ခိုက်ရန်ဖြစ်ပွားခဲ့သဖြင့် မန်ယူနည်းပြဟောင်း မိုယက်စ် စုံစမ်းခံရဖွယ်ရှိ

ပို့စ်တင်ချိန် - 5/27/2014 07:56:00 AM


မန်ယူအသင်း နည်းပြဟောင်း ဒေးဗစ်မိုယက်စ်သည် စားသောက်ဆိုင် တစ်ခုတွင် ခိုက်ရန်ဖြစ်ပွားခဲ့ သောကြောင့် စုံစမ်းစစ်ဆေးမှု များနှင့် ရင်ဆိုင်ရဖွယ်ရှိ နေကြောင်း သိရှိရသည်။ မိုယက်စ်သည် လန်ကက်ရှိုင်းယားမြို့ရှိ စားသောက်ဆိုင် တစ်ခုတွင် သူငယ်ချင်းများနှင့် စားသောက်နေစဉ် အတွင်း စော်ကား ပြောဆိုခြင်းများခံခဲ့ရ သဖြင့် ဒေါသထွက်ကာ ကိုယ်ထိ လက်ရောက် တုံ့ပြန်ခဲ့ခြင်း ဖြစ်သည်။ (၅၁) နှစ် အရွယ်ရှိ မိုယက်စ်သည် အသက် (၂၃) နှစ် အရွယ်ရှိ ဂီလီဘရန့်ကို ထိုးကြိတ်မှုများ ပြုလုပ်ခဲ့သည်ဟုသိရသည်။ ဂီလီဘရန့်က မိုယက်စ်ဟာ ကျွန်တော့်ကို ဆွဲပြီး လည်ပင်းကို ညှစ်ခဲ့ပါတယ်။ ကျွန်တော့်ရဲ့ မျက်နှာဟာ ကြမ်းပြင်ပေါ် ကျသွားခဲ့ပါတယ်။ ကျွန်တော် သေတော့မယ် လို့တောင် ခံစားခဲ့ရပါတယ်။ ကျွန်တော့် အနီးအနား မှာလည်း ပုလင်းတွေ၊ စားပွဲခုံတွေ ပျံဝဲနေခဲ့ပါတယ် ဟု ပြောကြားသွားခဲ့သည်။

မိုယက်စ်သည် ၎င်း၏ သူငယ်ချင်းများနှင့် အတူ ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့ ည(၁၀) နာရီဝန်းကျင်တွင် သောက်စားမှုပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ ထိုအချိန်တွင် ဂီလီဘရန့်က မိုယက်စ်ကို စော်ကားသည့် အသုံးအနှုန်း များဖြင့် ပြောကြားခဲ့ခြင်းကြောင့် ခိုက်ရန်ဖြစ်ပွားမှု စတင်ခဲ့ခြင်း ဖြစ်သည်။ မျက်မြင် သက်သေများ၏ အဆိုအရ မိုယက်စ်သည် စားပွဲဝိုင်းမှ ထွက်ခွာသွားပြီးသည့် နောက်ပြန်လှည့်လာပြီး တိုက်ခိုက်မှုပြုလုပ် ခဲ့ခြင်း ဖြစ်သည် ဟုသိရသည်။ ရဲတပ်ဖွဲ့ ကလည်း အဆိုပါ ဖြစ်ရပ်နှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည်ဟု အတည်ပြု ပြောကြားခဲ့သည်။ လန်ကက်ရှိုင်းယား ရဲတပ်ဖွဲ့ တာဝန်ရှိသူ တစ်ဦးက ခိုက်ရန်ဖြစ်ပွားမှု ရှိခဲ့ပါတယ်။ ဒီကိစ္စကို စုံစမ်းမှုတွေ ဆက်လက် ပြုလုပ်နေဆဲ ဖြစ်ပါတယ်။ဘယ်သူ့ကိုမှ ဖမ်းဆီးထားခြင်း မရှိပါဘူး ဟု ဆိုခဲ့သည်။ မိုယက်စ်သည် မန်ယူအသင်းမှ ထုတ်ပယ်ခံရရာတွင် လျော်ကြေးငွေ ပေါင် (၄ ဒသမ ၅) သန်း ရရှိခဲ့သည်။

messenger news journal