ပြည်ပကုမ္ပဏီများသို့ ပေးရန်ရှိသည့် ပဲကြွေး ငါးပုံတစ်ပုံ ပေးချေပြီးဟုဆို

ပို့စ်တင်ချိန် - 5/27/2014 07:13:00 PM



ရန်ကုန်၊ မေ ၂၆

ပဲဈေးများ ထိုးကျသည်အထိ ရိုက်ခတ်မှု ပြင်းခဲ့သော မေလ ပထမပတ် အတွင်းက ဖြစ်ပေါ်ခဲ့သည့် ပဲလောက ငွေကြေး အရှုပ်တော်ပုံ ကိစ္စတွင် ပြည်ပကုမ္ပဏီများသို့ ပေးရန်ရှိသည့် အကြွေး၏ ငါးပုံတစ်ပုံကို ပေးဆပ်ပြီး ဖြစ်ကြောင်း မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းလုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးစိုင်းဘဉာဏ်က ပြောကြားသည်။

ယင်းပဲလောက ငွေကြေး အရှုပ်တော်ပုံအတွင်း အဓိက ပါဝင် ပတ်သက်နေသည့် မိုးသက်ကုမ္ပဏီသည် ပြည်ပကုမ္ပဏီ ၁၅ ခုကို ပဲတီစိမ်းတန်ချိန် ၁၅,၀၀၀ ပေးဆပ်ရန် ရှိပြီး ယခု မေလ ၂၆ ရက်နေ့အထိ ပဲတန်ချိန် ၃,၀၀၀ ခန့်ကို သင်္ဘောတင်ပို့ခဲ့ပြီး ဖြစ်ကြောင်း ၎င်းကဆိုသည်။
“သင်္ဘောရတဲ့အပေါ် မူတည်ပြီး ဆက်လက် တင်ပို့သွားဖို့ ရှိပါတယ်။ အသင်းအနေနဲ့ကတော့ ဒီကုမ္ပဏီကို ဘယ်လို လုပ်မလဲဆိုတာ မစဉ်းစားရသေးဘူး” ဟု ၎င်းကဆိုသည်။

ပြည်ပသို့ ပြန်လည် ပေးဆပ်ရန် ရှိသည့် ပဲများကို သင်္ဘောတင်ပြီးသည် အချိန်ထိ ညှိနှိုင်းဖျန်ဖြေရေး ကော်မတီက တာဝန်ယူ ဖြေရှင်းပေးမည် ဖြစ်ကြောင်း အဆိုပါ ကော်မတီက မေလ ၁၀ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

မိုးသက်ကုမ္ပဏီထံမှ ပဲကြွေးရရန် ရှိသူများကိုမူ မေလ ၁၄ ရက်နေ့မှ စတင်၍ ပြန်လည် ပေးဆပ်လျက် ရှိကြောင်း ညှိနှိုင်းဖျန်ဖြေရေး ကော်မတီထံမှ သိရသည်။

အဆိုပါ ငွေကြေးပြဿနာကို ဖြေရှင်းရန်အတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းလုပ်ငန်းရှင်များအသင်း၊ ဘုရင့်နောင် ကုန်စည်ဒိုင်တို့က ညှိနှိုင်း ဖြန်ဖြေရေး ကော်မတီဖွဲ့၍ ဖြေရှင်းပေးခဲ့ခြင်း ဖြစ်သည်။

ပဲလောက ငွေကြေးဂယက် စတင် ဖြစ်ပွားခဲ့သည့် မေလ ၄ ရက်နေ့မှ မေလ ၁၅ ရက်နေ့အထိ ပြည်တွင်း မတ်ပဲဈေးများမှာ တဖြည်းဖြည်း မြင့်တက်လာရာ မတ်ပဲ တစ်တန်လျှင် ကျပ်ခုနစ်သောင်း ဝန်းကျင်ခန့်အထိ မြင့်တက်ခဲ့ပြီး ယခုအခါ အဆိုပါ မတ်ပဲဈေးများမှာ မူလဈေး ဝန်းကျင်သို့ ပြန်လည် ကျဆင်းလာပြီ ဖြစ်ကြောင်း ပဲလောက ကုန်သည် အသိုင်းအဝန်းမှ သိရသည်။

ပဲလောကအတွင်း ငွေကြေးအရှုပ်တော်ပုံ ဂယက်သည် မေလ ပထမပတ် အတွင်းက နောက်ဆုံး ဖြစ်ပွားခဲ့ပြီး ပြီးခဲ့သည့် မတ်လအတွင်း ပြည်ပကုမ္ပဏီ ၁၁ ခုနှစ်နှင့် ဖြစ်ပွားခဲ့သော ငွေကြေး ပြဿနာတွင်မူ အဓိက ပါဝင် ပက်သက်နေသည့် Great Light ကုမ္ပဏီသည် ပြည်ပကုမ္ပဏီများသို့ ပေးဆပ်ရန် ရှိသည့် အမေရိကန်ဒေါ်လာ ၂ ဒသမ ၃ သန်း၏ ၅၅ ရာခိုင်နှုန်းခန့်ကို ပေးချေပြီး ဖြစ်ကြောင်း မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းလုပ်ငန်းရှင် အသင်းထံမှ သိရသည်။

The Voice Weekly