ပြည်တွင်းမိုဘိုင်းဖုန်း အသုံးပြုသူအရေအတွက် ရှစ်သန်းအထိရှိလာ

ပို့စ်တင်ချိန် - 5/27/2014 07:02:00 AM


မြန်မာနိုင်ငံတွင် မိုဘိုင်းဖုန်းအသုံးပြုသူ ရှစ်သန်းအထိရှိလာပြီး ယင်းအနက်မှ မိုဘိုင်းဖုန်းဖြင့် အင်တာနက် အသုံးပြုသူအရေအတွက်သည် လေးသန်းဝန်းကျင် ရှိနေပြီဖြစ်ကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် ဝန်ကြီးဌာနမှ စုံစမ်းသိရသည်။

၂၀၁၀ ခုနှစ်ဝန်းကျင်က မိုဘိုင်းဖုန်းအသုံးပြုသူ စုစုပေါင်းအရေအတွက်၏ ဆယ်ရာခိုင်နှုန်းခန့်သာ အင်တာနက် အသုံးပြုနိုင်ခဲ့သော်လည်း ကျပ်တစ်ထောင့်ငါးရာဟု သတ်မှတ်ထားသည့် မြန်မာ့ဆက်သွယ်ရေး၏ ဆင်းမ်ကတ်များ ဈေးကွက်အတွင်း စတင်ရောက်ရှိပြီးနောက်ပိုင်း မြန်မာနိုင်ငံ၏ မိုဘိုင်းဖုန်းဖြင့် အင်တာနက်သုံးစွဲမှု သိသိသာသာတိုးတက်လာခြင်းဖြစ်ကြောင်း အထက်ပါဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ပြည်တွင်း၌ မိုဘိုင်းဖုန်းအသုံးပြုသူ အရေအတွက်သည် နေ့စဉ်မှန်မှန် တိုးတက်လျက်ရှိပြီး တစ်နိုင်ငံလုံး မိုဘိုင်းဖုန်း အသုံးပြုနေသူအရေအတွက်၏ ထက်ဝက်ကျော်ခန့်ပမာဏသည် အင်တာနက် သုံးစွဲနေသူများဖြစ်သည်ဟု ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးသောင်းတင်က ပြီးခဲ့ရက်အနည်းငယ်က နေပြည်တော်တွင် ပြုလုပ်ခဲ့သည့် အာဆီယံထိပ်သီးအစည်းအဝေးတွင်  ပြည်တွင်းမီဒီယာများသို့ ပြောကြားခဲ့သည်။

“မိုဘိုင်းဖုန်းအသုံးပြုသူနဲ့ အင်တာနက်အသုံးပြုတဲ့နှုန်းက အရမ်းတက်လာတယ်။ နောက်ကနေ တိုးတက်လာတဲ့နှုန်းကို ထောက်ပံ့ပေးဖို့တွေ လိုအပ်ပါတယ်။ လောလောဆယ်တော့ ကျွန်တော်တို့ဘက်က သုံးစွဲသူတွေရဲ့ လိုအပ်ချက်တွေကို ထပ်ပြီးဖြည့်စွက်ပေးဖို့တွေကို လုပ်ပေးမှာပါ” ဟု အထက်ပါတာဝန်ရှိသူကပြောသည်။မိုဘိုင်းဖုန်းဖြင့် အင်တာနက်အသုံးပြုသူ လေးသန်းကျော်တွင် လူမှုကွန်ရက်စာမျက်နှာဖြစ်သည့် Facebook ကို သုံးစွဲသူမှာ အရေအတွက် တစ်သန်းရှိနေပြီဖြစ်သည်။

“အဓိကအချက်က Facebook သုံးစွဲသူများလာလို့ မိုဘိုင်းအင်တာနက် သုံးတဲ့သူများလာတယ်လို့ပဲ ထင်ပါတယ်။ စမတ်ဖုန်းကိုင်နေတဲ့ သူအများစုက သုံးနေကြတာက မိုဘိုင်းဖုန်းနဲ့ အင်တာနက်သုံးတဲ့သူကို ပိုပြီးတိုးတက်လာစေတယ်လို့ ပြောနိုင်ပါတယ်” ဟု ရန်ကုန်မြို့နေ မိုဘိုင်းဖုန်းဖြင့် အင်တာနက်အသုံးပြုသူ လူငယ်တစ်ဦးက ဆိုသည်။

ယခုကဲ့သို့ ပြည်တွင်း၏ မိုဘိုင်းဖုန်းအသုံးပြုသူနှင့် မိုဘိုင်းအင်တာနက်သုံးစွဲသူအရေအတွက် အလျင်အမြန် တိုးတက်လာခြင်းကြောင့် အင်တာနက် ဆက်သွယ်မှုမြန်နှုန်းများ ယခင်ကထက် ပိုမိုဆိုးရွားစွာကျဆင်းလာပြီး မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းကလည်း ယင်းပြဿနာနှင့်ပတ်သက်ပြီး လိုအပ်သည့် ဆက်သွယ်ရေးဆိုင်ရာ တည်ဆောက်မှုများကို ပြုလုပ်ပေးရန် စီစဉ်နေကြောင်း  အထက်ပါ ဝန်ကြီးဌာနမှ စုံစမ်းသိရသည်။

ယခုလက်ရှိအချိန်တွင် ပြည်တွင်း၌ ဂျီအက်စ်ဖုန်း အသုံးပြုသူအရေအတွက်သည် စီဒီအမ်အေဆင်းမ်ကတ် အသုံးပြုသူ အရေအတွက် ထက်ပိုမိုများပြားကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။

ယုဇနကိုကို
Internet Journal