၂၀၁၅ ရွေးကောက်ပွဲသည် လွတ်လပ်တရားမျှတမှုမရှိနိုင်ဟု အများပြည်သူ ကျယ်ကျယ်ပြန့်ပြန့်ဝေဖန်နေချိန် ရွေးကောက်ပွဲကော်မရှင်က လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား သတိပေးစာပေးပို့

ပို့စ်တင်ချိန် - 5/27/2014 12:42:00 PM

မေ ၁၈ ရက်က မန္တလေးမြို့တွင် ဒေါ်အောင်ဆန်းစုကြည် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ဟောပြောစဉ်

၂၀၁၅ ရွေးကောက်ပွဲသည် လွတ်လပ်တရားမျှတမှုမရှိနိုင်ဟု အများပြည်သူ ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်နေချိန်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ဟောပြောမှုနှင့်ပတ်သက်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား မေ ၂၂ ရက်စွဲဖြင့် သတိပေးစာတစ်စောင် ပေးပို့ခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတို့ မန္တလေးမြို့၌ ၂၀၁၄ ခုနှစ် မေ ၁၈ ရက်က ပူးပေါင်းလုပ်ဆောင်ခဲ့သည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးဟောပြောပွဲတွင် ဒေါ်အောင်ဆန်းစုကြည်၏ ပြောကြားချက်များသည် ဖွဲ့စည်းပုံအခြေခံဥပဒေက ခွင့်ပြုထားသည်ကို ကျော်လွန်နေကြောင်း သတိပေးခဲ့ခြင်းဖြစ်သည်။

အဆိုပါသတိပေးအကြောင်းကြားစာနှင့်ပတ်သက်၍ မှတ်ချက်တစ်စုံတစ်ရာပြောကြားပေးရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းနှင့် အခြားတာဝန်ရှိသူများထံ ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်မှုမရရှိခဲ့ဘဲ ဆက်သွယ်မှုရရှိခဲ့သည့် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်အချို့မှာလည်း အဆိုပါကိစ္စရပ်အားမသိရှိကြောင်း ပြန်လည်ဖြေကြားသည်။

လက်ရှိတွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည် ဒီမိုကရေစီစံနှုန်းများနှင့် ကိုက်ညီမှုမရှိခြင်း၊ ဖက်ဒရယ်ပြည်ထောင်စုစနစ်ကို ဖော်ဆောင်ရာတွင် လိုအပ်မှုရှိနေခြင်း၊ အရေးကြီးသောပုဒ်မများကို ပြင်ဆင်နိုင်ရန် ခက်ခဲလွန်းခြင်း စသည့်အချက်များကြောင့် ၂၀၁၅ ရွေးကောက်ပွဲသည် လွတ်လပ်တရားမျှတသော ရွေးကောက်ပွဲမဖြစ်နိုင်ဟု ပြည်သူများက ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်မှုများရှိနေပြီး နိုင်ငံရေးပါတီများ၊ အရပ်ဘက်လူ့အဖွဲ့အစည်းများ၊ ပြည်သူများက ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရန် ဆန္ဒဖော်ထုတ်မှုများ ဆက်တိုက်ပြုလုပ်လျက်ရှိသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြည်သူလူထု နားလည်သဘောပေါက်အောင် ရှင်းလင်းဆွေးနွေးပွဲများ ပြုလုပ်မှုသည် ရည်ရွယ်ချက်ကောင်းဖြစ်ကြောင်း၊ သို့ရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြည်ထောင်စုလွှတ်တော်က ဥပဒေနှင့်အညီ ပြင်ဆင်ခြင်းမပြုနိုင်သေးမီ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ လွှတ်တော်တွင်းပါဝင်နေသော တပ်မတော်သား ကိုယ်စားလှယ်များကို "......ကျွန်ုပ်တို့တွေဟာ အာဏာမက်မောလို့၊ အထူးအခွင့်အရေး မက်မောလို့၊ နေရာမက်မောလို့ လုပ်နေတာမဟုတ်ဘူးဆိုတာကို သက်သေထူလိုက်ပါလို့ ကျွန်မကတိုက်တွန်းချင်ပါတယ်။ တိုက်တွန်းတယ်ဆိုတဲ့စကားဟာ တစ်နည်းအားဖြင့်ပြောရရင် စိန်ခေါ်မှုလို့လဲပြောလို့ရပါတယ်။ ကျွန်မစိန်ခေါ်ပါတယ်...." စသည်ဖြင့် ဒေါ်အောင်ဆန်းစုကြည်၏ပြောဆိုမှုများသည် အခြေခံဥပဒေက ခွင့်ပြုထားသည့်ဘောင်ကို ကျော်လွန်ရာရောက်ကြောင်း သတိပေးစာတွင် ဖော်ပြထားသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ကော်မရှင်ဥပဒေပုဒ်မ ၁၀(ဌ)အရ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေနှင့်အညီ နိုင်ငံရေးပါတီများကို မှတ်ပုံတင်ခြင်း၊ ကြီးကြပ်ခြင်းနှင့် ကြီးကြပ်စေခြင်းတို့ပြုရန် တာဝန်ရှိကြောင်း၊ နိုင်ငံရေးပါတီသို့မဟုတ် ပါတီဝင်တစ်ဦးက မိမိဝန်ခံထားသည့်အတိုင်း ပါတီဥပဒေ ပုဒ်မ ၆ ကိုစောင့်ထိန်းလိုက်နာရန် ပျက်ကွက်ခြင်း၊ ပုဒ်မ ၂၄ (က)အရ တည်ဆဲဥပဒေပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကို လိုက်နာရန် ပျက်ကွက်ခြင်းတို့ကိုတွေ့ရှိရပါက ကော်မရှင်က လိုအပ်သည်များကို လိုက်နာဆောင်ရွက်ရန် ညွှန်ကြားနိုင်ကြောင်း ပြဋ္ဌာန်းထားသဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ရှင်းလင်းဆွေးနွေးပွဲများ ပြုလုပ်ရာတွင် ပါတီအနေဖြင့်ဖြစ်စေ ပါတီဝင်တစ်ဦးချင်းအနေဖြင့်ဖြစ်စေ မိမိတို့ ၀န်ခံလက်မှတ်ရေးထိုးထားသည့် သို့မဟုတ် ကတိသစ္စာပြုထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေကို လေးစားလိုက်နာရန် တာဝန်နှင့် တည်ဆဲဥပဒေများနှင့်အညီ ဆွေးနွေးဟောပြောမှုများဖြစ်စေရန် တာဝန်တို့ကို သတိပြုဆောင်ရွက်ကြရန် အသိပေးကြောင်းကိုလည်း ဖော်ပြထားသည်။

