ကျောင်းအုပ်ကို ကိုယ်ထိလက်ရောက် ကျူးလွန်သည်ဟုဆိုကာ အထက်တန်းပြ ကာယဆရာတစ်ဦး ကျောင်းပြောင်းခံရ

ပို့စ်တင်ချိန် - 5/27/2014 06:58:00 AM


ကျိုင်းတုံ၊ မေ ၂၅

ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံမြို့ အမှတ် (၂) အခြေခံပညာ အထက်တန်းကျောင်းရှိ အထက်တန်းပြ ကာယဆရာတစ်ဦးက ကျောင်းအုပ်ဆရာကြီးကို ကိုယ်ထိလက်ရောက် ကျူးလွန်သည်ဟု ဆိုကာ ယင်းကာယဆရာကို ကျောင်း ပြောင်းရွှေ့ခဲ့ကြောင်း ယင်းမြို့နယ် ပညာရေး အသိုင်းအဝိုင်းနှင့် ကာယကံရှင် မိသားစုဝင်များထံမှ သိရှိရသည်။

အမှတ် (၂) အခြေခံပညာ အထက်တန်းကျောင်းမှ အထက်တန်းပြ ကာယဆရာ ဦးနေဝင်းမှာ ၎င်း၏ ကျောင်းအုပ်ကြီးအား တာဝန်ချိန်တွင် ကိုယ်ထိလက်ရောက် ကျူးလွန်သည်ဟုဆိုကာ အမှတ် (၂) အခြေခံပညာ ဦးစီးဌာန စီမံခန့်ခွဲရေး ကော်မတီအစည်းအဝေး ၃/၂၀၁၄ သဘောတူ ဆုံးဖြတ်ချက်အရ ၂၀၁၄ ခုနှစ် ဧပြီလ ၉ ရက်ပါ စာအမှတ် ဌာနခွဲ ၂-က/၄၃၈၁/ထက် (ကာယ) ပရ/၁၄ ဖြင့် ရှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းတုံမြို့နယ် ပုံပါကျင် အခြေခံပညာ အထက်တန်းကျောင်းသို့ ပြောင်းရွှေ့ခံထားရကြောင်း ဦးနေဝင်းက ပြောကြားသည်။

“ဆရာ့အနေနဲ့ ကျောင်းအုပ်ကြီးကို ကိုယ်ထိလက်ရောက် စော်ကားခဲ့တာ လုံးဝမရှိခဲ့ပါဘူး။ ကျောင်းစုဝေးသဘင် မတက်တာနဲ့ ပတ်သက်ပြီး ရုံးခန်းထဲမှာ တစ်ယောက်တစ်ခွန်း စကားအချေအတင် များတာတော့ ရှိတယ်။ ကိုယ်တိုင်က ကိုယ်ထိလက်ရောက် စော်ကားခဲ့တာ မရှိဘဲနဲ့ ကျောင်းပြောင်းရွှေ့ ခံခဲ့ရတယ်။ စစ်ဆေးရေးအဖွဲ့ လာတော့လည်း ဆရာ့ကို စစ်မေးတာမျိုး မလုပ်ဘူး။ ဒါကြောင့် တစ်ဖက်သတ် စွပ်စွဲခံရပြီး နစ်နာလို့ ဖြစ်စဉ်အမှန်ကို ပြန်စစ်ဆေး ပေးနိုင်အောင် နိုင်ငံတော်သမ္မတကြီးဆီ ဒီလ ၁၆ ရက်နေ့က တင်ပြထားတယ်” ဟု ၎င်းကဆိုသည်။

၂၀၁၃ ခုနှစ်၊ သြဂုတ်လ ၂ ရက်နေ့တွင် ကျောင်းရုံးခန်း အတွင်း၌ ကာယဆရာ ဦးနေဝင်းကို ကျောင်းစည်းကမ်းနှင့် ပတ်သက်၍ လိုက်နာရန် ပြောကြားနေစဉ် အဆိုပါ ကာယဆရာက ယင်းအား မချေမငံ ပြောဆို ဆက်ဆံခြင်းသာ ရှိခဲ့ကြောင်း တိုင်ကြားစာ ရေးသားရာ၌လည်း ကိုယ်ထိ လက်ရောက် စော်ကားသည်ဟု မရေးသားခဲ့ကြောင်း၊ ပြည်နယ် ပညာရေးမှူး လာရောက် စစ်ဆေးရာတွင် မျက်မြင် သက်သေများကိုသာ စစ်မေးပြီး ယင်းတို့ နှစ်ဦးကို စစ်မေးခြင်း မရှိကြောင်း တိုင်တန်းခဲ့သူ အမှတ် (၂) အခြေခံပညာ အထက်တန်းကျောင်း ကျောင်းအုပ် ဦးခင်မောင်သန်းက ပြောကြားသည်။

