သုံးနှစ်အတွင်း စက်မှုဇုန်မြေ ဈေးနှုန်း ငါးဆခန့် မြင့်တက်လာ

ပို့စ်တင်ချိန် - 5/27/2014 07:45:00 AM


ရန်ကုန်တိုင်းဒေသကြီးတွင် သုံးနှစ်အတွင်း စက်မှုဇုန်မြေဈေးနှုန်း ငါးဆခန့် မြင့်တက်လျက်ရှိသည်။၂၀၁၁ ခုနှစ်တစ်ဧက ကျပ်သိန်း တစ်ထောင်ခန့် သာရှိ သော်လည်း ယခု ၂၀၁၄ ခုနှစ်တွင် တစ်ဧက ကျပ်သိန်းငါးထောင်ခန့် မြင့်တက်လာကြောင်း လှိုင်သာယာ စက်မှုဇုန်စီမံ ခန့်ခွဲရေး ကော်မတီ ဥက္ကဋ္ဌ ဦးမြတ်သင်းအောင် ကပြောသည်။ အစိုးရကို ဈေးကစားတဲ့သူတွေကို ထိန်းချုပ်ပေးဖို့ တင်ပြတာလည်း ထူးခြားမှုမရှိဘူး ဟု ဒဂုံဆိပ်ကမ်း စက်မှုဇုန် ဥက္ကဋ္ဌ ဦးအေးလွင် က The Messenge သတင်းစာသို့ ပြောသည်။ အခုဆို မြေ၀ယ်ပြီးလုပ်မယ့် လုပ်ငန်းရှင်က မရှိသလောက်ပဲ၊ အငှားနဲ့ပဲ လုပ်ကိုင် နေကျတော့ တယ်။ ရင်းနှီးမြှုပ်နှံမယ့် သူတွေက မြေဈေးနှုန်းကြောင့် အခက်အခဲ တွေဖြစ်နေတယ် ဟု လှိုင်သာယာစက်မှုဇုန် ဥက္ကဋ္ဌ ဦးမြတ်သင်းအောင်က The Mess - enger သတင်းစာသို့ ပြောသည်။
စက်မှုဇုန်မြေဈေးနှုန်း မြင့်တက်လာခြင်းမှာ စီးပွားရေးသမားများ၊ အိမ်၊ ခြံ၊ မြေ အကျိုးဆောင်များမှ ဈေးကစားမှုများကြောင့် တစ်နှစ်ထက် တစ်နှစ်မြင့်တက်လာပြီး၊ ယင်းကဲ့သို့ မြင့်တက်မှုကြောင့် ပြည်တွင်းပြည်ပ စီးပွားရေးလုပ်ငန်းရှင်များမှာ လက်တွန့် နေလျက်ရှိကြောင်း ပို့ကုန် သွင်းကုန် လုပ်ငန်းရှင် တောင်ဒဂုံစက်မှုဇုန် ဥက္ကဋ္ဌ ဦးအေးလွင်က ပြောသည်။ထိုသို့ မြေဈေးများ အဆမတန်မြင့်တက်နေပါက ရင်းနှီးမြှုပ်နှံမှုများ လျော့ကျလာမည့် အပြင် ပြည်သူများအား အလုပ်အကိုင် အခွင့်အလမ်းများ ဆုံးရှုံးပြီး၊ နိုင်ငံတော်ရရှိမည့် အခွန်အခများမှာ နစ်နာလာမည်ဖြစ်ကြောင်း ဦးအေးလွင်က ဆက်ပြောသည်။
နိုင်ငံတော် အစိုးရမှ ၂၀၀၀ ပြည့်နှစ်တွင် စက်မှုလုပ်ငန်းရှင်များအား တစ်ဧကလျှင် (၄၅) သိန်းမှ သိန်း (၉၀) ဖြင့် ရောင်းချပေးပြီး၊ ယခုအခါ တစ်ဧကလျှင် သိန်း(၄၅၀၀) မှ သိန်း (၅၀၀၀) ကျော်ထိရှိနေပြီ ဖြစ်သည်။လက်ရှိ လှိုင်သာယာစက်မှုဇုန်အနီး တစ်ဝိုက်တွင် တစ်ဧကလျှင် အနည်းဆုံး ကျပ်သိန်း(၂၅၀၀) မှ ကျပ်သိန်း(၅၀၀၀) ကျော် ထိရှိပြီး၊ ဒဂုံဆိပ်ကမ်း စက်မှုဇုန် အနီးတစ်ဝိုက်တွင် တစ်ဧကလျှင် ကျပ်သိန်း(၂၀၀၀) မှ အများဆုံး ကျပ်သိန်း(၄၀၀၀) ခန့် ထိရှိသည်။

Messenger News Journal