀၀၀)ကျော်၊ တစ်နည်းအားဖြင့် ဗြိတိသျှ စတာလင်ပေါင် (၉၀၀၀)ဝန်းကျင်မျှ ကျသင့်မည်ဟု သိရသည်။ အသက်(၃၄)နှစ် ရှိပြီဖြစ်သည့် ရော်နယ်လ်ဒင်ဟိုသည် ကမ္ဘာ့ဖလား ပြိုင်ပွဲဝင် ဘရာဇီးလ် လက်ရွေးစင် အသင်း၌ တစ်ကျော့ပြန် ရွေးချယ်ခံရမည်ဟု သတင်းကြီးခဲ့သော်လည်း လက်တွေ့တွင်မူ အပြီးသတ် (၂၃)ဦး စာရင်း၌ မပါဝင်ခဲ့ချေ။ ၎င်းက ရီယိုဒီ ဂျနေရိုးရှိ ဘာရဒါတီဂျူကာ ဒေသမှ ၎င်း၏ အိပ်ခန်း(၅)ခန်းပါ ဇိမ်ခံအိမ်ကြီးကို ပြိုင်ပွဲကာလအတွင်း ငှားရမ်းထားန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

ယင်းနေအိမ်တွင် ခေတ္တနေထိုင်သူများ အနေဖြင့် ရော်နယ်လ်ဒင်ဟို၏ ရေကူးကန်ကို အသုံးပြုခွင့် ရမည်ဖြစ်သလို ၎င်း၏ ကစားသမားဘဝတစ်လျှောက် ပိုင်ဆိုင်ထားသည့် တစ်ဦးချင်းနှင့် အသင်းလိုက် ဆုတံဆိပ်များကိုလည်း နေ့စဉ် တွေ့မြင်နေခွင့် ရမည်ဖြစ်သည်။ အိမ်ခြံမြေ ဝန်ဆောင်မှုလုပ်ငန်း Airbnbက ရော်နယ်လ်ဒင်ဟို၏ နေအိမ်ကို အငှားစာရင်း တင်ထားကြောင်း ဖော်ပြခဲ့ပြီးနောက် ၎င်းကိုယ်တိုင်ကလည်း “သူငယ်ချင်းတို့ရေ၊ ရီယိုက ကျွန်တော့်အိမ်ကိုတော့ ငှားဖြစ်ဖို့ စီစဉ်နေပါတယ်။ အဲဒီအိမ်လေးက သိပ်လှတယ်။ ပြီးတော့ အမှတ်ရစရာ အတွေ့အကြုံကောင်းတွေလည်း အများကြီး ကြုံလာမှာပါ”ဟု ရေးသားထားကြောင်း သိရှိရသည်။

planet myanmar network