“အခုဖြစ်စဉ်က ကြာတောင် ကြာနေပြီ။ အဲဒီဆရာက ကျောင်းအုပ်ကြီးကို ပြန်ပြီးတောင်းပန်လို့ ပြီးသွားပြီ ထင်နေတာ။ ပြည်နယ် ပညာရေးမှူးလာ စစ်တော့လည်း မချေမငံ ပြောဆိုတာကိုပဲ ကြားလို့ စာရွက်ပေါ်မှာ ကြားတဲ့အတိုင်း ရေးပေးလိုက်တယ်။ မေးတဲ့ အထဲမှာတော့ ကိုယ်ထိလက်ရောက် ကျူးလွန်တယ်ဆိုတဲ့ မေးခွန်းမပါဘူး” ဟု မျက်မြင် သက်သေအဖြစ် ထွက်ဆိုခဲ့သူ အထက်တန်းပြ ဆရာမ ဒေါ်နန်းကိန်ဟွမ်က ဆိုသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ပြည်နယ် ပညာရေးမှူးထံသို့ သွားရောက် မေးမြန်းရာတွင် လက်ရှိ ပညာရေးမှူးသည် နေပြည်တော် အစည်းအဝေးသို့ သွားရောက်နေပြီး ယခင်ပြည်နယ် ပညာရေးမှူးမှာ ၂၀၁၄ ခုနှစ် မတ်လကုန်ပိုင်းက သက်ပြည့်ပင်စင်ဖြင့် အငြိမ်းစား ယူသွားပြီ ဖြစ်ကြောင်း၊ ယင်းဖြစ် စဉ်စစ်ဆေးချက်ကို အခြေခံပညာ ဦးစီးဌာနသို့ တင်ပြရာတွင် ယင်းပြည်နယ် ပညာရေးမှူး၏ မှတ်ချက်သည်သာ အခရာ ဖြစ်ကြောင်း ယင်းမြို့ ပြည်နယ်ပညာရေး ညွှန်ကြားရေးမှူးရုံး (ရုံးခွဲ) တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

အလွတ်တန်း သတင်းထောက် ကာယဆရာသည် ပညာရေး လုပ်သက် နှစ် ၃၀ ကျော်ရှိကာ အမှတ် (၂) အခြေခံပညာ အထက်တန်းကျောင်း၌ ၂၇ နှစ်ကြာ တာဝန် ထမ်းဆောင်နေစဉ်အတွင်း မြန်မာ့ လက်ရွေးစင် ဘောလုံးသမားများနှင့် ဘော်လီဘော သမားများကို မွေးထုတ်နိုင်ခဲ့ကြောင်း၊ ယခင် ပြည်နယ်ပညာရေးမှူး လက်ထက်တွင် တက္ကသိုလ်ဝင်တန်း အတန်းတင် စာမေးပွဲ၌ ကျောင်းသား၊ ကျောင်းသူများကို အနွေးထည် ဝတ်ခွင့် မပြုသည့်သတင်း၊ မူလတန်းနှင့် အလယ်တန်း ကျောင်းသား၊ ကျောင်းသူများကို စာမေးပွဲ မစစ်ဆေးသည့် သတင်း၊ ဆရာ၊ ဆရာမများ ငွေကြေး ကောက်ခံနေသည့် သတင်းများကို ပုဂ္ဂလိက ဂျာနယ်တွင် ရေးသား ပါရှိခဲ့သဖြင့် ယင်းပြည်နယ် ပညာရေးမှူး၏ ခေါ်ယူမေးမြန်းခြင်းကို ခံခဲ့ရကြောင်း ယင်းမြို့နယ် ပညာရေး အသိုင်းအဝိုင်းနှင့် ကာယကံရှင် မိသားစုတို့၏ ပြောကြားချက်အရ သိရသည်။

The Voice Weekly