စမတ်ဖုန်း ကင်မရာများကြောင့် အမှတ်တရ ခံစားချက်မျိုး လျော့နည်းလာ

ပို့စ်တင်ချိန် - 5/27/2014 07:14:00 PM





မိုဘိုင်းလ်ဖုန်းများမှ ကင်မရာများကို အသုံးပြုမှု အလွန်များပြားလာခြင်းသည် လူသားများ၏ အမှတ်တရ ခံစားတတ်မှုမျိုးကို သွယ်ဝိုက်သော နည်းလမ်းဖြင့် ဖျက်ဆီးနေခြင်းပင်ဖြစ်ကြောင်း ပညာရှင်တစ်ဦးက သတိပေး ပြောကြားခဲ့သည်။ ယနေ့ခေတ်တွင် လူသားများသည် နေရာတစ်ခု၊ အကြောင်းအရာ တစ်ခုကို တခုပ်တရ မှတ်သားရန်ထက် စမတ်ဖုန်းမှ ကင်မရာကိုဖွင့်ကာ ဓာတ်ပုံရိုက်ယူရန်သာ အဓိကထား အားထုတ်ကြတော့ကြောင်း ယင်းကဏ္ဍကို လေ့လာနေသည့် သုတေသီ တစ်ဦးက ထောက်ပြခဲ့သည်။ မိမိတို့နှင့် ဆက်နွယ်သမျှကို ဓာတ်ပုံရိုက်ယူခြင်း၊ Social Mediaများတွင် ဝေငှခြင်းတို့ကိုသာ အရေးတကြီး လုပ်ဆောင်နေခြင်းသည် လူသားများ၏ ပင်ကို မှတ်ဉာဏ်နှင့် အမှတ်တရ ခံစားတတ်မှုတို့ကို ထိခိုက်စေကြောင်း နယူးဇီလန်နိုင်ငံ၊ ဝယ်လင်တန်ရှိ ဗစ်တိုးရီးယား တက္ကသိုလ်မှ စိတ်ပညာ ပါမောက္ခ မာရီယန်နီဂါရီက ပြောကြားခဲ့သည်။

“ကျွန်မအမြင်မှာတော့ လူတွေဟာ အမှတ်တရ ခံစားရမယ့် အခိုက်အတန့်လေးတွေကိုတောင် လွှင့်ပစ်နေကြပါပြီ။ ထားပါတော့။ တကယ့်ကို လှပတဲ့ နေရာလေးတစ်ခုကို ရောက်တဲ့အခါ သူတို့ဟာ ဓာတ်ပုံပေါင်း ထောင်နဲ့ချီ ရိုက်လိမ့်မယ်။ ပြီးတော့ အဲဒီဓာတ်ပုံတွေကို ချောင်ထိုးထားမှာပဲ။ တစ်ချိန်ချိန်မှာ အဲဒီတုန်းက အခိုက်အတန့်အကြောင်း ပြန်တွေးရင် လူတွေရဲ့ စိတ်ထဲမှာ အမှတ်တရ စွဲကျန်ခဲ့တာ အင်မတန် နည်းသွားပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီနေ့ခေတ်မှာ လူတွေက အမှတ်တရ တစ်ခုခုကို ခံစားမှု နည်းသွားပြီ။ ဓာတ်ပုံရိုက်ပြီး သူငယ်ချင်းတွေကို Tagဖို့က ဦးစားပေး ဖြစ်သွားတယ်လေ”ဟု သူမက ရှင်းပြခဲ့သည်။

ပါမောက္ခ ဂါရီက “ကျွန်မအမြင်မှာတော့ ဒါဟာ လူသားစွမ်းရည်တစ်ရပ် ယုတ်လျော့ခြင်းလို့ ညွှန်ပြနေပါတယ်။ ခုခေတ်ကာလမှာ လူတွေဟာ ကိုယ်တိုင် ခံစားဖို့ထက် အီလက်ထရောနစ် ကိရိယာတွေနဲ့ မှတ်တမ်းတင်ဖို့ပဲ အင်မတန် စိတ်အားထက်သန်နေတတ်တယ်လေ”ဟုလည်း မှတ်ချက်ပြုသွားခဲ့သည်။

Planet Myanmar Network