တေလာဆွစ်ဖ်၏ ထိုင်းနိုင်ငံတွင် ကျင်းပမည့် ဖျော်ဖြေပွဲ ဖျက်သိမ်း

ပို့စ်တင်ချိန် - 5/27/2014 07:04:00 PM



နိုင်ငံရေး အခြေအနေများအရ ထိုင်းနိုင်ငံတွင် ပြုလုပ်မည့် ဖျော်ဖြေပွဲကို ဖျက်သိမ်းရန် ဆုံးဖြတ်လိုက်ကြောင်း တေလာဆွစ်ဖ်က အတည်ပြု ကြေညာခဲ့သည်။ ထိုင်းနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းပြီးနောက် အတိုက်အခံ ဆန္ဒပြသူများနှင့် ပဋိပက္ခများ ဖြစ်ပေါ်နေရာ ယင်းအခြေအနေအရ ဖျော်ဖြေပွဲကို ကျင်းပရန် မဖြစ်နိုင်တော့ဟု တေလာ၏ ကိုယ်စားလှယ်များက ဆုံးဖြတ်ခဲ့သည်။ အစောပိုင်းက Country ဂီတစတားအမေရိကန် အဆိုတော်မလေး၏ ဖျော်ဖြေပွဲကို ဇွန်လ(၉)ရက်နေ့၌ Impact အားကစားကွင်းကြီး၌ ကျင်းပရန် စီစဉ်ထားခဲ့သည်။ သို့သော်လည်း လက်ရှိ ထိုင်းနိုင်ငံ၏ အခြေအနေများကြောင့် တေလာ၏ ဖျော်ဖြေပွဲ၌ လုံခြုံရေး အခြေအနေကို BEC-Tero Entertainment ကုမ္ပဏီ အနေဖြင့် အာမခံချက် မပေးနိုင်တော့ချေ။

“ထိုင်းနိုင်ငံက ပရိသတ်တွေအတွက် ရည်စူးပြီး ကျွန်မရဲ့ အချစ်တွေကို ပို့ဆောင်ပေးလိုက်ပါတယ်။ ဖျော်ဖြေပွဲ ဖျက်သိမ်းလိုက်ရတဲ့ အတွက်တော့ ကျွန်မ အရမ်းပဲ စိတ်မကောင်း ဖြစ်မိတယ်”ဟု တေလာက Twitterတွင် ရေးသားခဲ့သည်။ အဆိုပါ ဖျော်ဖြေပွဲသည် လက်မှတ်အားလုံး ရောင်းကုန်သည်အထိ ကြိုတင်အားပေးမှုများ ရရှိထားကြောင်းလည်း သိရှိရသည်။ ပွဲစီစဉ်သူများက လက်မှတ်ကြိုတင် ဝယ်ယူထားသူများကို မေလ(၂၉)ရက်နေ့မှ ဇွန်လ (၃၀)ရက် အတောအတွင်း ငွေပြန်အမ်းသွားမည်ဟု ကြေညာခဲ့သည်။

Planet Myanmar Network