အဆိုပါသတိပေးအကြောင်းကြားစာ၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီသည် ၂၀၁၁ ခုနှစ်၌ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ နိုင်ငံရေးပါတီတည်ထောင်လိုကြောင်း လျှောက်ထားသူ ၂၁ ဦးအနက် တစ်ဦးအပါအ၀င်ဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၃(က) အရ ပုံစံ(က)ဖြင့် ကိုယ်တိုင်လက်မှတ်ရေးထိုး လျှောက်ထားသည့် လျှောက်လွှာတွင် ဥပဒေပုဒ်မ ၆ ပါ ပြဋ္ဌာန်းချက်များကို စောင့်ထိန်းလိုက်နာမည်ဖြစ်ကြောင်း ၀န်ခံလက်မှတ်ရေးထိုးထားသည့်အပြင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်သည်နှင့်အညီ လွှတ်တော်ဥက္ကဋ္ဌ၏ ရှေ့မှောက်၌ဖွဲ့စည်းပုံအခြေခံဥပဒေ ဇယား (၄) ပါအတိုင်း ကတိသစ္စာပြုထားသူလည်းဖြစ်ကြောင်း ဖော်ပြပါရှိသည်။

ထို့အပြင် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အခန်း ၁၂၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ခြင်းအခန်းတွင် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်တစ်ရပ်ကို ပြင်ဆင်လိုပါက လိုက်နာဆောင်ရွက်ရမည့် ပြဋ္ဌာန်းချက်များကို ပုဒ်မ ၄၃၃ မှ ၄၃၆ အထိ ပြဋ္ဌာန်းထားကြောင်း၊ ပုဒ်မ ၄၃၄ တွင် "ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်ရန် ဥပဒေမူကြမ်းကို ပြည်ထောင်စုလွှတ်တော်တွင် တင်သွင်းရမည်" ဟု အတိအလင်း ပြဋ္ဌာန်းထားကြောင်း၊ ယခုအခါလွှတ်တော်တွင်းမှ ဥပဒေနှင့်အညီ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်နိုင်ရန် ဆောင်ရွက်နေသည်ကို တွေ့ရှိရကြောင်း ကော်မရှင်၏ သတိပေးအကြောင်းကြားစာ၌ ပါဝင်သည်။

