ထိုင်းမယ်စကြ၀ဠာအလှမယ်နဲ့ နှိုင်းယှဉ်ချီးကျူးခံရတဲ့ မေမြတ်နိုး

ပို့စ်တင်ချိန် - 5/27/2014 08:30:00 PM


 Miss Universe ပြိုင်ပွဲသို့ စေလွှတ်ရန် ရွေးချယ်ထားသော ထိုင်းအလှမယ်ကို မနှစ်သက်သော  ထိုင်းပရိသတ်များက မြန်မာအလှမယ် မေမြတ်နိုး၏ လှပမှုနှင့် နှိုင်းယှဉ်ကာ အွန်လိုင်းစာမျက်နှာများတွင် ဝေဖန်လျက်ရှိသည်။

ကိုရီးယားနိုင်ငံတွင် ပြုလုပ် နေသည့် Miss Asia Pacific World အလှမယ်ပြိုင်ပွဲ၌ မြန်မာ နိုင်ငံကိုယ်စားပြု ၀င်ရောက်ယှဉ်ပြိုင်လျက်ရှိသော မေမြတ်နိုးကို လှပပြီး ခန္ဓာကိုယ်ကြော့ရှင်းသဖြင့် အံ့သြမိကြောင်း၊ ယခုယှဉ်ပြိုင်နေသော ပွဲထက် Miss Universe ပွဲတွင် ယှဉ်ပြိုင်ရန် အရည်အချင်းပြည့်မီကြောင်း ထိုင်းပရိသတ်များက  လူမှုကွန်ရက်များတွင်  မှတ်ချက်ပေးကာ   ချီးကျူး ပြောဆိုကြသည်။

‘‘ကျွန်တော့်အမြင် ဒီနှစ်မြန်မာမယ်ကတော့ ခင်ဝင့်ဝါပြီးရင် အားအပေးဆုံးလို့ ထင်ရတယ်။ တော်တော်များများလည်း နှစ်သက်ကြတယ်။ ကျွန်တော်အပါအ၀င်ပေါ့။ မေမြတ်နိုးက သင်ယူရတာလွယ်ပြီး ထက်မြက်တဲ့ပုံစံ ပေါက်တယ်။ သူ့ရဲ့ အားသာချက်က အပြုံးပဲ။ ကျွန်တော် သူ့ရဲ့အပြုံးကို ပိုနှစ်သက်မိတယ်။ ထိုင်းမှာကျတော့ မေမြတ်နိုးရဲ့ Body ကို ပိုကြိုက်တယ်။ နိုင်ငံတကာ မီတယ်။ ထူးဆန်းတာက ထိုင်းတွေက အသားအရေကိုလည်း ကြိုက်နှစ်သက်တယ်ဆိုပဲ’’ ဟု ထိုင်းနိုင်ငံတွင် ထိုင်းဘာသာစကား လေ့လာသင်ယူနေသော ကိုငွေတိုးက ပြောသည်။

ပြိုင်ပွဲကာလ ခုနစ်ရက် မြောက်နေ့အချိန်ထိ ပြိုင်ပွဲဝင်အလှမယ် ၅၁ ဦးအနက် ဖိလစ်ပိုင်၊ အိန္ဒိယအလှမယ်များနှင့်အပြိုင် မြန်မာအလှမယ် မေမြတ်နိုးက သရဖူဆောင်းရန် ရေပန်းစားလျက်ရှိပြီး မြန်မာပရိသတ်များကလည်း မေမြတ်နိုး သရဖူရလိမ့်မည်ဟု မျှော်လင့်နေကြကြောင်း သိရသည်။ ထို့အပြင် အွန်လိုင်းမဲပေးရာတွင်လည်း မေမြတ်နိုးက ပထမနေရာ၌ ရပ်တည်နေဆဲဖြစ်သည်။ နောက်ဆုံးဖိုင်နယ်ပွဲကို မေလ၃၁ ရက်တွင် တောင်ကိုရီးယား နိုင်ငံ ဆိုးလ်မြို့ရှိ Hilton ဟိုတယ်၌ ပြုလုပ်မည်ဖြစ်သည်။

7day