မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ ဆက်သွယ်ရေးဝန်ဆောင်မှုစင်တာများ ဆက်လက်ပေါ်ပေါက်လာဖွယ်ရှိ

ပို့စ်တင်ချိန် - 5/27/2014 07:00:00 AM


မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် ၎င်းတို့၏ ဝန်ဆောင်မှုကို အသုံးပြုသူများအတွက် အခက်အခဲများ ပြန်လည်ဖြေရှင်းပေးရန် ဆက်သွယ်ရေးဝန်ဆောင်မှုစင်တာများ ဆက်လက်ဖွင့်လှစ်သွားရန် အစီအစဉ်ရှိသည်ဟု သိရသည်။

ယခုတစ်ပတ်အတွင်း မန္တလေးမြို့၌ တိုင်းဒေသကြီးအစီအစဉ်ဖြင့် ဆက်သွယ်ရေး ဝန်ဆောင်မှုစင်တာတစ်ခုကို ဖွင့်လှစ်ခဲ့ကြောင်း၊ ရန်ကုန်မြို့၌လည်း မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း၏ မိုဘိုင်းဖုန်းလိုင်းများနှင့် ပတ်သက်၍ ဝန်ဆောင်မှုစင်တာကို ကြေးနန်းရုံးအတွင်းဖွင့် လှစ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

“မန္တလေးမှာဖွင့်တဲ့ စင်တာကတော့ ဝန်ဆောင်မှုပေးနေတဲ့ အင်တာနက်လိုင်းတွေ၊ ဖုန်းလိုင်းတွေ အကုန်လုံးနဲ့ပတ်သက်ပြီး စုံစမ်းလို့လည်းရတယ်၊ တိုင်ကြားလို့လည်းရတယ်။ ရန်ကုန်မှာ ဖွင့်ထားတာကတော့ MEC ဖုန်းလိုင်းအတွက် သီးသန့်လိုပဲဖြစ်နေတယ်” ဟု သတင်းအချက်အလက်နှင့် နည်းပညာဌာနမှ အင်ဂျင်နီယာချုပ် ဦးမျိုးဆွေကပြောသည်။

လက်ရှိအချိန်၌ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် ဂျပန်အခြေစိုက် ဆက်သွယ်ရေး အော်ပရေတာတစ်ခုနှင့် လုပ်ငန်းပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးလျှက်ရှိပြီး ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းများစတင်သည့်အခါ ယခုကဲ့သို့ Customer Care Center (ဝန်ဆောင်မှုစင်တာ) များကို Plan ရေးဆွဲ၍ ဦးစားပေး ဆောင်ရွက်သွားရန်ရှိသည်ဟု သိရသည်။

မြန်မာ့ဆက်သွယ်ရေး၏ မိုဘိုင်းဖုန်းဝန်ဆောင်မှုကို အသုံးပြုသူများသည် ပျောက်ဆုံးခြင်း၊ ပျက်စီးခြင်းများနှင့် ပတ်သက်၍ အခြေစိုက်ရုံးများဆီသို့သွားရောက် ဆက်သွယ်ကြသော်လည်း အများအားဖြင့် အဆင်မပြေမှုများနှင့် ကြုံတွေ့နေကြောင်း ယခုကဲ့သို့ သီးခြားဝန်ဆောင်မှု စင်တာများကို တိုးချဲ့ဖွင့်လှစ်နိုင်ပါက အသုံးပြုသူများ၏ ယုံကြည်မှုကို ပိုမိုရရှိလာမည်ဖြစ်ကြောင်း မိုဘိုင်းဖုန်း အကျိုးဆောင်အဖြစ် လုပ်ကိုင်ခဲ့ဖူးသူတစ်ဦးက ပြောသည်။

အလားတူ အင်တာနက်လိုင်းများ ပြတ်တောက်ခြင်း၊ အင်တာနက်လိုင်းများနှင့် ပတ်သက်၍ စုံစမ်းလိုခြင်းများ ရှိခဲ့ပါကလည်း တစ်နေရာတည်းနှင့် ဖြေရှင်းပေးနိုင်သည့် နေရာ၊ ဝန်ဆောင်မှုပေးအပ်နိုင်သည့်နေရာများ ယခင်က မရှိခဲ့ဖူးကြောင်း သိရသည်။

မြင့်ကျော်လှိုင်
Internet Journal