"နောက်ပိုင်းလှုပ်ရှားမှုတွေ သိသာလာတယ်။ သူတို့ပေးတဲ့စာမှာ ဒေါ်အောင်ဆန်းစုကြည်ပြောတာကို ကိုးကားထားတယ်။ အဲဒီတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေက ကျွန်တော်တို့က လွတ်လပ်စွာပြောဆိုခွင့်ရှိတယ်။ သူရေးထားတဲ့စာကိုက မကွဲပြားဘူး။ မကွဲပြားဘူးဆိုတာ ဥပဒေနဲ့ ငြိစွန်းတယ်လို့ ဖော်ပြထားတယ်။ ဘယ်အချက်က ငြိစွန်းနေတယ်ဆိုတာ ကျွန်တော်တို့ သေချာမတွေ့ရဘူး။ သေချာတာတစ်ခုကတော့ ဘက်ပေါင်းစုံကနေ ထိန်းချုပ်ဖို့ ကြိုးစားလာတာ တွေ့ရတယ်။ ၂၀၁၅ ရွေးကောက်ပွဲက လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်မှာမဟုတ်ဘူးဆိုတဲ့ ပြောဆိုချက်တွေလည်း ကြားနေရတယ်။ မလုပ်နိုင်ဘူးထင်တယ်။ တရားမျှတမှုမရှိဘူးဆိုတာတော့ ကျွန်တော်တို့ ကြိုပြောလို့ရနေပြီ" ဟု မြန်မာနိုင်ငံ လွတ်လပ်၍ တရားမျှတသောရွေးကောက်ပွဲစောင့်ကြည့်ရေးကွန်ရက်မှ ဦးမျိုးရန်နောင်သိမ်းက သုံးသပ်ပြောကြားသည်။

ယခုကဲ့သို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ဒေါ်အောင်ဆန်းစုကြည်ထံသို့ ပေးပို့သည့်စာသည် လမ်းကြောင်းလွဲချော်နေပြီး မှားယွင်းသည့်အဓိပ္ပာယ်တစ်ခုဖြစ်စေကာ အမျိုးသားပြန်လည်သင့်မြတ်ရေး တည်ဆောက်နေသည့်ကာလ၊ ဒီမိုကရေစီကျင့်စဉ်များ ကျင့်ကြံနေသည့်ကာလတွင် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ဒီမိုကရေစီလုပ်ငန်းစဉ်များကို ကျင့်သုံးနေသူများအား စိတ်အနှောင့်အယှက်ဖြစ်စေကြောင်း ၈၈ မျိုး ဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးဂျင်မီက ပြောကြားသည်။

"ကျွန်တော်တို့က ခွင့်ပြုချက်ယူပြီးလုပ်တဲ့ကိစ္စတွေကြီးပဲ။ နောက်ပြီးတော့ ဒါက ဒီမိုကရေစီကျင့်စဉ်တစ်ခုကို ကျွန်တော်တို့ ကျင့်သုံးနေတာ ဒီမိုကရေစီဘောင်ထဲကသွားနေတယ်။ နောက်တစ်ခုက သူတို့မျက်ခြည် ပြတ်နေတာတစ်ခုကို ပြောချင်တယ်။ အဲဒါဘာလဲဆိုတော့ ကျွန်တော်တို့ရဲ့ ပူးတွဲကြေညာချက်နှစ်စောင်လုံးမှာ အမျိုးသားပြန်လည်သင့်မြတ်ရေးကို မျက်ခြည်မပြတ်စေဘဲ တရားဥပဒေစိုးမိုးမှုကို မျက်ခြည်မပြတ်စေဘဲဆိုတာကို ကျွန်တော်တို့ပါပြီးသားဖြစ်တယ်။ အဲဒါကို ရွေးကောက်ပွဲကော်မရှင်အနေနဲ့ လစ်လျူရှုထားတယ်လို့မြင်တယ်။ နောက်တစ်ခုက ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အာဏာကိုမမက်ဘူး ဆိုတာနဲ့ပတ်သက်ပြီးတော့ သူပြောခွင့်ရှိတာပေါ့။ အာဏာကို မမက်ဘဲနဲ့ တိုင်းပြည်အကျိုးကိုကြည့်ဖို့ကိစ္စက သူစိန်ခေါ်ခွင့်ရှိတာပေါ့။ ဘယ်သူက အာဏာမမက်ဘူးလဲ။ ဘယ်သူက အာဏာမက်လဲ စိန်ခေါ်ခွင့်ရှိတာပေါ့။ အဲဒါကိုလည်း လိုသလို အဓိပ္ပာယ်ကောက်ထားတယ်လို့ မြင်တယ်" ဟု ဦးဂျင်မီက ပြောကြားသည်။

Eleven Media Group