ပြောင်းဖူးခြံ အတွင်း တစ်ရက်တည်း ဗုံး နှစ်ကြိမ် ပေါက်ကွဲ တောင်သူ (၃) ဦးဒဏ်ရာ ရ

ပို့စ်တင်ချိန် - 5/07/2014 03:02:00 PM


ရှမ်းပြည်နယ်၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ် ၀မ်ဖွီးကျေးရွာအုပ်စု နှင့် စုံလောကျေးရွာအုပ်စု တို့တွင် မေလ (၄) ရက်နေ့ က ပြောင်းဖူးခြံအတွင်း ဗုံးပေါက်ကွဲ မှု (၂)ကြိမ်ဖြစ်ပွားခဲ့သည်။

ဗုံးပေါက်ကွဲ မှုသည် ၀မ်ဖွီးကျေးရွာအုပ်စု၊ ၀မ်ဖွီးကျေးရွာ SSNA (ခွဲထွက်) မိုင်းယွန်း တပ်စခန်း ဟောင်းအနီး ပြောင်းဖူး စိုက်တောင်သူ များက ပြောင်းခြံအတွင်း အလုပ်လုပ်နေစဉ် မေလ(၄)ရက်နေ့ နံနက် (၁၁)နာရီ အချိန်တွင် ဗုံးဟု ခေါ်ဆိုနိုင်သော အလုံးတစ်လုံးကို တွေ့သဖြင့် အိုက်ဂီး အသက်(၁၄)နှစ် အရွယ် ပလောင် တိုင်းရင်းသား တစ်ဦးက ဓါးဖြင့် ခုတ်လိုက်ရာ ပေါက်ကွဲသွားသဖြင့် အိုက်ဂီး မှာ ခြေသလုံးတွင် ဒဏ်ရာ ရရှိခဲ့ပါသည်။ အလားတူစွာ စုံလောကျေးရွာအုပ်စု၊ နမ့်မော်ပျဉ်ကျေးရွာ တွင်လည်း မေလ(၄)ရက်နေ့ ၊ နံနက် (၁၁း၄၀) အချိန်တွင် ပြောင်းဖူးခြံအတွင်း မြေပေါက်နေသော ပလောင်တိုင်းရင်းသူ အေးခမ်း နှင့် အေးဆီ တို့က ဗုံးဟုခေါ်ဆိုနိုင်သော အလုံးတစ်လုံးကို ပေါက်ပြားဖြင့် ပေါက်မိသဖြင့် ပေါက်ကွဲမှုဖြစ်ပွားရာ (၂)ဦးလုံး ဒဏ်ရာရရှိခဲ့ပါသည်။

အဆိုပါ ဒဏ်ရာ ရသူ (၃)ဦး အား မိုင်းကိုင်မြို့နယ်၊ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပြီး ဆေးကုသမျှ များခံ ယူလျှက် ရှိပါသည်။ ဒဏ်ရာရသူ (၃)ဦး စလုံး စိုးရိမ်ဖွယ်အခြေအနေမရှိကြောင်း သိရှိရပါသည်။

MOI Webportal Myanmar